တစ်ရက်တည်း လူ ၈၀ ကျော်ကိုသတ်တာက လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ AAPP ပြော

တစ်ရက်တည်း လူ ၈၀ ကျော်ကိုသတ်တာက လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ AAPP ပြော

ပဲခူးတိုင်းဒေသကြီးမှာ ဧပြီ ၉ ရက်နေ့က စစ်တလင်းသဖွယ် ပစ်ခတ်ပြီး ပြည်သူ ၈၂ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တာဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုဖြစ်ကြောင်း AAPP ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေပြီး ပဲခူးမှာ တစ်ရက်ထဲ အနည်းဆုံး ပြည်သူ ၈၂ ယောက်ထိ သတ်ဖြတ်ခံခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ပြည်သူတချို့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားလို့ ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ခွင့်မပြုတဲ့အတွက် သွေးထွက်လွန်ပြီး ကျဆုံးခဲ့ရတဲ့ ဖြစ်ရပ်အများအပြားရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် “အရပ်သားပြည်သူတေအပေါ် လက်နက်ကြီးတွေအသုံးပြုတဲ့အပြင် ဆေးကုသခွင့်ကိုတောင်ပိတ်ပင်တဲ့သတင်းတွေနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့အပေါ်စောင့်ကြည့်နေကြောင်း” မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က ဧပြီ ၁၀ ရက်မှာထုတ်ပြန်ခဲ့ပါသေးတယ်။

ကုလအနေနဲ့ကတော့ ထုံးစံအတိုင်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒဏ်ရာရသူတွေအတွက် ကျန်းမာရေးအဖွဲ့တွေကို ဝင်ခွင့်ပြုဖို့ ခွင့်ပြုဖို့ကိုတောင်းဆိုကြောင်း စစ်ကောင်စီကိုရည်ရွယ်ပြီးထုတ်ပြန်ခဲ့တာပါ။

AAPP ကတော့ ဒီလို အပြင်းအထန် ပစ်ခတ် သတ်ဖြတ်တာဟာ ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှု၊ စိတ်အားတက်ကြွမှုတွေ လျော့နည်းစေဖို့နဲ့ အကြောက်တရားတွေ စိမ့်ဝင်လာစေဖို့ပြုလုပ်တာလို့ ယူဆကြောင်းလည်း ထုတ်ပြန်ချက်မှာရေးသားခဲ့ပါတယ်။

ပဲခူးမြို့ဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ ဧပြီ ၁၀ ရက်အထိ ကျဆုံးသူက ၇၀၀ ကျော်အထိရှိလာခဲ့ပါပြီ။ ဒီအရေအတွက်ဟာ AAPP က ကောက်ယူ ရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီအရေအတွက်ထက်ပိုများနေနိုင်ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly