အမေရိကန်၌ လူမည်းအမျိုးသားအား ရဲက မှားယွင်းပစ်ခတ်၍ ဆန္ဒပြမှုများဖြစ်ရာ မင်နီယာပိုလစ်မြို့တွင် ကာဖျူးမိန့် ထုတ် 

အမေရိကန်၌ လူမည်းအမျိုးသားအား ရဲက မှားယွင်းပစ်ခတ်၍ ဆန္ဒပြမှုများဖြစ်ရာ မင်နီယာပိုလစ်မြို့တွင် ကာဖျူးမိန့် ထုတ် 
Photo - AFP

ဧပြီ ၁၃

အမေရိကန်နိုင်ငံမှာ လူမည်းလူငယ် အမျိုးသားတစ်ဦးကို ရဲတစ်ဦးက မှားယွင်းပစ်ခတ်မှု ဖြစ်ပြီးနောက်မှာ မင်နီယာပိုလစ်မြို့ကို တနင်္လာနေ့ကစပြီး ကာဖျူးမိန့် ထုတ်ထားပါတယ်။ 

အသက် ၂၀ အရွယ် လူမည်းအမျိုးသား ဒန်တီဝှိုက် ပစ်ခတ်ခံရမှုကို ဆန့်ကျင်ပြီး မြို့က ဘရွတ်ကလင်းစင်တာရဲဌာန အပြင်ဖက်မှာ ဆန္ဒပြသူတွေဟာ စုရုံးဆန္ဒပြကြပါတယ်။ တနင်္လာနေ့ ည ၇ နာရီကနေ နောက်တစ်နေ့ နံနက်ပိုင်းအထိ ပြဋ္ဌာန်းထားတဲ့ ကာဖျူးမိန့်ကို ဆန့်ကျင်ပြီး ခုလို စုရုံးဆန္ဒပြကြတာပါ။

ပစ်ခတ်မှုဖြစ်စဉ်မှာ ရဲမေဟာ ဓာတ်လိုက်စေတဲ့ လက်နက် taser အစား မှားယွင်းပြီး သေနတ်ကို ဆွဲထုတ်ပစ်ခတ်မိတာဖြစ်တယ်လို့ သိရပါတယ်။ ရဲဖမ်းဆီးမှုအတွင်း ဂျော့ဖလွိုက်ဆိုတဲ့ လူမည်းတစ်ဦး သေဆုံးခဲ့လို့ နိုင်ငံနဲ့အဝန်း ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ထားတာ မကြာသေးတဲ့ အချိန်မှာ ခုဖြစ်ရပ်ကြောင့် နောက်ထပ် တင်းမာမှုတွေ ပေါ်ပေါက်လာစေပါတယ်။ 

တနင်္ဂနွေနေ့က ဒန်တီဝှိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ရဲ့ ဗီဒီယိုကို ဘရွတ်ကလင်းစင်တာရဲဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ရဲရဲ့ ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ ကင်မရာက ရိုက်ကူးထားတဲ့ ဒီ ဗီဒီယိုမှာ ရဲမေဟာ “taser” ဆိုပြီး သုံးခါ အော်ပြောသံကြားရပေမယ့် taser အစား သေနတ်ကို မှားထုတ်မိပြီး ပစ်ခတ်မိရာက အသက် ၂၀ အရွယ် ဒန်တီဝှိုက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ 

“ရဲမေဟာ taser ကို ဆွဲထုတ်တာ ဖြစ်ပေမယ့် မှားယွင်းပြီး အဲဒီအစား သေနတ်ကို ဆွဲထုတ်မိကာ ပစ်မိခဲ့တာပါ”ဆိုပြီး ဘရွတ်ကလင်းစင်တာရဲဌာန အကြီးအကဲ တမ်ဂန်နွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

လက်ရှိမှာ စုံစမ်းစစ်ဆေးခံနေရတဲ့ အဲဒီ ရဲမေဟာ taser လက်နက်အမှတ်နဲ့ ဒန်တီဝှိုက်ကို သေနတ် ကျည်တစ်ချက်တည်း ပစ်ခတ်မိခဲ့တာလို့ ယုံကြည်ကြောင်း တမ်ဂန်နွန်က ဆိုပါတယ်။ 

“ဒါဟာ မတော်တဆ မှားယွင်းပစ်ခတ်မှုပါ၊ ဒန်တီဝှိုက်ကတော့ စိတ်မကောင်းစဖွယ် သေဆုံးခဲ့ရပါတယ်”လို့ သူက ပြောပါတယ်။ “ဒီ ပစ်ခတ်မှုကြောင့် ဝှိုက်ရဲ့ မိသားစုတွေ  နာကျင်မှုကို ဖြေသိမ့်နိုင်ဖို့ ကျွန်တော် စကားလုံး ရှာမရတော့ပါ”ဆိုပြီး ၎င်းက ထပ်လောင်း ပြောခဲ့ပါတယ်။ 

ခုလို ဒန်တီဝှိုက် သေဆုံးမှုကြောင့် ဘရွတ်ကလင်းစင်တာနဲ့ အနီးဝန်းကျင်မှာ ညတွင်းချင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်တာကြောင့် တနင်္လာနေ့ ည ၇ နာရီကနေ အင်္ဂါနေ့ နံနက် ၆ နာရီထိကို ကာဖျူးမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒန်တီဝှိုက်ကို လမ်းစည်းကမ်းချိုးဖောက်မှုနဲ့ ဖမ်းရာမှာ ရဲနဲ့ ထွေးရောယှက်တင်ဖြစ်ချိန် အဆိုပါ ရဲမေဟာ taser  နဲ့ သေနတ်မှားယွင်းပြီး ဒန်တီဝှိုက်ကို တေ့ပစ်မိတာဖြစ်သလို သူ ကိုယ်တိုင်လည်း အံ့ဩတကြီးနဲ့ ‘ငါ ပစ်လိုက်မိပြီ’ လို့ အော်ဟစ်သံကိုလည်း ဗီဒီယိုဖိုင်မှာ မြင်တွေ့ကြားသိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly