ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ကာလအတွင်း တရုတ်၏ပွင့်လင်းမြင်သာမှု မရှိခြင်းအပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဝေဖန်

ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ကာလအတွင်း တရုတ်၏ပွင့်လင်းမြင်သာမှု မရှိခြင်းအပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဝေဖန်

ဧပြီ ၁၃

ကိုဗစ်-၁၉ နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို မထုတ်ပြန်ခြင်း၊ ထိုင်ဝမ်အပေါ် ရန်လိုခြင်းတို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလန်ကင်က ဧပြီ ၁၁ ရက်တွင် ဝေဖန်လိုက်ပြီး ရုရှားက ယူကရိန်းနယ်စပ်တွင် လုပ်ဆောင်ချက်များကို အမှန်တကယ်စိုးရိမ်ကြောင်း ပြောကြားလိုက်သည်။ 

“ကိုဗစ်စတင် ဖြစ်ပွားချိန်ကတည်းက တရုတ်အနေနဲ့ သိရှိတယ်လို့ ထင်ပါတယ်။ လုပ်သင့်တာတွေကို မလုပ်ခဲ့ပါဘူး။နိုင်ငံတကာက ကျွမ်းကျင်သူတွေကို အချိန်နဲ့ တစ်ပြေးညီ ဝင်ခွင့်ပေးရပါမယ်။ အချိန်နဲ့ တစ်ပြေးညီ သတင်းအချက်အလက်တွေ မျှဝေပြီး၊ ပွင့်လင်းမြင်သာမှုလည်း ရှိရပါမယ်” ဟု ဘလန်ကင်က NBC ၏  "Meet The Press အစီအစဉ်သို့ ပြောကြားခဲ့သည်။

ပျက်ကွက်မှုကြောင့် ဗိုင်းရပ်ပိုးသည် ထိန်းချုပ်၍ မရတော့ဘဲ အလျင်အမြန်ပျံ့နှံ့ကာ မဖြစ်သင့်သည်များ ဖြစ်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။ တရုတ်အနေဖြင့် ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်များကို သိ၊မသိနှင့် အချက်အလက်များကို ထိန်ချန်ထားခြင်း ရှိ၊မရှိကို ၎င်းက ဖြေကြားခဲ့ခြင်း မရှိပေ။

အလားတူအခြေအနေများ ထပ်မံမဖြစ်ပွားစေရန် အားကောင်းသည့် ကျန်းမာရေးလုံခြုံရေးစနစ် လိုအပ်ကြောင်းနှင့် ထပ်မံဖြစ်ပွားပါက လျော့နည်း သက်သာစေမည့် အစီအမံများလိုအပ်ကြောင်းလည်း ဘလင်ကန်က တိုက်တွန်းသည်။ ပွင့်လင်းမြင်သာမှု၊ ကျွမ်းသူများက စစ်ဆေးနိုင်မှုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအား ပြင်ဆင်ဖွဲ့စည်းရန်လိုအပ်ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်တွင် တရုတ်အနေ ဖြင့်လည်း ပါဝင်ရမည်ဟု ၎င်းက ပြောကြားသည်။ 

သို့သော် ကိုဗစ်ရောဂါဖြစ်ပွား ပျံ့နှံ့မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအား အပြစ်ပေး အရေးယူရန် ၎င်းက တောင်းဆိုခြင်းမရှိခဲ့ပေ။

ရုရှားက ယူကရိန်းနယ်စပ်၌ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အမှန်တကယ်စိုးရိမ်ကြောင်းနှင့်  ဥရောပတိုက်ရှိ မဟာမိတ်နိုင်ငံများနှင့် အနီးကပ် ဆက်သွယ်ပူးပေါင်းကာ ယင်းကိစ္စကို လုပ်ဆောင်နေကြောင်း  ဘလင်ကန်က ပြောကြားလိုက်သည်။ 

“ရုရှားအနေနဲ့ ရန်လိုပြီး လက်လွတ်စပယ် ဆက်လုပ်နေမှာလား၊ ဒါဆိုရင်တော့ သမ္မတက ပြတ်သားပြီးသားပါ။ ပေးဆပ်မှုတွေ များလိမ့်မယ်။ နောက်ဆက်တွဲတွေ ရှိလာလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly