အာဖဂန်နစ္စတန်မှ အမေရိကန်စစ်သည်အားလုံးကို စက်တင်ဘာ ၁၁ ရက်ထက်နောက်မကျဘဲ ပြန်ရုပ်သိမ်းမည်

အာဖဂန်နစ္စတန်မှ အမေရိကန်စစ်သည်အားလုံးကို စက်တင်ဘာ ၁၁ ရက်ထက်နောက်မကျဘဲ ပြန်ရုပ်သိမ်းမည်
Photo - AFP

ဧပြီ ၁၄

စက်တင်ဘာ ၁၁ တိုက်ခိုက်မှု၏ နှစ် ၂၀ ပြည့်မည့် ယခုနှစ် စက်တင်ဘာ ၁၁ ရက်ထက်နောက်မကျဘဲ အာဖဂန်နစ္စတန်နိုင်ငံထဲမှ အမေရိကန်စစ်သည်တပ်ဖွဲ့၀င်အားလုံးကို သမ္မတ ဂျိုးဘိုင်ဒင်က ပြန်လည်ရုပ်သိမ်းစေမည် ဖြစ်ကြောင်း တာ၀န်ရှိသူများက ဧပြီ ၁၃ ရက်တွင် ပြောသည်။

ယင်းသို့ အမေရိကန်တပ်များ ပြန်ရုပ်မှုက အမေရိကန်၏ အရှည်လျားဆုံး စစ်ပွဲကို နောက်ဆုံးတွင် အပြီးသတ်စေမည်ဖြစ်ပြီး တစ်ဘက်တွင်လည်း တာလီဘန်တို့ အောင်ပွဲတစ်ခု ရမည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။

ယခုဆုံးဖြတ်ချက်အရ အမေရိကန်စစ်သည်များကို ပြန်ရုပ်သိမ်းရေးအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် တာလီဘန်အကြား သဘောတူထားသည့် သဘောတူညီချက်ပါ နောက်ဆုံးသတ်မှတ်ရက်ထက် ငါးလ၀န်းကျင် နှောင့်နှေးကြန့်ကြာစေမည် ဖြစ်သည်။

နှစ် ၄၀ နီးပါးကြာ စစ်ပွဲတစ်ခုကြောင့် ထိခိုက်ထားခဲ့သည့် နိုင်ငံတစ်နိုင်ငံကို တည်ငြိမ်မှု ဆောင်ကြဥ်းပေးမည့် သဘောတူညီချက်တစ်ခု ရရှိနိုင်ရေး မျှော်လင့်ရင်း အာဖဂန်နစ္စတန်ဆိုင်ရာ နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပမည်ဆိုပြီး တူရကီက ကြေညာခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။

သို့သော် ထိုညီလာခံကို တာလီဘန်တို့က မတက်ရောက်ဘဲ သပိတ်မှောက်မည်ဟု ပြောခဲ့သည်။

တပ်ဖွဲ့၀င်များ ပြန်ရုပ်မည့်ကိစ္စကို ဧပြီ ၁၄ ရက်တွင် ကြေညာသွားရန်ရှိနေသည့် သမ္မတ ဘိုင်ဒင်သည် အစောပိုင်းတုန်းက အယ်လ်ကိုင်ဒါ သို့မဟုတ် အစ္စလမစ် နိုင်ငံတော် အစွန်းရောက်ခြိမ်းခြောက်မှုတစ်ခုကို တိုက်ခိုက်ရန် လက်ကျန်တပ်ဖွဲ့တစ်စု ဆက်ထားရေး သို့မဟုတ် မြေပြင် အခြေအနေ (သို့) ‌ဖြည်းဖြည်းချင်းရွေ့နေသော ငြိမ်းချမ်းရေးဆွေး‌နွေးမှုများ၏ တိုးတက်မှုအပေါ် အခြေပြုပြီး တပ်ဖွဲ့၀င်များ ရုပ်သိမ်းမှုကို လုပ်ဆောင်ရေးတို့နှင့်ပတ်သက်ပြီး စဥ်းစားသုံးသပ်နေခဲ့သည်။

အဆုံးသတ်တွင် ၎င်းသည် အထက်ပါတို့အနက် မည်သည်ကိုမှ ရွေးချယ်ခြင်း မရှိတော့ဘဲ တပ်ဖွဲ့၀င်အားလုံး အလုံးစုံ ရုပ်သိမ်းရေးကိုသာ ညွှန်ကြားတော့မည်ဖြစ်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly