တော်လှန်ရေးက လက်တစ်ကမ်းတင်...လုံခြုံရေး ဂရုစိုက်...

တော်လှန်ရေးက လက်တစ်ကမ်းတင်...လုံခြုံရေး ဂရုစိုက်...

ဧပြီ ၈

အခုတလော နိုင်ငံတွင်း ဒေသအနှံ့က မိတ်ဆွေတွေဆီ ဖုန်းဆက်တိုင်း နောက်ဆုံးပိတ် ပြောဖြစ်တဲ့ စကားက "လုံခြုံရေး ဂရုစိုက်"။

နိုင်ငံအနှံ့က စစ်အုပ်စု ဇာတ်သိမ်းရေး လှုပ်ရှားမှုသတင်းတွေကို နေ့စဉ်မပြတ် သတင်းသမားပီပီ နေ့စဉ်စောင့်ကြည့်ရာမှာ တနေ့ထက် တနေ့ ခွေးဆွဲခံရတဲ့ သတင်းတွေက ဆက်တိုက်ဆိုသလို ကြားရတာကြောင့်ပါ။ ခွေးဆွဲခံရတာဟာ မြို့ကြီးတွေမှာ ခပ်စိတ်စိတ် ဖြစ်နေပြီး ဆွဲတိုင်းလည်း တော်လှန်ရေးသားကောင်းတွေ ပါပါသွားတာဟာ သတိချပ်ရမယ့် ကိစ္စဖြစ်လာလို့ပါ။

ဒီလို ခွေးဆွဲတိုင်းလည်း အများအားဖြင့် အရပ်ဝတ်တွေ ပါတတ်သလို အရပ်ဝတ်မပါဘဲ လက်နက်ကိုင်စစ်ခွေးတွေချည်းလာပြန်ရင် လည်း စာရွက်တွေ ကိုင်ကိုင်လာတာကို ကြည့်ရင် ကြုံလို့ ဝင်ရှာ ဖမ်းတာမျိုးမဟုတ်ဘဲ သတင်းပေးတွေရဲ့ တိကျတဲ့သတင်းတွေ ကြောင့်ချည်းဆိုတာ သုံးသပ်လို့ ရပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲက ညောင်တုန်းလမ်း ဓမ္မာရုံမှာ လူထုကို ဆေးကုသမှုပေးနေတဲ့ ဆရာဝန်လူငယ်အဖွဲ့ ၉ ယောက်ကို ဖမ်းဆီးစဉ်ကလည်း သတင်းပေးတွေရဲ့ တိကျတဲ့အချက်အလက်တွေကြောင့် ဖြစ်ပါတယ်။ ဒီမြို့နယ်ဟာ လူထုသပိတ်တွေ အားကောင်းပြီး စစ်အုပ်စုလက်နက်ကိုင် အင်အားတပုံတပင်နဲ့ မြို့နယ်ပိတ်ဖမ်းတာတောင် ပိတ်မိနေတဲ့ ဆန္ဒပြလူငယ်တွေ လွတ်မြောက်အောင်အထိ လုံခြုံရေးကောင်းတဲ့ မြို့နယ်ပါ။ ပိတ်ဆို့ခံရစဉ်က တခြားမြို့နယ်က ဝန်းရံတာတွေ ရှိပေမယ့် မြို့နယ်ကိုယ် ၌က လုံခြုံရေးကောင်းတာမို့ ဖမ်းဆီးခံရမှုတွေ နည်းခဲ့တာပါ။ ဒါ့အပြင် နေ့နဲ့ ညပိုင်းတွေမှာလည်း စစ်ခွေးအုပ်တွေရဲ့ လှုပ်ရှားမှုတွေမှန်သမျှ ကို နည်းပေါင်းစုံနဲ့ သိအောင် ကြိုးစားထားတာကြောင့် ဘယ်နေရာမှာတော့ အင်အားဘယ်လောက်နဲ့ ဝင်နေပြီဆိုတာကအစ သိနိုင် တဲ့ မြို့နယ်။ ဒီလို လုံခြုံရေးကောင်းတဲ့ မြို့နယ်မှာတောင် လူ ၉ ဦးအထိ အဖမ်းခံခဲ့ရတာဟာ မြို့နယ်လောက်ကောင် သတင်း ပေးတွေကြောင့်ဆိုတာ အငြင်းပွားစရာကို မလိုတဲ့အချက်ပါ။

ဒါ့အပြင် အရင့်အရင်ရက်တွေကလည်း ခွေးဝင်ဆွဲပြီဆို အိမ်/တိုက်လိပ်စာ၊ အခန်းနံပါတ် အတိအကျမို့ အထိအခိုက်တွေရှိခဲ့ပေမယ့် အခုနောက်ပိုင်း အဲဒီလို ဖမ်းဆီးခံရမှုက နည်းနေပါပြီ။ ညောင်တုန်းလမ်း ဓမ္မာရုံ ဝင်စီးခံရမှုဟာ ဆေးကုသရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေရတဲ့ ကိစ္စတွေကြောင့် လူစုမိရင်း ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ဒါဟာ မြို့နယ်အတွင်း သတင်းပေးလောက်ကောင်တွေ ရှိလို့သာ စစ်ခွေးအုပ်တွေ ဝင်ဆွဲနိုင်တာပါ။

ဧပြီလ ၆ ရက် နံနက် ၅ နာရီခွဲခန့်လောက် မန်းဆေးတက္ကသိုလ်၊ အောင်ဆန်းဆောင်နားမှာ ဆေးမိသားစုတွေ လူစုခိုက် ကားနှစ်စီးနဲ့ စစ်ခွေးတွေ ဝင်လာတာပါ။ လမ်းကျဉ်းဖြစ်တာမို့ တရှိန်ထိုး မဝင်နိုင်တာကြောင့်သာ သက်သာရာရခဲ့တာပါ။ စစ်ခွေးတွေက အကြမ်းဖက်ဖြိုခွင်းတာကြောင့် အလျင်အမြန် လူစုခွဲလိုက်ပေမယ့် နှစ်ဦးကိုတော့ ခွေးဆွဲခံလိုက်ရပါတယ်။ စစ်ခွေးတွေဘက်က ကားနှစ်စီးအပြင် နောက်ထပ် စစ်ခွေးတွေ အားဖြည့်လာတဲ့အခါ ဆေးမိသားစုထဲက ရှစ်ဦး ထပ်ပိတ်မိနေခဲ့ပါတယ်။ ဒီထဲမှာ တချို့ကိုတော့ ဆေးမိသားစုတွေကိုယ်တိုင် ကယ်ထုတ်ခဲ့ရပြီး တချို့ကိုတော့ မြို့ခံတွေက ကာကွယ်ထားတဲ့အတွက် မမိခဲ့ပါဘူး။ ဒါပေမဲ့လည်း မကြာ ခင်ဆိုသလို အဲဒီကာကွယ်ပေးထားတဲ့ ဒေသခံအိမ်ကို စစ်ခွေးတွေ ရောက်လာပြီး အိမ်ရှင်တွေကို စစ်ဆေးပါတော့တယ်။ အဲဒီအချိန်မှာ ပိတ်မိနေတဲ့ ဆေးမိသားစုဝင်တွေဟာ တခြားနေရာကတစ်ခုက ထွက်သွားပြီဖြစ်လို့ စစ်ခွေးအုပ်စု ဆွဲတာခံရမယ့်ဘေးက ပွတ်ကာသီ ကာ လွတ်မြောက်သွားခဲ့ပါတယ်။

သပိတ်အတွက် လူစုတဲ့အချိန်တုန်းက နေရာနဲ့ အချိန်ကို လျှို့ဝှက်ထားကြပေမယ့် လူစုပြီးချိန် သပိတ်ကို ဖြိုခွဲတာ၊ ပိတ်မိသူတွေကို ကယ်တင်ပေးထားတဲ့ ဒေသခံအိမ်ကို အတိအကျ ဝင်ဆွဲတာတွေကို ကြည့်ရင် သတင်းပေး လောက်ကောင် မရှိဘဲနဲ့ ဒီလိုမလုပ်နိုင်ပါဘူး။ တိကျတဲ့ သတင်းပေးချက်တွေကြောင့် စစ်ခွေးတွေဟာ အနံ့ခံစရာမလိုဘဲ တည့်တည့်မတ်မတ် လိုက်ဆွဲတာမျိုး ဖြစ်နေပါတယ်။

ဒီလို သတင်းပေးလောက်ကောင်တွေ အားကိုးနဲ့ စစ်ခွေးအုပ် လိုက်ဆွဲတဲ့ကိစ္စဟာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ အတန်အသင့် အားကောင်းလာနေသလို တော်လှန်ရေးဘက်တော်သားတွေကလည်း အပွန်းအပဲ့တွေ ရှိလာနေပါတယ်။ ဒီ့ထက်ဆိုးတဲ့အချက်က တော့ လိုက်လံဖမ်းဆီးမှုတွေတိုင်းမှာ ဖမ်းဆီးခံရတဲ့သူတွေဟာ Defense Line က လူငယ်တွေ၊ ဆေးမိသားစုတွေ စသဖြင့် သတင်းလွှင့်ပြီး လူတွေကြားထဲ အကြောက်တရားတွေ ရိုက်သွင်းနေတာ ဖြစ်ပါတယ်။ တကယ်တော့ ဖမ်းမိတဲ့သူတိုင်းဟာ သပိတ်နဲ့ လူထုလှုပ်ရှားမှုထဲမှာ မပါတဲ့သူတွေတောင် ရှိပြီး အလုပ်လုပ်ရင်းတန်းလန်း ဖမ်းဆီးခံရသူတွေလည်း ပါဝင်နေပါတယ်။ စစ်အုပ်စုသွတ်သွင်းတဲ့ ဒီအကြောက်တရားကပဲ ဒေသခံတွေကို သတင်းပေး လောက်ကောင်ဘဝကို သက်ဆင်းစေပြီး တော်လှန်ရေးရဲ့ သားကောင်းသမီး မြတ်တွေကို စစ်ခွေးဆွဲခံရစေဖို့ ကူညီပေးတော့တာပါပဲ။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ခွေးအုပ်စုဟာ ဆန္ဒပြလူတွေကို လမ်းပေါ်တက် ပစ်ခတ်ရင်ဆိုင် ဖြိုခွဲခြင်းထက် အင်အားအသင့်အ တင့်ရှိတဲ့ ခွေးအုပ်စုတွေ စုဖွဲ့ပြီး နေ့ဖမ်း၊ ညဖမ်းနဲ့သာ လုပ်နိုင်ပါတော့တယ်။ လမ်းပေါ်တက်သူတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေက အပိတ်အဆို့တွေက ကမ္ဘာပတ်ကုန်ပြီမို့ လမ်းပေါ်တက် လူသတ်တဲ့လုပ်ရပ်မျိုးလုပ်ဖို့ လက်တွန့်နေကြပါပြီ။ ဒါကြောင့် သတင်းပေးလောက်ကောင်တွေ သုံးပြီး တစ်အိမ်တက်ဆင်း နေ့မအား ညမနားဘဲ လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံစံမျိုးစုံနဲ့ သတင်းပေးတွေကို ရပ်ကွက်တွေထဲ လွှတ်၊ အချက်အလက် စုဆောင်းနေတာတွေလည်း ရှိနေပြီဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။

တော်လှန်ရေးမှာ မျက်နှာချင်းဆိုင် တိုက်ခိုက်လာတာကို ရင်ဆိုင်ရတာဟာ လွယ်ပေမယ့် သတင်းပေးလောက်ကောင်သုံးပြီး တိုက်ခိုကလာရင် ရင်ဆိုင်ရခက်တတ်ပါတယ်။ စစ်ခွေးအုပ်စုဟာ လက်နက်ကိုင်ထားပေမယ့် တစ်ဖက်မှာလည်း ညစ်နည်းပေါင်းစုံသုံးပြီး လူထုချင်း သွေးခွဲ၊ တော်လှန်သူမှန်သမျှ ခွေးဆွဲသလို ဆွဲပါတော့မယ်။ တော်လှန်ရေးကာလမှာ လုံခြုံရေးဟာ အသက်ဆိုတဲ့အချက်ကို သတိမလွတ်ကြဖို့နဲ့ ရပ်ကွက်ထဲက လောက်ကောင်တွေ ဖော်ထုတ်ရှင်းလင်းရေးဟာ အရေးကြီးနေပါပြီ။ ဒါကို သတိပြုကြဖို့ ထပ်တိုက်တွန်းချင်ပါတယ်။ လက်နက်ကိုင် ကိုင်ချင်တဲ့ စစ်ခွေးတွေထက် ကိုယ့်နားက သတင်းပေးက ပိုအရေးကြီးပါတယ်။ ဒါကြောင့် “လုံခြုံရေး ဂရုစိုက်" ပါ။

တော်လှန်ရေးက လက်တစ်ကမ်းရောက်နေပါပြီ။

ထွန်းတောက်နေ

(စာရေးသူသည် ပြည်ပနှင့် ပြည်တွင်းသတင်းဌာနများတွင် သတင်းထောက်၊ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ကာ လက်ရှိတွင် ပြည်တွင်းသတင်းဌာနများ၌ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများ၊ သုံးသပ်ချက်နှင့် အတွေးအမြင်ဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သည်။ ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားသည့် လွတ်လပ်သော သတင်းသမားများ အင်အားစု - IJF တွင် ဦးဆောင်ပါဝင်နေသူလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly