အစိုးရက နိုင်ငံခြားဖောက်သည်များကို ပိတ်ပင်လိုက်သောကြောင့် အိန္ဒိယ အငှားကိုယ်ဝန်ဆောင်လုပ်ငန်း အထိနာလျှက်ရှိ

အစိုးရက နိုင်ငံခြားဖောက်သည်များကို ပိတ်ပင်လိုက်သောကြောင့် အိန္ဒိယ အငှားကိုယ်ဝန်ဆောင်လုပ်ငန်း အထိနာလျှက်ရှိ

နယူးဒေလီ၊ နိုဝင်ဘာ-၂၆ ။               ။ ကောင်းစွာလေ့ကျင့်ထားသည့် ဆရာဝန်များ၊ အဆင့်မြင့်သန္ဓေထွန်းဆေးခန်းများနှင့် အငှားကိုယ်ဝန်ဆောင်လိုသည့် ဆင်းရဲနွမ်းပါးသော အမျိးသမီးများ   ပေါများလွန်းမှုကြောင့် ကမ္ဘာအရပ်ရပ်ရှိ ကလေးမရှိသည့် ဇနီးမောင်နှံ ထောင်ပေါင်းများစွာအတွက် အိန္ဒိယမှာ သူတို့၏ မိဘဖြစ်ရေး အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်သည့် ခရီးဆုံးနေရာတစ်ခု ဖြစ်လာနေခဲ့သည်။

သို့ရာတွင် မကြာသေးမီက အိန္ဒိယအစိုးရက နိုင်ငံခြားသားများအတွက် အငှားကိုယ်ဝန်ဆောင်မှုလုပ်ငန်းကို ပိတ်ပင်လိုက်ပြီး သန္ဓေထွန်းဆေးခန်းများကိုလည်း နိုင်ငံခြားသားများအတွက် ကလေးမွေးပေးရန် အိန္ဒိယအမျိုးသမီးများအား ငှားရမ်းခြင်း မပြုလုပ်တော့ရန် အမိန့်ပေးခဲ့သည်။

အိန္ဒိယအမျိုးသမီးများကို ခေါင်းပုံဖြတ်မခံရအောင် ရည်ရွယ်ပိတ်ပင်ခြင်းဖြစ်သော်လည်း အငှားကိုယ်ဝန်ဆောင်၍ လုပ်ကိုင်စားသောက်ရသည့် အမျိုးသမီးအချို့ကိုမူ အကြီးအကျယ် အထိနာစေသည်ဟု ဆိုသည်။

အငှားမိခင်လုပ်ရတာက ကျမတို့အတွက် အိမ်ဆောက်ဖို့၊ အမိုးသစ်မိုးဖို့ အခွင့်အလမ်းပါး အငှားကိုယ်ဝန် တစ်ကြိမ်ဆောင်လိုက်တာက အိမ်အကူ ဆယ်နှစ်လုပ်တာထက် ငွေပိုရပါတယ်ဟု အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်အတွင်းရှိ သန္ဓေထွန်းဆေးခန်းများ စုဆုံရာ အနန်းမြို့မှ တီနာ ရဂျက် ချာဗန်က တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

အိန္ဒိယမှာ ကမ္ဘာပေါ်တွင် အငှားကိုယ်ဝန်ဆောင်မှုကို တရားဝင်ခွင့်ပြုသည့် နိုင်ငံအနည်းငယ်ထဲမှ တစ်ခုဖြစ်ပြီး၊ ဖန်ပြွန်သန္ဓေအောင်နည်းမှတစ်ဆင့် ရလာသည့် လင်မယားစုံတွဲများ၏ ကလေးကို ကိုယ်ဝန်လွယ်ရန်အတွက် အမျိုးသမီးတစ်ယောက်ကို ငှားရမ်းနိုင်သည်။

အိန္ဒိယ၏ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အငှားကိုယ်ဝန်ဆောင်ရှာရန် လာရောက်သည့် လင်မယားစုံတွဲများ (သို့မဟုတ်) မျိုးပွားခရီးသွားများကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးတော့ရန် ပြည်ပ အိန္ဒိယသံရုံးများကို အမိန့်ထုတ်ထားသည်။

ယခုအချိန်အထိ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကို ထိန်းချုပ်သည့် ဥပဒေများကို မပြဌာန်းရသေးသောလည်း အစိုးရကမူ အောက်တိုဘာ ၂၈ရက်နေ့က အထက်ရုံးတော်ရှေ့မှောက် ချပြသည့် စာထဲတွင် ၎င်း၏ ရပ်တည်ချက်ကို အထင်အရှား ဖော်ပြထားသည်။

ထိုစာထဲတွင် အိန္ဒိယအနေဖြင့် စီးပွားဖြစ်အငှားကိုယ်ဝန်ဆောင်မှုကို မထောက်ခံကြောင်း၊ အငှားကိုယ်ဝန်ဆောင်မှုကို သန္ဓေမအောင်သည့် လက်ထပ်ပြီး အိန္ဒိယဇနီးမယားများအတွက်သာ ကန့်သတ်ထားပြီး နိုင်ငံခြားသားများအတွက် မဟုတ်ကြောင်း ပြောကြားထားသည်။

မိန်းမလျာ၊ လက်မထပ်ရသေးသည့် စုံတွဲများနှင့် တစ်ကိုယ်တည်းသမားများ အငှားကိုယ်ဝန်ဆောင် ငှားရမ်းခြင်းကိုမူ ယခင်ကတည်းပင် အမိန့်ထုတ်ပြန် တားမြစ်ထားသည်။  

မီဒီယာသို့ ပြောခွင့်မရှိသောကြောင့် အမည်မဖော်လိုသည့် အစိုးရအရာရှိတစ်ဦးကမူ အငှားကိုယ်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် စည်းမျဉ်းများကို တင်းကျပ်လိုက်ရခြင်းမှာ ဥပဒေကြောင်းအရ ကာကွယ်မှုမရှိသည့်  အခြေအနေတွင် ဆင်းရဲသည့်အမျိုးသမီးများ ခေါင်းပုံအဖြတ်မခံရစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

နိုင်ငံခြားသား လင်မယားစုံတွဲနှစ်တွဲအတွက် အငှားကိုယ်ဝန်ဆောင်ပေးခဲ့သည့် ချာဗန်ကမူ အငှားကိုယ်ဝန် နှစ်ခါဆောင်ရာမှ ရရှိလာသည့် ငွေကြေးကြောင့် သူမ၏ ကလေးသုံးယောက်ကို အထက်တန်းကျောင်းပြီးအောင် ထားနိုင်ခဲ့သည်ဟု ဆိုသည်။

အငှားကိုယ်ဝန်ဆောင်ငွေသာမရခဲ့ရင် သူတို့ကို ကျောင်းထုတ်ပစ်ရုံပဲရှိတော့တယ်ဟု ၃၅နှစ်အရွယ် ချာဗန်က ပြောကြားခဲ့သည်။ သူမမှာ ယခုလောလောဆယ်တွင် သူတို့၏ မွေးကင်းစများအတွက် ဗီဇာရရန် စောင့်ဆိုင်းနေကြသော မိဘများ၏ အငှားကိုယ်ဝန်ဆောင်ကလေးများကို နာနီအဖြစ် ကူညီစောင့်ရှောက်ပေးနေသည်။

ဒီပိတ်ပင်မှုက ဘယ်သူ့ကိုမှ အကျိုးမရှိစေပါဘူး။ ကျမတို့လို ဆင်းရဲသားတွေအဖို့ ငွေ ရပေါက်ရလမ်းကလေးတွေ ပိတ်သွားတာပေါ့ဟု ချာဗန်က ပြောသည်။

ချာဗန်၏ ပြောကြားချက်အရ အငှားကိုယ်ဝန် တစ်ကြိမ်ဆောင်လျှင် ရူပီးငွေ ၅၀၀၀၀၀ (ကန်ဒေါ်လာ ၇၇၀၀)ရသည်ဟု ဆိုသည်။ ယင်းမှာ အငှားကိုယ်ဝန်ဆောင်လုပ်ငန်း ထွန်းကားရာ ဂူဂျာရတ်ပြည်နယ်တွင် ပုံမှန်ပေါက်ဈေးဖြစ်သော်လည်း အခြားပြည်နယ်များမှ အမျိုးသမီးများမှာမူ ရူပီးငွေ ၁၅၀၀၀၀ (ကန်ဒေါ်လာ ၂၃၀၀)ခန့်သာ လျော့နည်း၍ ရကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly