မြန်မာ့အကျပ်အတည်းအတွက် နိုင်ငံတကာ တုံ့ပြန်မှုကို ရုရှနဲ့ တရုတ် ကန့်လန့်တိုက်နေဟု အီးယူ ပြော 

မြန်မာ့အကျပ်အတည်းအတွက် နိုင်ငံတကာ တုံ့ပြန်မှုကို ရုရှနဲ့ တရုတ် ကန့်လန့်တိုက်နေဟု အီးယူ ပြော 

မြန်မာ့အကျပ်အတည်းအပေါ် နိုင်ငံတကာက တုံ့ပြန်မှုမှာ ရုရှနဲ့ တရုတ်နိုင်ငံတွေက ကန့်လန့်တိုက်နေတယ်လို့ အီးယူ ထိပ်တန်းသံတမန်တစ်ဦးက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ 

နိုင်ငံတွင်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်ရဲ့ ဖြိုခွင်းခံရတာမှာ သေဆုံးသူ ၇၀၀ ကျော်အထိ ရှိနေချိန်လည်း ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ မြန်မာနိုင်ငံမှာ မတည်မငြိမ် ဖြစ်နေတော့တာပါ။ 

အကြမ်းဖက်မှုတွေ ရပ်တန့်အောင် နိုင်ငံတကာရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း ရလဒ်ကောင်း ထွက်မပေါ်လာနိုင်သေးဘဲ ဖြစ်နေဆဲ ရှိပါတယ်။  

မြန်မာနိုင်ငံအပေါ် လက်နက်ကုန်သွယ်မှု တားမြစ်ပိတ်ပင်မိန့် ပြဋ္ဌာန်းမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှနဲ့ တရုတ်နိုင်ငံတို့က ကန့်လန့်တိုက်တားမြစ်နေတာဟာ အံ့ဩစရာ မရှိဘူးလို့ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ပြောပါတယ်။ 

“မြန်မာနိုင်ငံတွင်း ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုကြောင့် ဘုံသဘောတူညီချက် ရဖို့အရေးမှာ အလွန်အခက်အခဲ ဖြစ်နေစေမှာပါ၊ ဒါကို ကျွန်တော်တို့ ထပ်တလဲလဲ မျက်မြင်ကြုံတွေ့ပြီးသားလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ကြိုးစားရမှာကတော့ ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ”ဆိုပြီး ဘလော့ဂ်မှာ သူက ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

မကြာသေးတဲ့ နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန််းအတွက် အီးယူဟာ အဓိက တင်ပို့ဈေးကွက်ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသာ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်သွားရင် အီးယူအနေနဲ့ စီးပွားရေး ဆက်ဆံမှုတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်ဖို့ ကမ်းလှမ်းဖြစ်ပါလိမ့်မယ်လို့လည်း ဘော်ရဲလ်က ပြောပါတယ်။ 

“မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုနဲ့ ကျင့်သားရနေပြီ၊ နိုင်ငံက ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒသဘောထားတွေကိုလည်း ဆယ်စုနှစ်တွေကြာ မျက်ကွယ်ပြုနေတော့တာ ဖြစ်တယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly