နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဧပြီ ၂၀၂၁)
(Photos: : AFP - ဧပြီလ (၁၃)ရက် ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် စစ်အာဏာရှင်ကျရှုံးရေးအတွက် တော်လှန်သင်္ကြန်အတာအိုးသပိတ်ဖြင့် ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• သာကေတတွင် လူမဲ့ သင်္ကြန်အတာအိုး အာရုဏ်ဦးသပိတ်ကို နံနက် ၅ နာရီခန့်က ပြုလုပ်ခဲ့သည်။ ထို့ပြင် ဇကောများတွင် "စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ" ဟု ရေးသားကာ လမ်းများပေါ်၌ ထောင်ထားခဲ့သည်။

• တာမွေမြို့နယ်၊ မအူကုန်း (လမ်းကျယ်) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ လူအများသွားလာခွင့် ကန့်သတ်ထားသည့် နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်ရသည့် အကြောင်းအရင်များကို စုံစမ်းနေဆဲဖြစ်ပြီး ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်လည်း မကြာခဏ ဆိုသလို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ၌ မီးလောင်မှုများ ဖြစ်ပွားလျက် ရှိသည်။

• တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံးတွင်လည်း အသွားအလာကန့်သတ်ထားသည့် နံနက် ၃ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးရှေ့တံခါးတချို့ ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

• အင်းစိန်တွင် မဟာသင်္ကြန် အကြိုနေ့တွင် ရေကစားခြင်းမပြုကြဘဲ အတာအိုးများတွင် အကြမ်းဖက်စစ်အုပ်စု အလိုမရှိ ကြောင်း ရေးထိုးကိုင်ဆောင်ကာ မြို့နယ်အတွင်း လှည့်လည်၍ အတာအိုးသပိတ် ပြုလုပ်ခဲ့သည်။

• စမ်းချောင်းတွင်လည်း စစ်အာဏာရှင်စနစ် ပြုတ်ကျရေး အတာအိုးသပိတ် ပြုလုပ်ခဲ့သည်။

• အင်းစိန်မြို့နယ်တွင်းနှင့် ကားမှတ်တိုင်များတွင် တော်လှန်သင်္ကြန်အကြိုနေ့အဖြစ် စစ်အုပ်စုဆန့်ကျင်ရေး အတာအိုးသပိတ် ပြုလုပ်ဆင်နွှဲခဲ့သည်။

• ရန်ကင်းတွင် အာဏာရှင်စနစ် ဆန့်ကျင်မှု ထီးသပိတ် ပြုလုပ်ခဲ့သည်။

• တောင်ဥက္ကလာပတွင်လည်း အတာအိုးများတွင် "စစ်အာဏာရှင် လုံးဝအုပ်ချုပ်၍ မရစေရ" စာသားများ ရေးသားကာ တော်လှန်သင်္ကြန် အကြိုနေ့ ဆင်နွှဲခဲ့သည်။ တောင်ဥက္ကလာပ၊ နန္ဒဝန်စျေးနောက်ခြမ်း သမာဓိလမ်းရှိ အမှတ် (၄) ရပ်ကွက်ရုံးတွင် ဗုံးလန့်မှုဖြစ်ပွားခဲ့ပြီး ၎င်းအနီး ဖြတ်သန်းသွားလာသူများနှင့် ကားများကို စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ ထို့ပြင် အဆိုပါရုံးအနီးရှိ စုပေါင်းရုံးကားမှတ်တိုင်တွင်လည်း လက်နက်ကိုင် အနည်းငယ်ဖြင့် လုံခြုံရေးချထားကာ ကားများ ဖြတ် သန်းခွင့် မပြုတော့ကြောင်း ညနေ ၄ နာရီခန့်က သိရှိရသည်။

• မရမ်းကုန်း၊ ခဝဲခြံ မျက်မမြင်ကျောင်းတွင် အကြမ်းဖက်စစ်အုပ်စုက အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသည်ဟု သိရသည်။ ယမန်နေ့ကလည်း ၎င်းတို့ တပ်စွဲထားသည့် ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း၊ မျက်မမြင်ကျောင်းရှေ့တွင် ရပ်ထားသည့် YBS ကားငါးစီး မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။

• အရှေ့နှင့် မြောက်ဒဂုံတို့တွင် လူ့အခွင့်အရေး ပိတ်ပင်ထားမှုနှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်မှု ကန့်သတ်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် Black Clothes Strike ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

• စမ်းချောင်း၊ မြေနီကုန်းမီးပွိုင့်အနီးရှိ ပဒုမ္မာပန်းခြံအနီးတွင် နေ့လယ် ၁၂ နာရီ ၁၅ ခန့်က ပေါက်ကွဲသံတချို့ ကြားခဲ့ရပြီး မီးပွိုင့်အနီး ပတ်ချာလည်ကိုလည်း လက်နက်ကိုင် အကြမ်းဖက်စစ်တပ်ဘက်က အသွားအလာ ကန့်သတ်၍ လုံခြုံရေးတင်းကြပ်ထားခဲ့သည်။ အဆိုပါ ပေါက်ကွဲသံကို စမ်းချောင်း၊ မင်းလမ်းနှင့် ကျွန်းတောလမ်းဘက်ကပင် ကြားခဲ့ရပြီး ပေါက်ကွဲမှု မဖြစ်ခင်က မိုင်းရှင်းဝတ်စုံ ဝတ်ထားသူတစ်ဦးနှင့် လက်နက်ကိုင်လုံခြုံရေးအများအပြားကိုလည်း ပန်းခြံအနီးတွင် တွေ့ရှိခဲ့သည်။ မြေနီကုန်းတွင် ယနေ့နံနက်ပိုင်းကလည်း လူငယ်အချို့ စုပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်မှု တော်လှန်သပိတ် အဖြစ် မုန့်လုံးရေပေါ်များ ပြုလုပ်ကာ ရပ်ကွက်အတွင်း ဝေငှ၍ မုန့်လုံးသပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက လူငယ်အင်အား ၅၀ ကျော်ခန့်က "ပျော်ရွှင်ခြင်းမဲ့ သင်္ကြန်သပိတ်" အမည်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

• သုဝဏ္ဏတွင်လည်း အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်းကို ပျောက်ကြားသပိတ်များကို လူငယ်များ ဦးဆောင်၍ ပြုလုပ် ဆင်နွှဲခဲ့သည်။

• ရန်ကုန်မြို့၊ မြို့နယ်အချို့တွင် ဆေးမှုတ်ဖျက်ခံထားရသည့် လမ်းဆိုင်းဘုတ်များကို စည်ပင်အဖွဲ့များက လိုက်လံဖြုတ်သိမ်း လျက်ရှိသည်။

• သန်လျင်တံတားတွင် ရန်ကုန်ဘက်မှ အထွက်ကားများအား အကြမ်းဖက်လက်နက်ကိုင် စစ်နှင့် ရဲအင်အားအများအပြားဖြင့် ညနေ ၄ နာရီ ၁၅ မိနစ်ကျော်အချခိန်အထိ စစ်ဆေးလျက် ရှိပြီး တာမွေစျေးအရှေ့တွင်လည်း အင်အား ၁၀၀ ခန့်ဖြင့် ဖြတ်သန်းသွားလာသည့်ကားတိုင်းအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ရှိသည်။ ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့သည့် စမ်းချောင်း၊ ဗားကရာလမ်း တော်လှန်ရေးပန်းခြံအနီးတွင်လည်း ညနေ ၄ နာရီခွဲခန့်က အကြမ်းဖက်စစ်အုပ်စုဘက်က အငအင်အား ၁၅ ဦးခန့်ဖြင့် အတားအဆီးများ ပြုလုပ်ကာ အိမ်စီးကားများအား စစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး

• မြင်းခြံတွင် မြန်မာနွေဦးတန်ခူးအကြို စစ်အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်းအမည်ဖြင့် ပြည်သူအင်အား ၁၀၀ ခန့်က အတာအိုးနှင့် ဇကောများတွင် အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း စာများ ရေးသားကာ မြို့နယ်တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ပုသိမ်ကြီးတွင် ကလေးနှင့် လူငယ်ပိုင်း အင်အား ၅၀ ကျော် ပါဝင်၍ သင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် စစ်အုပ်စု ဆန့်ကျင်ကြောင်း ဆွမ်းကြီးခံသပိတ်ကို ပြုလုပ်ခဲ့သည်။

• မန္တလေးတွင် ယနေ့ နံနက်ပိုင်းက မိုးရွာသွန်းခဲ့သော်လည်း မန်းအင်ဂျင်နီယာ ဆိုင်ကယ်များဖြင့် လှည့်လည်ခြင်း၊ တိုးဂိတ်များတွင် ဆိုင်းဘုတ်ထောင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

• မန္တလေးရှိ သံဃသမဂ္ဂ၊ ဘုရားကြီး ငြိမ်းချမ်းရေး၊ ပညာရေး၊ အထက (၇) ကျောင်းသားဟောင်းနှင့် တက္ကသိုလ်ကျာင်းသား သပိတ်များ စုပေါင်းသပိတ်ကို အတာအိုးများနှင့်အတူ ပြုလုပ်ခဲ့ပြီး နေ့စဉ်ရက်ဆက် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မန္တလေး၊ လေးပြင်လေးရပ် သံဃာတော်များက နွမ်းပါးပြည်သူ ၁၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်များကို ယနေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြသည်။

• မြစ်ငယ်တွင် ဒေသခံအင်အား ၁၀၀ ကျော်က အတာအိုးများကိုင်ဆောင်ကာ စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ကျောက်ဆည်တွင် အကြမ်းဖက်စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အတာအိုးသပိတ် ပြုလုပ်ခဲ့သည်။

• ညောင်ဦး ပုဂံဒေသတွင်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူထုသပိတ် ဆင်နွှဲခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ဖြူး၊ ဇေယျဝတီမြို့တွင် "နွေဦးတော်လှန်ရေး ပြည်သူ့သပိတ်စစ်ကြောင်း" ဖြင့် အတာအိုးတွင် အကြမ်းဖက်စစ်အုပ်စု အလို မရှိကြောင်း စာများကပ်ကာ အတာအိုးသပိတ် ပြုလုပ်ခဲ့သည်။

• ငါန်းဇွန်မြို့နယ်၊ ရေဇင်းအုပ်စုတွင် ဒေသခံပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ပေါင်းတည်တွင် အကြမ်းဖက်စစ်အုပ်စု ကျောထောက်နောက်ခံ တရုတ်နိုင်ငံအား ဆန့်ကျင်သည့်အနေဖြင့် တရုတ်အလံမီးရှို့ခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာတွင် အတာအိုးများတွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း စာများ စိုက်ထူကာ အာရုဏ်၊ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ကသာတွင် ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည့် ဒေသခံအင်အား ၁၀၀ ကျော်က အာရုဏ်ဦး ဆိုင်ကယ်သပိတ်နှင့် လမ်းလျှောက် အတာအိုးသပိတ်များဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း သပိတ်ဆင်နွှဲခဲ့သည်။

• စစ်ကိုင်းတွင် ယမန်နေ့ည ၉ နာရီခန့်က စစ်ကိုင်း အမက (၁၁) မင်းလမ်းကျောင်းမှ CDM ဝင်နေသည့် ဆရာမ ဒေါ်ဋ္ဌေးဋ္ဌေးအား အကြမ်းဖက်လက်နက်ကိုင် စစ်နှင့် ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

• ရေဦးတွင်လည်း စစ်အာဏာရှင် ဆန့်ကျင်သည့် သင်္ကြန်အကြိုနေ့ အတာအိုးသပိတ် ပြုလုပ်ခဲ့သည်။

• ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ် နှစ်ခုရှိ ဒေသခံများ စုပေါင်းကာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ကြောင်း လူထုသပိတ် ဆင်နွှဲခဲ့သည်။

• တမူးမြို့ပေါ်ရပ်ကွက်အချို့တွင် လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုဘက်က ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်အချို့၌ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဒေသခံလူငယ်တစ်ဦးအား ဖမ်းဆီးသွားသည်ဟု သိရသည်။ တမူးမြို့တွင် ကျဆုံးသွားသည့် သူရဲကောင်းများကို အလေးထားသည့် အနေဖြင့် တမူးခရိုင်အတွင်း သင်္ကြန်ဆင်နွှဲခြင်းမပြုရန်နှင့် တမူးမြို့အား ပြန်လည်ရရှိရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Tamu Security Group – TSG က ထုတ်ပြန်ထားသည်။ တမူးတွင် ၄၈ နာရီ မာရှယ်လော ထုတ်ထားပြီး ဧပြီ ၁၂ ရက်က စစ်အုပ်စု ပစ်ခတ်မှုများကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။

• ယနေ့နံနက်ပိုင်းက တမူးမြို့၊ တာဟဲတံတားအနီးတွင် နံနက် ၁၁ နာရီဝန်းကျင်ခန့်က ဂေါ်ရခါး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား လက်နက် ကိုင်အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ မြို့မ ၂ ရပ်ကွက်နေထိုင်သည့် နွားနို့လိုက်ပို့သည့် လင်မယားနှစ်ဦး ဖြစ်သည်။ ထို့ပြင် အပြင်မုန့်ထွက်ဝယ်သည့် လူငယ်တစ် ဦးလည်း ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေကာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

• ကလေးမြို့တွင် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးသုံး၍ ဖြိုခွင်းခဲ့သည့်အတွက် အခိုင်အခံပြုလုပ်ထားသည့် ခံတပ်ကြီး များ မရှိတော့သော်လည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူထုသပိတ်ကို အင်အား ၁၀၀ ကျော်ဖြင့် ယနေ့နံနက်ပိုင်း က ဆက်လက်ပြုလုပ် ဆင်နွှဲလျက် ရှိသည်။ အကြမ်းဖက်စစ်အုပ်စုဘက်က တာဟန်းဘက်တွင် လူအင်အားအနည်းငယ်ဆီ ခွဲကာ လုံခြုံရေးကင်းများ ဖြန့်ကြဲချထားသည်။ ဒေါပုံမြိုန့ယ်၊ ဝါဆို အလင်းရောင်လမ်းထိပ်တွင်လည်း ယင်းကဲ့သို့ စစ်ဆေး မှုများ ပြုလုပ်လျက် ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တွင် ပညာရေးမိသားစုများ ဦးဆောင်ကာ သပိတ်အင်အား ၁၀၀ ကျော်ဖြင့် သင်္ကြန်ကာလ အတာအိုးများတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ရေးထိုးကာ အတာအိုးသပိတ် ပြုလုပ်ဆင်နွှဲခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• မြောင်းမြတွင် ဒေသခံလူငယ်များက ဆိုင်ကယ်များဖြင့် လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦး သပိတ် ပြုလုပ်ခဲ့သည်။

• ပုသိမ်တွင်လည်း "ပိတောက်တော်လှန်ရေး" အမည်ဖြင့် လမ်းမများပေါ်တွင် အတာအိုးများ၌ စစ်အာဏာရှင် အလိုမရှိ ကြောင်း စာသားများ စိုက်ထူကာ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• တောင်တွင်းကြီးရှိ စည်သာ၊ ပတ်လည်ကြီးနှင့် ပျဉ်ချောင်းရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီဘက်က ဧပြီလ ၁၂ ရက် ညနေပိုင်းတွင် ဝင်ရောက်ပစ်ခတ်မှု များ ပြုလုပ်ခဲ့ကာ သပိတ်တွင် ပါဝင်သူများ၏ နေအိမ်များကိုလည်း ဖျက်ဆီးသွားကြောင်း သိရသည်။

ကယားပြည်နယ်

• လွိုင်ကော်တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် သူရဲကောင်းသပိတ်ကို လူအင်အား ရာနှင့်ချီ၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ယမန်နေ့ အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံထားရဆဲဖြစ်သည့် ပြည်သူနှစ်ဦးလည်း ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။

• ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာတွင် လူအင်အား ထောင်နှင့်ချီကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

• ယမန်နေ့ညက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ စစ်တပ်ပိုင် Mytel ရုံးက ဗုံးဟု ယူဆရသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့် ပစ်ခတ်ခံရခဲ့ကြောင်း သိရသည်။ ယခင်ရက်များကလည်း ပဲခူးမြို့ရှိ Mytel ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်။
• မိုးညှင်းတွင် လူငယ်များက မြန်မာ့ရိုးရာ အတာသင်္ကြန် အကြိုနေ့အဖြစ် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ပုံများအား ချိတ်ဆွဲကာ လက်တည့်စမ်းပစ်ခတ်ကာ Gas Gun ပစ် သပိတ်ပြုလုပ်ပြီး မျက်နှာမှန်အောင် ပစ်နိုင်ပါက ဆုငွေ ၅ ကျပ်ဟု လည်း ကြေညာထားသည်။

• ဖားကန့်တွင် ပြုလုပ်နေသည့် သပိတ်စစ်ကြောင်းဘက်သို့ လာရောက်သည့် အကြမ်းဖက်လက်နက်ကိုင် စစ်နှင့် ရဲကား နှစ်စီးမှာ ယနေ့နံနက် ၁၀ ခွဲခန့်က အေးမြသာယာနှင့် မော်တောင်းကြားတွင် မိုင်းခွဲခံခဲ့ရကြောင်း သိရသည်။ အေးမြသာယာ စုပေါင်းသပိတ်စစ်ကြောင်းမှာ ယနေ့ နေ့လယ်ပိုင်းက မမုံ/ဖားပြင်ကျေးရွာများဘက်သို့ ရွေ့၍ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း သပိတ်တိုက်ပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။

• ယမန်နေ့က မိုးမောက်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ကာ ယနေ့နံနက်သတင်းများအရ သေဆုံးသူတစ်ဦး တိုးလာခဲ့ပြီး မိုးမောက်မြို့နယ် စီဟက်ကျေးရွာမှ အဘွားအိုတစ်ဦး ဖြစ်သည်။ ထို့ပြင် ရွာတွင်းရှိ အချို့နေအိမ်များတွင် မပေါက်ကွဲဘဲ ကျန်နေသေးသည့် လက်နက်ကြီးကျည်များလည်း ရှိနေ သေးသည်ဟု သိရသည်။

• ကချင်ပြည်နယ်တွင် မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် လူငယ်များ ပူးပေါင်း၍ အင်တာနက်မရဘဲဖြစ်နေသည့် နေရာများတွင် သတင်းစီးဆင်းမှု ပုံမှန်ရှိစေရန်အတွက် ကချင်ပြည်နယ်လူထုလှုပ်ရှားမှုစာစဉ် - KSCM အမှတ်စဉ် (၁) ကို စတင်ဖြန့်ဝေခဲ့သည်။

• နမ္မတီးတွင်လည်း စစ်အုပ်စုအကြမ််းဖက်ခြင်းကို ဆန့်ကျင်ကြောင်း အတာအိုးသပိတ်ကို ပြည်သူများ စုပေါင်း၍ ပြုလုပ်ခဲ့သည်။

• ကချင်လွတ်မြောက်ရေးတပ်မတော် - KIA တပ်ရင်း ၁၂ လှုပ်ရှားရာ ဗန်းမော်ခရိုင်အတွင်းတွင် ဘာသာရေးအဆောက်အဦ များတွင် အကြမ်းဖက်စစ်အုပ်စုအား လက်မခံကြရန်နှင့် ၎င်းတို့၏ လက်နက်၊ ရိက္ခာများ သယ်ယူပေးခြင်းများ မလုပ်ကြရန် စာထုတ်ကြေညာထားသည်။

ချင်းပြည်နယ်

• ထန်တလန်နှင့် နှာဟရိန်မြို့တွင် CDM ဝင်မှုကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် ထွေအုပ်ဝန်ထမ်း ၂၀ ဦးအား ကြိုထုတ်ပေးထားသည့် ဝန်ထမ်းလစာ ထက်ဝက်နှင့် ဒေသစရိတ်များကို ဧပြီလ ၂၉ ရက် နောက်ဆုံးထား ပြန်လည်ပေးသွင်းရန် ဖိအားပေး တောင်းဆိုလျက်ရှိသည်။

• ဟားခါး၊ မြို့သစ်ရပ်ကွက်တွင် လက်နက်ကိုင်စစ်အုပ်စုလုံခြုံရေးအဖွဲ့များက နေအိမ်အချို့အား အကြမ်းဖက်ဝင်ရောက် ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။

ရှမ်းပြည်နယ်

• သီပေါတွင် လူအင်အား ၁၀၀ ကျော်က တန်ခူးတော်လှန်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း လူထုသပိတ်ကို မြို့တွင်းလမ်းများပေါ်၌ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• တောင်ကြီးတွင် စစ်အုပ်ချုပ်မှု အလိုမရှိကြောင်း "ပျော်စရာ မဟုတ်တဲ့ တော်လှန်သင်္ကြန်" အမည်ဖြင့် တရားမျှတမှု လိုအပ် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• လွိုင်လင်တွင် သင်္ကြန်ကာလ ပျော်ရွှင်ခြင်း မပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်စာများကို လူငယ်များက လူသွားလူလာများ သည့် နေရာများတွင် လိုက်လံကပ်ခဲ့သည်။

• ကျောက်မဲမြို့ပေါ်တွင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဒေသခံများက လူမဲ့အတာအိုးသပိတ် ပြုလုပ်ဆင်နွှဲခဲ့သည်။

• နောင်ချိုတွင် ဒေသခံအင်အား ၁၀၀ ကျော်က အတာအိုးများကိုင်ဆောင်ကာ လမ်းမကြီးများပေါ် လှည့်လည်၍ စစ်အာဏာရှင်စနစ် ပျက်သုန်းရေးသပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• မုဒုံတွင် အကြမ်းဖက်စစ်အုပ်စုက ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ထားသည့် CRPH နှင့် နွေဦးတော်လှန်ရေးသမားများ ဗီနိုင်း နေရာတွင် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်နှင့် ၎င်းတို့အား ထောက်ခံသူများပုံဖြင့် ပြန်ပြောင်းချိတ်ဆွဲထားမှုများကို လူငယ်များက ပြုလုပ်ခဲ့သည်။ ထို့ပြင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အတာအိုးသပိတ်များလည်း ပြုလုပ်ခဲ့ကြသည်။

• မော်လမြိုင်တွင် ယနေ့နံနက်ပိုင်းက သင်္ကြန်အကြိုနေ့အဖြစ် "တော်လှန်ရေးသင်္ကြန်" အမည်ဖြင့် စစ်အုပ်စုအာဏာသိမ်းမှု ဆန့်ကျင်ကြောင်း သပိတ်ဆင်နွှဲခဲ့သည်။

နေပြည်တော်

• တော်လှန်ရေး စာစောင် "မိုလိုတော့ဗ်" မှာ တရားဝင်ထုတ်ဝေခွင့် မပြုထားသည့် စာစောင်ဖြစ်၍ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ကူညီခြင်းများ ပြုလုပ်ပါက အရေးယူမည်ဟု နေပြည်တော် အခြေစိုက် စစ်အုပ်စု ပြန်ကြားရေးဌာနက ကြေညာထားသည်။

• နေပြည်တော်၊ သပြေကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အတာအိုးသပိတ်ကို ပြုလုပ်ခဲ့သည်။

ဧပြီ ၁၃ သုံးသပ်ချက်

• သင်္ကြန်အကြိုနေ့တွင် ပေါက်ကွဲမှုနှင့် ရပ်ကွက်ရုံးအချို့ မီးလောင်မှု ရှိခဲ့သည့် ရန်ကုန်မြို့တွင် မြို့နယ်တိုင်းလိုလို၌ အတာအိုးသပိတ်အပါအဝင် သပိတ်ပုံစံမျိုးစုံဖြင့် အားကောင်းနေဆဲဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုဘက်က သပိတ်ကြီးများနှင့် ခံတပ်ဆောက် ခုခံမှုများ မရှိသည့်အတွက် စစ်အုပ်ချုပ်ရေးကြေညာရန် ခက်ခဲနေပြီး ပေါက်ကွဲမှုနှင့် ရပ်ကွက်ရုံး မီးလောင်မှုများကြောင့် စစ်အုပ်ချုပ်ရေးပုံစံဖြင့် လုံခြုံရေး တင်းကြပ်ထားလျက် ရှိသည်။

• မန္တလေးတွင် သပိတ်စစ်ကြောင်းကြီးများမှာ အားကောင်းလျက်ရှိပြီး စီးပွားရေးကျပ်တည်းသည့် ပြည်သူများကို သံဃာတော်များဘက်က ကူညီမှုများ စတင်လာနေပြီး သံဃသမဂ္ဂစစ်ကြောင်းမှာလည်း နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်မှု သပိတ်စစ်ကြောင်း ထွက်လျက် ရှိသည်။ မြို့ပေါ်ရပ်ကွက်အချို့တွင် လုံခြုံရေးလျှော့ချထားကာ လူထုဘက်က ဆန့်ကျင်မှုနည်းပါး သွားဟန် ဖြစ်ပေါ်အောင်လည်း လုပ်ဆောင်လျက် ရှိသည်။

• နယ်မြို့များရှိ သပိတ်များ အားကောင်းကောင်းဖြင့် ဆက်လက်ရှိနေပြီး သပိတ်ကြီးများအသွင်သို့ အချိန်မရွေး ပြောင်းလဲလာ ဖွယ် ရှိနေသည်။

• တော်လှန်ရေးစာစောင်များမှာ အမည်အမျိုးမျိုးဖြင့် အဆက်မပြတ် ထွက်ရှိလာနေပြီး အင်တာနက်ဖြတ်တောက်မှုများ ရှိနေ သည့်တိုင်း သတင်းအချက်အလက်များမှာ အားကောင်းကောင်းဖြင့် ဆက်လက်စီးဆင်းနေဆဲ ဖြစ်သည်။

• တိုင်းရင်းသားလက်နက်ကိုင်များဖြင့် တိုက်ပွဲဖြစ်နေသည့် အကြမ်းဖက်စစ်အုပ်စုဘက်တွင် အထိအခိုက်၊ အကျအဆုံးများပြားလျက်ရှိကာ ဆက်တိုက်ဆိုသလိုပင် စစ်စခန်းများ သိမ်းယူခံနေရသည်။ ထို့ပြင် တပ်ပြေးမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကာ ဆက်လက်မဖြစ်ပွားစေရန်အတွက် တပ်စခန်းများတွင် အသွားအလာကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်နေကြ ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly