ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေများ ပင်လယ်ထဲ သွန်ချမယ့် ဂျပန် ဆုံးဖြတ်ချက်ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ် 

ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေများ ပင်လယ်ထဲ သွန်ချမယ့် ဂျပန် ဆုံးဖြတ်ချက်ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ် 
Photo - AFP

ဧပြီ ၁၃

ပြဿနာဒုက္ခ ကြုံနေတဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ သန့်စင်ပြီး ရေ တန်ချိန် တစ်သန်းကျော်ထက်မနည်းကို သမုဒ္ဒရာအတွင်း သွန်ချမယ့် အငြင်းပွားဖွယ် အစီအစဉ်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဟာ နှစ်များစွာ ဆွေးနွေးငြင်းခုံပြီးနောက်မှာ အင်္ဂါနေ့မှာတော့ အတည်ပြုဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။ 

စတင်ဖို့ နှစ်အတန်ကြာမှာဖြစ်ပြီး ပြည့်စုံပြီးမြောက်ဖို့ ဆယ်နှစ်နှစ်တွေချီ ကြာမြင့်မှာဖြစ်တဲ့ ခုလို ပင်လယ်ထဲ နျူကလီးယား စက်ရုံက ရေတွေ သွန်ချမယ့်အရေးကြောင့် အိမ်နီးချင်းနိုင်ငံတွေအတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပွားစေပြီး ဒေသတွင်း ငါးဖမ်းလုပ်ငန်းတွေနဲ့ နျူကလီးယား ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ 

ရေထဲမှာ ပါဝင်နေတဲ့ ရေဒီယိုသတ္တိကြွဒြပ်စင် အားလုံးနီးပါးကို ရှင်းလင်းဖယ်ရှားပြီး အာနိသင် လျော့ပါးစေအောင် လုပ်ဆောင်သွားမှာဖြစ်တာကြောင့် ပင်လယ်ထဲ အခု ရေတွေ သွန်ချတာဟာ ဘေးအန္တရာယ် ကင်းတယ်လို့ ဂျပန်အစိုးရကတော့ ခုခံကာကွယ်ပြောပါတယ်။ 

ကမ္ဘာ့ ဘယ်နေရာမဆိုက နျူကလီးယားစက်ရုံတွေကနေ စွန့်ပစ်ရေတွေ သွန်ချတဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း အတူတူပဲ ဖြစ်တာကြောင့် ဂျပန်နိုင်ငံရဲ့ အခု ဆုံးဖြတ်ချက်ကို နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ IAEA ကတော့ ထောက်ခံမှု ပေးထားပါတယ်။ 

ပိတ်ပစ်ထားရတဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံနဲ့ဆိုင်တဲ့ ဆယ်စုနှစ်တွေကြာ လုပ်ငန်းစဉ်တွေအတွင်းမှာ ရေတွေ စွန့်ထုတ်ဖို့ဟာလည်း မလွဲဧကန် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တစ်ရပ်ပဲ ဖြစ်တယ်လို့ ဝန်ကြီးများအဖွဲ့အစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါက ပြောပါတယ်။ 

စွန့်ထုတ်ပစ်မယ့် ရေရဲ့ ဘေးကင်းမှု အဆင့် ကျိန်းသေသေချာပြီး ထိခိုက်ပျက်စီးမှုတွေ မရှိစေမယ့် ကာကွယ်ရေး လုပ်ငန်းစဉ်တွေနဲ့ အာမခံနိုင်မှ ပင်လယ်ထဲကို စက်ရုံက ရေတွေ သွန်ချမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

၂၀၁၁ ခုနှစ်မှာ ဆူနာမီဘေးဒဏ် ကြုံပြီး အဏုမြူဓာတ်ပေါင်းဖို ပျော်ကျခြင်း ဖြစ်ထားခဲ့တဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံက တိုင်ကီတွေအတွင်းမှာ သိုလှောင်ရေ တန်ချိန် ၁ ဒသမ ၂၅ သန်းနီးပါး ရှိနေတာ ဖြစ်ပါတယ်။ 

နေ့စဉ်နဲ့အမျှ အဲဒီ ညစ်ညမ်းရေ တန်ချိန်များစွာကို ALPS လို့ ခေါ်တဲ့ သန့်စင်စစ်ထုတ်စနစ်နဲ့ ရေဒီယိုသတ္တိကြွဒြပ်စင်တွေကို ဖယ်ရှားစစ်ထုတ်နေလာခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒေသတွင်း ငါးလုပ်ငန်းအစုအဖွဲ့တွေကတော့ ဖူကူရှီးမားစက်ရုံ ဆူနာမီဒဏ်သင့်လို့ ဒေသတွင်း ပင်လယ်စာတွေအပေါ်  ယုံကြည်မှု ပျက်ပြားသွားခဲ့ရတာကနေ နှစ်တွေနဲ့ ချီပြီး ပြန်လည်တည်ဆောက်ထားတဲ့ ဒေသတွင်း ပင်လယ်စာတွေအပေါ် ယုံကြည်မှုကို ဂျပန်ရဲ့ အခု ဆုံးဖြတ်ချက်ကြောင့် ထိခိုက်လာနိုင်တယ်လို့ စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly