နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဧပြီ ၂၀၂၁)
Photo - CJ

ရန်ကုန်တိုင်းဒေသကြီး

  • လက်နက်ကိုင်စစ်အုပ်စုက အကြမ်းဖက်ဖြိုခွဲခဲ့သည့်အတွက် ဒေသခံများစွာ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်သို့ စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဧပြီလ ၁၁ ရက်က သွားရောက်၍ စားနပ်ရိက္ခာများ လှူဒါန်းခဲ့သည်ဟု တပ်အာဘော် သတင်းများတွင် ဖော်ပြထားကာ ယင်းသို့ သွားရောက်စဉ် ယခင်ယူဆောင်လေ့မရှိသည့် ပစ္စတိုသေနတ်အား ခါးကြားထိုး၍ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
  • နံနက် ၅ နာရီခန့်က ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း၊ မျက်မမြင်ကျောင်းရှေ့ရှိ YBS 89 ယာဉ်လိုင်းမှ ကားငါးစီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ကျောင်းတွင် လက်နက်ကိုင် အကြမ်းဖက်စစ်တပ်ဘက်က တပ်စွဲထားသည့်နေရာဖြစ်ပြီး မီးလောင် ကျွမ်းရသည့်ဖြစ်စဉ်ကိုမူ မသိရသေးပေ။
  • ယနေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ်တွင်းရှိ ရပ်ကွက်အချို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က ယခင်ရက်များထက် လုံခြုံရေးအင်အား ပိုတိုးချထားပြီး ယမန်နေ့ ညပိုင်းကလည်း ပေါက်ကွဲသံတစ်ခု ကြားခဲ့ရသော်လည်း မည်သည့်အတွက် ကြောင့် ဖြစ်ကြောင်းကိုမူ အတည်မပြုနိုင်သေးကြောင်း ၂၅ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက အတည်ပြု ပြောဆိုသည်။
  • စမ်းချောင်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကာ အဆိုပါ မြို့နယ်တွင် လက်နက်ကိုင် အကြမ်းဖက်စစ်တပ်ဘက်က နေ့စဉ် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
  • လှိုင်သာယာတွင် အကြမ်းဖက်စစ်အုပ်စုက ခန့်ထားသည့် အုပ်ချုပ်ရေးမှူးများက အဓမ္မငွေကြေးကောက်ခံမှုများ ပြုလုပ်လျက် ရှိပြီး ၎င်းတို့ကိုယ်တိုင် ပြင်ဆင်ပြဋ္ဌာန်းထားသည့် ဧည့်စာရင်းဥပဒေတွင် ငွေကြေးမကောက်ခံရဟု ပါရှိသည်။
  • ပုဇွန်တောင်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူငယ်ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။
  • ရွှေပြည်သာတွင် အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ထားချိန်တွင် တော်လှန်သော သတင်းများကို ပြည်သူ များ အဆက်မပြတ် သိရှိနိုင်စေရန်အတွက် ပြည်သူ့အတွက် သတင်းလွှာ စာစောင်များ ဖြန့်ဝေခဲ့သည်။
  • မရမ်းကုန်း၊ သမိုင်းတွင် တရုတ်ဘက်က မြန်မာ့ဖရဲသီးတင်ပို့မှုကို ကန့်ကွက်သည့်အနေဖြင့် လူငယ်များ ဖရဲသီးဗန်းများ ရွက်ကာ "ပြည်တွင်းဖြစ်ကို အားပေးရေး" နှင့် "တရုတ်ဆန့်ကျင်ရေး" ဖရဲသီးသပိတ် ပြုလုပ်ခဲ့သည်။
  • လှိုင်တွင် အခွန်မဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာသားများပါ စာရွက်များ ကိုင်ဆောင်လျက် လူငယ်များက ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။
  • အလုံတွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ကြောင်းစာသားပါ ရောင်စုံစက္ကူများဖြင့် ခြင်းတောင်းများပြုလုပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။
  • တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာ့ရိုးရာတူရိယာဖြစ်သည့် ဗုံများတွင် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းမှုကို ဆန့်ကျင် ကြောင်း စာများ ရေးဆွဲကာ လူမဲ့ဗုံသပိတ် ဆင်နွှဲခဲ့သည်။
  • ထောက်ကြန့်တွင် ယနေ့ နေ့လယ်ပိုင်းက လူအင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး လမ်းလျှောက်လူထုသပိတ်ကို လမ်းမကြီးများပေါ်အထိ တက်၍ ပြုလုပ်ခဲ့သည်။
  • ရန်ကုန်မြို့ ဘဏ်အချို့တွင် အရပ်ဝတ်ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ဝန်ထမ်းများအား ဘဏ်တံဆိပ်မပါသည့် အိမ်စီးကားများဖြင့် အကြိုအပို့ ပြုလုပ်လျက်ရှိသည်။ ငွေသားသွင်းထားသည့် ATM အချို့တွင်လည်း ငွေထုတ်သူများဖြင့် ပြည့်နှက် လျက်ရှိပြီး ရာခိုင်နှုန်းစားဖြင့် Online Bank Transfer လုပ်ခြင်းများလည်း ပြုလုပ်လာလျက် ရှိသည်။

မန္တလေးတိုင်းဒေသကြီး

  • စစ်တပ်အများအပြား ရှိသည့် မိတ္ထီလာတွင်လည်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး အာရုဏ်ဦးသပိတ်ကို ဗကသနှင့် ပညာ ရေးမိသားစုများ ဦးဆောင်လျက် လူအင်အား ၁၀၀ ကျော်ဖြင့် ပြုလုပ်ဆင်နွှဲခဲ့သည်။
  • ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်တွင် ပြုလုပ်သည့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း တပ်ပေါင်းစုသပိတ်ကို လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုက သေနတ်ပစ်ဖောက်၍ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ အဆိုပါ တပ်ပေါင်းစုသပိတ်တွင် ဗကသ၊ ဘုရားကြီး ငြိမ်းချမ်းရေး၊ အထက (၇) ကျောင်းသား/သူဟောင်း၊ ကျောက်ဆည် နည်းပညာဗကသ၊ ပညာရေးဝန်ထမ်းနှင့် တမ္ပဝတီလူထုသပိတ်စစ်ကြောင်းတို့ ပါဝင်သည်။ ယနေ့သပိတ်ပြုလုပ်ခဲ့သည့် ၆၆ လမ်းမကြီးမှာ လုံခြုံရေးတင်ကြပ်မှုကြောင့် သပိတ်ပြုလုပ်ခွင့် မရဘဲ ဖြစ်နေသည့် နေရာဖြစ်ပြီး ယနေ့တွင် အဆိုပါလမ်းမကြီးပေါ်သို့ တက်ရောက် သပိတ်ပြုလုပ်စဉ် ဖြိုခွင်းခံရခြင်းဖြစ်ကာ ဖမ်းဆီးခံရမှု တစုံတရာမရှိခဲ့ကြောင်း သိရသည်။ ယနေ့တွင် အကြမ်းဖက်စစ်တပ် ဘက်မှ လုံခြုံရေးလျှော့ချထားမှုရှိကြောင်း မန္တလေးဒေသခံတစ်ဦးက ညနေ ၃:၃၀ နာရီတွင် အတည်ပြု ပြောဆိုပြီး ယမန်နေ့ ညပိုင်းက Flash Strike ပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်အချို့၌ ခြောက်လှန့် ပစ်ခတ်မှုများရှိခဲ့ပြီး ပြည်သူ နှစ်ဦးခန့် ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
  • မန္တလေးမြို့ပေါ် နေရာအချို့တွင် "စခဲ့တဲ့တိုက်ပွဲကို ပြီးဆုံးတဲ့ထိ မတိုက်ပဲနဲ့ တာဝန်ကျေပြီလို့ ထင်နေသလား" စာသားပါ ဆိုင်းဘုတ်များကို လူငယ်အချို့က လိုက်လံစိုက်ထူခဲ့ကြသည်။
  • ညောင်ဦးတွင်လည်း ညောင်ဦးသပိတ်စစ်ကြောင်းက "အိမ်တွင်းပုန်းနေမှာလား လမ်းထွက်မှာလား၊ ကျွန်ခံမလား တော်လှန် မလား" စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် လူအင်အား ရာနှင့်ချီက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • ပြင်ဦးလွင်တွင် ဟန့်တားမှုနှင့် အဖမ်းအဆီးများ ရှိသည့်ကြားကပင် လူဦးရေ ၁၀၀ ကျော်ဖြင့် လူငယ်သပိတ်ကို မြို့တွင်းစျေးများ၌ ပြုလုပ်ခဲ့သည်။
  • ဖြိုခွင်းမှုနှင့် ဖမ်းဆီးခံရမှုများ ရှိသော်လည်း မိုးကုတ်အရှေ့ပိုင်းစစ်ကြောင်းမှာ ယခင်နေ့များအတိုင်း လမ်းပေါ်တက်ခဲ့ကာ အကြမ်းဖက်လက်နက်ကိုင် စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး

  • ရာဂဏန်းနီးပါအထိ အကျအဆုံး ရှိခဲ့သည့် ပဲခူးမြို့တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို ပဲခူးတက္ကသိုလ်ကျောင်း သားများ သမဂ္ဂက ဦးဆောင်၍ နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းဖွင့်ကာ ဆက်လက်တော်လှန် ဆန္ဒဖော်ထုတ်လျက် ရှိသည်။
  • ဖြူး၊ ကညွတ်ကွင်းတွင် CDM တွင် မပူးပေါင်းဘဲ စစ်အုပ်စု ပေးနေသည့် မွမ်းမံသင်တန်း တက်ရောက်နေသူ ဆရာ၊ ဆရာမ များကို "ပညာရေးလောက်ကောင်" အဖြစ် သတ်မှတ်ကြောင်းကို လူသွားလူလာများသည့် နေရာများတွင် ဓာတ်ပုံနှင့်အတူ ကပ်၍ ကြေညာခဲ့ပြီး အကြမ်းဖက် လက်နက်ကိုင်စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • ပြည်မြို့တွင် ကျောင်းသားပေါင်းစုံ သမဂ္ဂမျာ စုပေါင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို မြို့တွင်းစျေးများ၌ ပြုလုပခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

  • တမူးမြို့တွင် နံနက် ၅:၄၅ နာရီခန့်ကတည်းက အကြမ်းဖက်စစ်တပ်က ပြည်သူများ ဆောက်လုပ်ထားသည့် ခံတပ်များကို ဝင်ရောက်ပစ်ခတ် ဖြိုခွင်းခဲ့သည်။ ခံတပ်များ ဖယ်ရှားရန်အတွက် ဘူဒိုဇာများ၊ လက်နက်ကိုင်အင်အား ၁၀၀ ခန့်ဖြင့် အင်အား သုံးဖြိုခွင်းခဲ့ရာ ဆေးရုံခံတပ်နှင့် ဘုန်းကြီးကျောင်းခံတပ် နှစ်ခုအနက် ဆေးရုံခံတပ်အား စတင်ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နေအိမ်များအတွင်းသို့ ဝင်ရောက်ကာ အမျိုးသားများကို လိုက်လံဖမ်းဆီးနေသည့်အတွက် မြို့နှင့် ထိစပ်နေသည့် သစ်တောဧရိယာများဘက်နှင့် အိန္ဒိယနိုင်ငံ မိုရေးဘက်သို့ ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တမူးမြို့ခံတစ်ဦးက ဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုသည်။ ထို့ပြင် တမူး Grace ဆေးရုံးအတွင်းသို့ ဝင်ရောက်ကာ သူနာပြုများအား ရိုက်နှက်ခြင်း၊ ပစ္စည်းများ လုယူခြင်းတို့ ပြုလုပ်လျက်ရှိကာ လူငယ်သုံးဦးအား ဖမ်းဆီးသွားသည်ဟုလည်း တမူးလုံခြုံရေးအဖွဲ့ - TSG က ထုတ်ပြန်ထားသည်။ အကြမ်းဖက်လက်နက်ကိုင်များက စန္ဒကူး၊ စျေးတန်းနှင့် စော်ဘွားရပ်ကွက်များအတွင်းသို့ ဝင်ရောက်ပစ်ခတ်မှုများ ရှိခဲ့ပြီး ခရစ်ယာန် ကက်သလစ်ဘုရားကျောင်းတစ်ခုကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။ တမူးမြို့သည် ပြည်သူများ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က အကျအဆုံးများခဲ့သည့် မြို့လည်း ဖြစ်သည်။
  • ကလေးမြို့တွင် ယခင်ရက်များအတိုင်း ယနေ့ နံနက်ပိုင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို သပိတ်စစ်ကြောင်း သုံးကြောင်းခွဲ၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ပြုလုပ်ခဲ့သည်။
  • ရေဦးတွင် ဖမ်းဆီးမှုများ ရှိသည့်ကြားကပင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားဆိုင်ကယ်သပိတ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
  • စစ်ကိုင်းမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်အပြင် မြို့အဝင်ဆိုင်းဘုတ်နေရာတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် အကြမ်းဖက်သတ်ဖြတ်မှုအား ကန့်ကွက်သည့် စာတမ်းများကပ်ထားသည့် အိုးမဲ့သပိတ် ပြုလုပ် ခဲ့ကြသည်။
  • စစ်ကိုင်း၊ ဘော်ဂါကျောက်ပုတီးဝိုင်းတွင် အကြမ်းဖက်စစ်အုပ်စုကို ထောက်ခံနေသည့် တရုတ်နိုင်ငံအား ဆန့်ကျင်သည့်အနေဖြင့် "စီးပွားရှာပါ လူပါးမဝပါနဲ့" စာတမ်းများ ကိုင်ဆောင်လျက် အိမ်နီးချင်းနိုင်ငံအဖြစ်က ပယ်ဖျက်သင်္ဂြိုလ်ခြင်း လှုပ်ရှားမှုကို မြို့ပေါ်တက်ကြွလူငယ်များက လုပ်ဆောင်ခဲ့သည်။
  • ကသာတွင် ဆန္ဒပြပွဲပြုလုပ်တတ်သည့် နေရာများနှင့် လူစုစည်းသည့် နေရာများတွင် လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုက ရွေ့လျားပုံစံဖြင့် လုံခြုံရေးယူ တားဆီးရန် ကြိုးပမ်းနေသော်လည်း ဒေသခံများက လူစုခွဲကာ မြို့တွင်းရပ်ကွက်များအ တွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • မုံရွာတွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် တရုတ်နိုင်ငံက မြန်မာ့ဖရဲသီးတင်ပို့မှု ကန့်သတ်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ဖရဲသီးတိုက်ပွဲ ဆင်နွှဲခဲ့သည်။ မုံရွာ အမြင့်လမ်းဘေးရှိ ကျေးရွာများကလည်း သပိတ်များ ပြုလုပ်ခဲ့ကာ လူအင်အား ထောင်နှင့်ချီ ပါဝင်သည့် မုံရွာသပိတ်စစ်ကြောင်းမှာလည်း ယနေ့ နေ့လည်ပိုင်းက လမ်းပေါ် ပြန်တက်လာခဲ့ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ဆင်နွှဲခဲ့သည်။
  • ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာတွင်လည်း ဒေသခံအင်အား ၁၀၀ ကျော်က စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

  • ထားဝယ်တွင် ညမထွက်ရအမိန့်ကို ည ၉ နာရီမှ နောက်တနေ့ နံနက် ၅ အထိ ပြောင်းလဲသတ်မှတ်လိုက်သည်။ ယနေ့ နံနက်ပိုင်းက ထားဝယ် အင်ဂျင်နီယာနှင့် နည်းပညာကျောင်းသားများ၊ ပညာရေးမိသားစုများနှင့် ပြည်သူအင်အား ရာနှင့်ချီ၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ပန်းပြင်ကျေးရွာတွင် နံနက်အစောပိုင်းက အာရုဏ်ဦး သပိတ်ပြုလုပ်ခဲ့ပြီး ထားဝယ်တောင်ပိုင်း သပိတ်စစ်ကြောင်းကလည်း လမ်းလျှောက်နှင့် အထိုင်သပိတ်များ ပြုလုပ်ခဲ့သည်။
  • လောင်းလုံမြို့နယ် ပန်းဒလဲနှင့် ညင်းမော်ကျးရွာ နှစ်ခုစုပေါင်း၍ အကြမ်းဖက် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

  • ပုသိမ်တွင် အမျိုးသမီးများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတမ်းများအား အလှကုန်ပစ္စည်းများနှင့်အတူ စိုက်ထူ၍ အလှကုန်လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

  • လွိုင်ကော်၊ နာနတ်တောတွင် ယနေ့ နံနက်ပိုင်းက သပိတ်ပြုလုပ်ရန် ပြင်ဆင်နေစဉ် အကြမ်းဖက်စစ်အုပ်စုဘက်က သေနတ်များ ပစ်ဖောက်၍ အင်အားသုံးလူစုခွဲခဲ့ကာ ဆန္ဒပြပြည်သူ ခုနှစ်ဦး ဖမ်းဆီးခံခဲ့ရကာ လေးဦး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ ဆန္ဒပြပြည်သူများက ဖယ်ရှားခံရသည့် အကာအရံများကို ပြန်လည်ပြုလုပ်ကာ လူအင်အား ၁၀၀ ကျော်ဖြင့် သပိတ်တိုက်ပွဲ ဆက်လက် ဆင်နွှဲခဲ့သည်။

ကရင်ပြည်နယ်

  • ဘုရားသုံးဆူမြို့ ဘုရားသုံးဆူ - သံဖြူဇရပ် - ကြာအင်းဆိပ်ကြီး လမ်းဆုံတွင် "To Ward Federal Democracy” ဖက်ဒရယ်ဒီမိုကရေစီသို့ စာသားအား ဆေးအဖြူဖြင့် ရေးသားကာ လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ကချင်ပြည်နယ်

  • ဗန်းမော်မြို့အနီး မြို့သစ်နှင့် ကုန်းလောရွာတွင် အကြမ်းဖက်စစ်အုပ်စုဘက်က ယမန်နေ့ညပိုင်းကစ၍ ယနေ့နံနက်၅ နာရီအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်အချို့ ပျက်စီးခဲ့ကာ သုံးဦးကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း NLD ဗန်းမော် ကိုယ်စားလှယ်ထံက သိရသည်။ ယမန်နေ့ ညသန်းခေါင်အချိန်က ကချင်လွတ်မြောက်ရေးတပ်မတော် - KIA က မြို့သစ်၊ တာပိန်မြစ်တံတားစောင့် ရဲတပ်ရင်းအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ ပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုဘက်က လေယာဉ်များသုံး၍လည်း တိုက်ခိုက်မှုများ ရှိခဲ့သည့်အတွက် အနီးအနားရှိ ဒေသခံများက ထွက်ပြေးတိမ်းရှောင်နေကြရသည်။
  • မိုးကောင်းတွင် ပညာရေးမိသားစုနှင့် ဒေသခံအင်အား ၁၀၀ ကျော်ခန့်က အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး အာရုဏ်ဦး သပိတ် ပြုလုပ်ခဲ့သည်။
  • ဖားကန့်၊ တာမခန်တွင်လည်း အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို လူအင်အား ရာနှင့်ချီ ပါဝင်သည့် တာမခန်သပိတ်စစ်ကြောင်းဖြင့် မြို့တွင်းလှည့်လည်ကာ သပိတ်ဆင်နွှဲ ခဲ့ကြသည်။ လုံးခင်းကျေးရွာအုပ်စုဘက်တွင်လည်း တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် စစ်အုပ်စု ဆန့်ကျင်ရေး မိုးပျံပူးပေါင်း သပိတ် ပြုလုပ်ခဲ့သည်။
  • မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့ နံနက် ၉ နာရီက စစ်သုံးတိုက်လေယာဉ်များ ပျံသန်းမှုများ ရှိနေပြီး ယမန်နေ့ ည ၇ နာရီခွဲခန်က မြစ်ကြီးနား၊ လယ်ကုန်းရပ်ကွက်ရှိ ရဲတပ်ရင်း (၃၀) တွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားကာ သေနတ်ပစ်ဖောက်မှုများ ဆက်တိုက်ရှိခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ ယနေ့နံနက်ပိုင်းကလည်း စီတာပူရပ်ကွက်တွင် "တပ်ပျက်နေပြီ" စာသားများကိုင်ဆောင်၍ လူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
  • နမ္မတီးတွင်လည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုကို နေ့စဉ်မပြတ် ဆက်လက်ပြုလုပ်လျက်ရှိသည်။
  • မိုးညှင်းတွင် ကျောင်းသားသမဂ္ဂနှင့် မြို့ခံလူငယ်များ စုပေါင်းကာ မြို့တွင်းလှည့်လည်၍ ပျောက်ကြားဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်

  • တီးတိန်တွင် CDM ဝန်ထမ်းများအား ဖမ်းဆီးရာတွင် မဖမ်းမိသည့်သူများ၏ မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးမှုအချို့ ရှိနေသည်ဟု သိရသည်။

ရှမ်းပြည်နယ်

  • ကျောက်မဲတွင် ယနေ့နံနက်ပိုင်း ၇ နာရီခန့်က လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုဘက်က ဖြိုခွဲရန် ကြိုးစားခဲ့သော်လည်း လူငယ်များက အထိုင်သပိတ်နှင့် ရွှေ့လျားသပိတ်များကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည်။
  • တောင်ကြီးတွင် "စစ်ကျွန်စနစ် လုံးဝအုပ်ချုပ်၍ မရစေရ" – Red Movement ကို ပြုလုပ်၍ လမ်းမများပေါ်၌ ဆေးနီများ ပတ်ဖြန်းခဲ့သည်။ တောင်ကြီးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက လမ်းသွားလမ်းလာများကို အကြမ်းဖက်စစ်အုပ်စုဘက်က စစ်ဆေးမှုများ ပြုလုပ်နေပြီး မင်းမဲ့စရိုက်ဆန်စွာ ငွေကြေးတောင်းခံမှုများလည်း ပြုလုပ်လျက် ရှိသည်။
  • လားရှိုးတွင် စစ်အာဏာဆန့်ကျင်မှု ပုံစံအသစ်ဖြင့် လူမဲ့သပိတ်ပြုလုပ်ခဲ့ရာ စာအုပ်ခေါင်းစဉ်များတွင် စစ်အုပ်စု ဆန့်ကျင်သော စကားရပ်များ ထပ်ပေါင်း၍ စာအုပ်သပိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
  • ရှမ်းမြောက် သိန္နီတွင် အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း မုန့်လုံးသပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

  • ပေါင်မြို့နယ်ရှိ ကျေးရွာများတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် လူငယ်များက ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

နေပြည်တော်

  • အကြမ်းဖက်စစ်အုပ်စု အခြေချထားသည့် နေပြည်တော်တွင် ဆန္ဒပြမှုရှိလာပါက ပစ်ခတ်နှိမ်နင်းသည့်အတွက် ပျောက်ကြား သပိတ်များသာ ရှိခဲ့ပြီး ယမန်နေ့ ညပိုင်းက ပြုလုပ်သည့် Flash Strike ကိုမူ နေပြည်တော်နေရာအနှံ့အပြား၌ ပြုလုပ်ခဲ့သည်။ Flash Strike ကို နေပြည်တော်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၁၀၃ ခုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၁၂ သုံးသပ်ချက်

  • ရန်ကုန်မြို့ပေါ်တွင် ပျောက်ကြားနှင့် ပုံစံမျိုးစုံ သပိတ်များ အားကောင်းဆဲဖြစ်ကာ ဆန္ဒပြမှုများ ရပ်နေသည့် မြို့နယ်အချို့တွင်ပင် လမ်းပေါ်တက်သပိတ်များ ပြန်လည်ရှိလာနေပြီ ဖြစ်သည်။ သင်္ကြန်မပြုလုပ်ရေးနှင့် Red Movement များ ပိုမိုအား ကောင်းလာကာ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း ညပိုင်းများတွင် ကင်းလှည့်ခြင်းများ ခပ်စိတ်စိတ် ပြုလုပ်လျက် ရှိသည်။ အချိန်မရွေး သပိတ်ကြီးများ ပြန်ဖြစ်လာနိုင်သည့် အခြေအနေရှိနေပြီး စစ်တပ်ဘက်က ရပ်ကျေးအုပ်ချုပ်မှု ရယူနိုင် ရေးမှာ ထင်သလောက် မလွယ်သည့် အခြအနေ ဖြစ်သည်။
  • မန္တလေးတွင် လုံခြုံရေးတင်းကြပ်မှုအပေါ် မူတည်၍ သပိတ်များကို အချိ်နအပြောင်းအလဲဖြင့် အားကောင်းကောင်း ပြုလုပ် လျက်ရှိပြီး ဖြိုခွဲခံရသည့်တိုင်း ဆန္ဒပြများဘက်က ဖမ်းဆီးခံရမှု လျော့ကျလာလျက် ရှိသည်။ ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် လက်နက်ကိုင်စစ်တပ်ဘက်က သပိတ်ဖြိုခွဲရေးထက် ၎င်းတို့ လုံခြုံရေးအတွက် ပိုမိုဆောင်ရွက်နေသည့် အနေအထားရှိပြီး သပိတ်များဘက်ကလည်း သိမ်းခံထားရသည့် လမ်းများပေါ်အထိ တက်လာနိုင်နေသည်ကို ကြည့်လျှင် လူထုဘက်က ပိုမို အားကောင်းနေသည်ဟု သုံးသပ်နိုင်မည် ဖြစ်သည်။
  • ယခင် သတိပေးထားသည့်အတိုင်း အင်အားကောင်းသည့် နယ်မြို့များအား လက်နက်ကိုင် အကြမ်းဖက်စစ်တပ်ဘက်က ပစ် မှတ်ထား တိုက်ခိုက်လာရာ ခုခံအားကောင်းပြီး စစ်တပ်ဘက်က အကျအဆုံးများသည့် စစ်ကိုင်း၊ တမူးမြို့အား တိုက်ခိုက်မှု များ ဆက်တိုက်ပြုလုပ်လာနေသည့်အတွက် အခြားမြို့များလည်း သတိထားကြရန် လိုအပ်သည်။ တမူးမြို့အား အင်အားအ လုံးအရင်းဖြင့် ဖြိုခွင်းနိုင်ခြင်းမှာ ကလေးမြို့ခံတပ်များ ကျသွားခဲ့သည့်အတွက် ဖြစ်ပြီး ယင်းခံတပ်များ အားပြန်ကောင်းလာ ပါက စစ်အုပ်စုအတွက် အကျပ်ရိုက်ဖွယ် အခြေအနေကို ဖန်တီးနိုင်မည် ဖြစ်သည်။
  • မုံရွာတွင် ပင်မသပိတ်စစ်ကြောင်းကြီး လမ်းပေါ်ပြန်တက်လာနိုင်ပြီဖြစ်ရာ အကြမ်းဖက်စစ်တပ်အတွက် နိုင်ငံရေးအရ အနုတ်ပြစေပြီး မုံရွာအနီးဝန်းကျင်တွင်လည်း သပိတ်များ ပိုမိုအားကောင်းလာနေလျက် ရှိသည်။ ကချင်နှင့် အခြားသော တိုင်းရင်းသားဒေသများတွင် စစ်အုပ်စု ဆန့်ကျင်ကြောင်း သပိတ်များ ဆက်လက် အားကောင်းနေဆဲဖြစ်ကာ ဖြိုခွင်းခံရမှု အချို့ရှိသော်လည်း သပိတ်အရှိန်အား ဟန့်တားနိုင်ခြင်း မရှိသည့် အနေအထား ဖြစ်သည်။
  • ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာ ရပ်ကျေးအုပ်ချုပ်ရေး စတင်နိုင်ရန် အကြမ်းဖက်စစ်အုပ်စုက ဦးတည်ချက်ထားနေပြီး ပြည်သူများဘက်က ဆန့်ကျင်တုန့်ပြန်မှုမှာလည်း အဆင့်တက်လာနိုင်ဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly