လူထုပေးတဲ့ အကြောက်တရားအောက်မှာ တပ် ပျက်နေပြီ...

By ထွဏ်းမောင်
12 April 2021
လူထုပေးတဲ့ အကြောက်တရားအောက်မှာ တပ် ပျက်နေပြီ...
Photo - CJ

လူထုပေးတဲ့ အကြောက်တရားအောက်မှာ တပ် ပျက်နေပြီ...

အခု ရက်ပိုင်း လူကြားထဲမှာကော၊ ပိတ်ဆို့ထားလို့ အသက်ငင်နေတဲ့ လူမှုကွန်ရက်ပေါ်မှာကော မင်းအောင်လှိုင်စစ်အုပ်စု ဘက်က ကောလာဟလတွေ ဆက်တိုက်ဆိုသလို ထုတ်နေပါတယ်။ "ဖုန်းတွေ စစ်နေတယ်"၊ "အနက်ရောင်ဝတ်ရင် လိုက်ဖမ်းနေတယ်"၊ "Mask မတပ်ရင် ဒဏ်ငွေရိုက်တယ်" စဖြင့် ပေါင်းစုံအောင်ကို ထုတ်နေတာပါ။ စစ်အုပ်စုက ဒီလိုလုပ်တာဟာ နည်းလမ်း ဟောင်းကြီး၊ မှိုတက်နေတဲ့ ဓာတ်ပြားဟောင်းကြီးကို ဖုံခါပြီး ပြန်သုံးလာတာပါ။ လူတွေကြားထဲ အကြောက်တရားတွေ သွတ်သွင်းပြီး ဖိအားပေးဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

စစ်အုပ်စုက လူတွေကို လက်နက်နဲ့ ပစ်သတ်ပြီး အကြောက်တရား သွင်းခဲ့ပြီးပါပြီ။

စစ်အုပ်စုက ဧည့်စာရင်း ဥပဒေကို အသက်သွင်းပြီး အကြောက်တရား သွင်းခဲ့ပြီးပါပြီ။

ပြန်မေးကြည့်ပါ၊ ဘယ်အကြိမ်များ အောင်မြင်သလဲလို့။

သေနတ်တရမ်းရမ်း အကြမ်းဖက် လူသတ်ပြလဲ လူတွေက လမ်းပေါ်က ဆင်းမကုန်ကြပါဘူး။

ဧည့်စာရင်းဥပဒေ အကောင်အထည်ဖော်ဖို့ ရပ်ကွက်ရုံး ဖွင့်လိုက်တိုင်း လောင်မီးသင့်နေတာကို ကြည့်ရင်လည်း ဒီနည်းလမ်း က လူထုဆီ အကြောက်တရားတွေ မရောက်စေဘူးဆိုတာ မြင်မှာပါ။

လူထုမှာ လက်နက်လည်း မရှိပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်ကို နိုင်ငံရေးသားကြောဖြတ်ဖြစ်ဖို့ဆို ရတဲ့နည်း၊ ရတဲ့လက်နက်နဲ့ တော်လှန်နိုင်တယ်၊ တော်လှန်ရဲတယ်ဆိုတာကို မင်းအောင်လှိုင်စစ်အုပ်စု ကောင်းကောင်း သိပါတယ်။ ဒါကြောင့်လည်း ထိရင် ခေါင်းကို ပစ်၊ မိရင် အသေသတ်ဆိုတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို အာဏာသိမ်းပြီးကတည်းက ဒီကနေ့အထိ ဆက်တိုက်လုပ်ပြပြီး အကြောက်တရားတွေ ဖြစ်လာအောင် ဖန်တီးနေရတာ ဖြစ်ပါတယ်။ ခါးသီးတဲ့ အမှန်တရားတော့ ရှိပါတယ်။ အဲဒါက တချို့နေရာတွေ မှာ စစ်အုပ်စုရဲ့ ဒီလိုအကြောက်တရား သွတ်သွင်းတဲ့လုပ်ရပ်က အလုပ်ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ နေရာတိုင်း မဟုတ်ပါဘူး။ တချို့ တချို့သော နေရာတွေမှာပါ။ နေရာဆိုတာတောင် စစ်အုပ်စုက အလုံးအရင်းနဲ့ တပ်စွဲထားတဲ့ နေရာမျိုးပါ။ အားမတန်လို့ ခံမချနိုင် သေးတဲ့နေရာတချို့မှာ စစ်အုပ်စုက အာဏာပြနေနိုင်တာပါ။

ဒီကနေ့ မြန်မာ့နိုင်ငံရေး နွေဦးရင်ပြင်မှာ သပိတ်ရောင်စုံက နေရာတိုင်း ထကြွနေတာ နေ့တွေ ညတွေတောင် ဆက်ကုန်ပါပြီ။ သပိတ်ပုံစံတွေကလည်း ၈၈ အရေးအခင်းတုန်းက စစ်အုပ်စု ကြုံခဲ့ရဖူးတဲ့ ပုံစံတွေ မဟုတ်တော့ပါဘူး။ အနုကော အကြမ်းကော ရောယှက်နေတဲ့ ပုန်ကန်မှုပုံစံသစ်တွေပါ။ အနုလိုင်းမှာ လူတိုင်းပါသလို အကြမ်းလိုင်းမှာလည်း နုနယ်ပေမယ့် အားကောင်းမောင်းသန်ရှိတဲ့ အမျိုးသမီးငယ်တွေပါ ရှေ့တန်းက ပါနေပါတယ်။ ဒီလိုမျိုး ဘက်ပေါင်းစုံသပိတ်တွေကို ကြည့်ရင် စစ်အုပ်စု ဖြစ်စေချင်တဲ့ အကြောက်တရားနဲ့ အုပ်ချုပ်ခံမယ့် လူ့အဖွဲ့အစည်း ရှိမနေဘူးဆိုတာကို သိသာလွန်းနေပါပြီ။ လူထုဟာ "ဖိရင် ကြွ၊ ထိရင် ချ" မယ်လို့ ကြွေးကြော်ထားပြီးသားပါ။ ဒီကြွေးကြော်သံမှာ မကြောက်တရားတွေနဲ့ ထုံမွှန်းနေ၊ အာခံမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

လူထုကို အကြောက်တရား သွင်းဖို့ ကြိုးစားရင်း တကယ်တမ်း ကြောက်နေသူတွေက မင်းအောင်လှိုင်စစ်အုပ်စုနဲ့ သူ့ကို ထောက်ခံနေသူတွေပါ။ လူထုဘက်မှာ နိုင်ငံရေးသမားတွေ မတူတာတစ်ခုက ဘယ်သူက ရန်သူ၊ ဘယ်သူက ကိုယ့်လူဆိုတာကို ရှင်းရှင်းလင်းလင်း "ရန် ငါ ပြတ်ပြီးသား" ပါ။ ရန်သူကို ရန်သူလို ဆက်ဆံမယ်ဆိုတဲ့ ရှင်းလင်း၊ ပြတ်သား၊ ခိုင်မာတဲ့ သံဓိဋ္ဌာန်က ပြည်သူ့ဘက်မှာ ရှိနေတာကို မင်းအောင်လှိုင်စစ်အုပ်စု ကြောက်နေတာပါ။ လူထုဟာ ရန်သူကို ရန်သူလို ဆက်ဆံမယ်၊ ညှိနှိုင်းရေးဟာ ပြည်သူ့လမ်းစဉ်မဟုတ်ဘူးဆိုတာကို အာဏာသိမ်းကတည်းက ကြေညာထားပြီးသားပါ။ လူထု အောင်ပွဲခံပြီဆိုတာနဲ့

အရင်ဆုံး စစ်အုပ်စု ရင်ဆိုင်ရမှာ လူထုရဲ့ တရားစီရင်မှုပါ။ ဒီလို တရားစီရင်ခံရမှာကိုလည်း သိနေတဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုက တပ်ပျက်နေတာပါ။

စည်းရုံးရေး ကောင်းတယ်၊ တစ်သွေး တစ်သံ တစ်မိန့် ကျင့်သုံးတဲ့ တပ်ထဲမှာတေင် လူထုရဲ့ ရဲရင့်မှုက သူတို့အတွက် အကြောက်တရားပါပဲ။ ဗိုလ်အဆင့်တွေတောင် တပ်က ထွက်ပြေးကုန်တာကြောင့် ဗိုလ်စိုးဝင်းကိုယ်တိုင် နိုင်ငံ့အနှံ့က တပ်စခန်းတွေမှာ မဟုတ်မမှန်စကားတွေနဲ့ စည်းရုံးရေးဆင်းနေရပါပြီ။ အင်အားရှိကြောင်းကို ပြဖို့ ဗိုလ်မင်းအောင်လှိုင်ကိုယ်တိုင် ဝပ်ကျင်းထဲက ထွက်လာပြီး စစ်ရေယာဉ်ပေါ် မျက်နှာထွက်ပြရပြီ။ ငါတို့မှာ အင်အားရှိတယ်လို့ ကြွေးကြော်ပြနိုင်ဖို့ ဗိုလ်သင်တန်းတွေ ဆင်းပြတာမျိုး၊ ရဲသင်တန်းတွေ ဆင်းပြတာမျိုးတွေနဲ့ ထုတ်ရှိုးပြနေရပါတယ်။ ဒါဟာ တပ်ပျက်နေပြီဆိုတာနဲ့ လူထုရဲ့ ခိုင်မာတဲ့ ဒီမိုကရေစီလိုလားချက်ဟာ စစ်အုပ်စုအတွက် အကြောက်တရားအဖြစ် ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာက မြန်မာပြည်က လူထုအသံ နားထောင်ပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို သားကြောဖြတ်ဖို့ လုပ်နေသလို လူထု တိုက်ပွဲတွေကလည်း စစ်တပ်ကို ဇာတ်သိမ်းခန်းမှာ အနိုင်ပိုင်းဖို့ နေရာစုံက ထနေပါပြီ။ CRPH လို အဖွဲ့ကလည်း ဖက်ဒရယ်ပြည် ထောင်စု ပေါ်ပေါက်ရေး အားကုန်ရုန်းနေသလို တိုင်းရင်းသားတွေဘက်ကလည်း သပိတ်စုံကြွ၊ လက်နက်စုံနဲ့ ပြန်ချနေကြပါပြီ။ မင်းအောင်လှိုင် နောက်လိုက် ကောင်စီဝင်ခွေးတသိုက်ဟာလည်း အကြောက်တရားတွေ ပိပြီး နေပြည်တော်ဆိုတဲ့ ဝပ်ကျင်းကနေ မခွာနိုင်တာကိုကြည့်ရင် လူထု ရာဇသံကို သူတို့ချည်း သီးသန့် မလွန်ဆန်နိုင်ဘူးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စု အာဏာသိမ်းတာဟာ အခုဆိုရင် ရက်ပေါင်း ၆၀ ကျော်လာပါပြီ။ ထို့နည်းတူ ဆန့်ကျင်တော်လှန်လို့ စစ်အုပ်စုက ပစ်သတ်ခံရတာဟာလည်း ၇၀၀ တောင် ကျော်လာပါပြီ။ ဒါတောင် လူထုဘက်က အသံမတိတ်၊ အလံမလိပ်ကြပါဘူး။

ထောက်ခံသူ လူတစ်အုပ်စုနဲ့ ကောင်စီ နာမည်ခံပြီး လက်နက်နဲ့ နိုင်ငံကို အုပ်ချုပ်ဖို့ အတင်းအဓမ္မလုပ်နေတာတောင် ရပ်ကွက်ရုံးတစ်ရုံးတောင်မှ အချိန်ပြည့် မထိုင်နိုင်သေးပါဘူး။ ရပ်ကွက်ရုံးတွေကို ငါတို့ ပိုင်ပြီဆိုတာ ပြနိုင်ဖို့ သေနတ်ကိုင်တစ်သိုက် အစောင့်ချပြီး နာရီပိုင်းလောက် ဝင်ထိုင်ပြရုံလောက်ပဲ တတ်နိုင်ပါသေးတယ်။ စစ်အုပ်စုက လူထုလက်ထဲက အာဏာကို တစ်ပြားတစ်စိမှတောင် မရသေးပါဘူး။ လက်နက်ရှိနေလို့သာ အခုအချိန်အထိ မိုက်တွင်းနက်နေနိုင်တာ ဖြစ်ပါတယ်။ တကယ်တော့ မင်းအောင် လှိုင်စစ်အုပ်စု တပ်ပျက်နေပါပြီ။

စစ်အာဏာရှင်စနစ် မလိုချင်ဘူးဆိုတဲ့ လူထုရာဇသံက ညံနေပါပြီ။ လူထုရဲ့ ဒီမိုကရေစီကို ချက်ချင်းလက်ငင်း ရယူလိုတဲ့ သံဓိဋ္ဌာန်နဲ့ ရန် ငါ ပြတ်မှုက စစ်အုပ်စုအတွက် ကြောက်စရာ၊ လန့်စရာ၊ စိုးရိမ်စရာ ဖြစ်နေပါပြီ။ တပ်ပျက်က အသက်ထွက်ဖို့ နီးနေပါပြီ။ ဒါကြောင့် အသံလည်း မတိတ်ဘူး...အလံလည်း မလိပ်ဘူး…။ ပြည်သူ့တိုက်ပွဲ ကနေ ပြည်သူ့အောင်ပွဲဆိုတာ မဝေးတော့ပါဘူး။ --- အရေးတော်ပုံ အောင်ရမည် ---

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly