တမူးမှာ ပြည်သူနဲ့ အကြမ်းဖက်စစ်တပ် ထိပ်တိုက်တွေ့နေ၊ ပြည်သူနှစ်ဦးဖမ်းဆီးခံရ

တမူးမှာ ပြည်သူနဲ့ အကြမ်းဖက်စစ်တပ် ထိပ်တိုက်တွေ့နေ၊ ပြည်သူနှစ်ဦးဖမ်းဆီးခံရ

မဇ္ဈိမ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့နေကြတယ်လို့ ကာကွယ်ရေးအဖွဲ့မှာပါတဲ့သူတစ်ယောက်က မဇ္ဈိမကိုပြောပါတယ်။

တမူးမြို့မှာ ဧပြီလ ၁၂ ရက်နေ့ မနက် ၆ နာရီဝန်းကျင်ထဲက အကြမ်းဖက်စစ်တပ်က အလုံးအရင်းနဲ့ ခံတပ်တွေကိုဝင်ဖြိုနေကြတာလို့သိရပါတယ်။

“ လက်ရှိမှာ စစ်ကား ၄/ ၅ စီးလောက်ဝင်လာပြီး သပိတ်စခန်းတွေကို ဝိုင်းထားတယ်။ လူနှစ်ယောက်ဖမ်းသွားတယ်။ ခံတပ်တွေကိုလိုက်ဖြိုနေတယ်။ မဲမဲမြင်ရာပစ်နေတယ် ” လို့ ဧပြီ ၁၂ ရက်နေ့ မနက် ၁၀ နာရီထိုးခါနီးမှာပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်က ဘူဒိုဇာတွေအသုံးပြုဖြိုဝင်လာတာဖြစ်ပြီး နှစ်ဖက်ကျဆုံးစရင်းနဲ့ အသေးစိတ်ကိုတော့ ထိပ်တိုက်ရင်ဆိုင်နေကြတဲ့အချိန်ဖြစ်နေလို့ မေးမြန်းခွင့်မရသေးပါဘူး။

အကြမ်းဖက်စစ်တပ်ဘက်က ၁၈ ဦးကျပြီး ၂၅ ဦး ဒဏ်ရာရခဲ့တဲ့တမူးမြို့ကို ဧပြီ ၁၁ ရက်နေ့ နေ့လယ်ကတည်းက ကလေးမြို့ဘက်ကနေ စစ်ကားတွေတက်လာခဲ့ကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း တမူးမြို့မှာ တိုက်ခိုက်မှုနဲ့ မဆိုင်တဲ့ ပြည်သူတချို့ကို့ အကြမ်းဖက်စစ်တပ်ဘက်ကပစ်ခတ်လို့ ပြည်သူ ၄ ဦးထက်မနည်း ကျဆုံးခဲ့ရပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly