နျူကလီးယားစက်ရုံ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းက အစ္စရေး လက်ချက်ဟု အီရန် ပြော 

နျူကလီးယားစက်ရုံ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းက အစ္စရေး လက်ချက်ဟု အီရန် ပြော 

အီရန်နိုင်ငံရဲ့ နာတန်ဇ် နျူကလီးယားစက်ရုံကို ပြီးခဲ့တဲ့ ရက်က ဆိုင်ဘာတိုက်ခိုက်ခံရတဲ့ နောက်ကွယ်မှာ အစ္စရေး လက်ချက်မကင်းဘူးလို့ တနင်္လာနေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပြီး တုံ့ပြန်လက်စားချေသွားမယ်လို့ ကတိပြုပြောဆိုပါတယ်။ 

“အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းစေလိုတဲ့ အီရန်ပြည်သူတွေရဲ့ စိတ်ရှည်သည်ခံတဲ့ သဘောထားကို အစ္စရေးအစိုးရက ဖျက်ဆီးဖို့ ကြိုးစားတာပဲ”လို့ ပြောရေးဆိုခွင့်ရှိသူ ခါတစ်ဇာဒက်ရှ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

သမိုင်းဝင် အီရန်နျူကလီးယားသဘောတူညီချက်ကို ပြည်လည်အသက်သွင်းဖို့ ရည်ရွယ်တဲ့ ဗီယင်နာက ကျင်းပဆဲ ဆွေးနွေးပွဲတွေကို အစ္စရေးက ဖျက်လိုဖျက်ဆီး လုပ်ဖို့ ကြိုးစားနေတာပဲလို့လည်း သူက သွယ်ဝိုက်ပြောဆိုပါတယ်။ 

နာတန်ဇ်စက်ရုံမှာ ခေတ်မီ ယူရေနီယံစက်ဒလက်တွေ စတင်တပ်ဆင်ပြီဖြစ်ကြောင်း အီရန်က ပြောဆိုအပြီး နောက်တစ်ရက်မှာ ဖြစ်ပွားတဲ့ တနင်္ဂနွေနေ့က အဲဒီ တိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်ပဲဖြစ်တယ်လို့ အီရန်က ပြောဆိုပါတယ်။  

အီရန်နိုင်ငံအနေနဲ့ ယူရေနီယံ တိုးမြှင့်သိုလှောင်မှုဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားပြီး အခက်ကြုံနေရတဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီချက်ပါ ကတိကဝတ်တွေကို ချိုးဖောက်လိုက်ရာ ရောက်နေပါတယ်။ 

အမေရိကန်နိုင်ငံဟာ အဲဒီ သဘောတူညီချက်ကနေ ၂၀၁၈ မှာ နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့တာကြောင့် အီရန်ဟာ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာတော့မှာ မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။ 

နာတန်ဇ်စက်ရုံမှာ လျှပ်စစ်ဓာတ်အားပေးစနစ် တိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ညစ်ညမ်းမှုဖြစ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်ခဲ့ဘူးလို့ အီရန် အက်တမ်စွမ်းအင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ပြောခဲ့ပါတယ်။ 

တိုက်ခိုက်မှုကြောင့် ပထမမျိုးဆက် IR-1 ယူရေနီယံစက်ဒလက်တစ်ခု ပျက်စီးခဲ့ရပြီး ဒါကို ခေတ်မီတဲ့ စက်ဒလက်တွေနဲ့ ပြန်လည်အစားထိုးမှာ ဖြစ်တယ်လို့ ခါတစ်ဇာဒက်ရှက် ပြောပါတယ်။ 

ဒီ တိုက်ခိုက်မှုအတွက် အစ္စရေးအစိုးရကို စိတ်ကြိုက်အချိန်နဲ့ နေရာ ရွေးချယ်ပြီး အီရန်က လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ၎င်းက စိတ်ပိုင်းဖြတ် ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly