သြစတြေးလျက ပြင်သစ်ဦးဆောင်သော ရေတပ်စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်

သြစတြေးလျက ပြင်သစ်ဦးဆောင်သော ရေတပ်စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်

ဧပြီ ၈

သြစတြေးလျသည် ပြင်သစ်ဦးဆောင်သောရေတပ်လေ့ကျင့်မှုတွင် Quad အဖွဲ့ဝင်များဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနှင့် ဂျပန်တို့နှင့်အတူ ပါဝင်ရန်အတွက် စစ်သင်္ဘာ ၂ စင်းကို စေလွှတ်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် နှစ်စဉ်သုံးရက်ကြာပြုလုပ်သော ယင်းလေ့ကျင့်မှုသည် Quad ခေါင်းဆောင်များက ပြီးခဲ့သည့်မတ်လက အွန်လိုင်းထိပ်သီးအစည်းအဝေးပြုလုပ်ပြီးနောက် ပထမဆုံးလေ့ကျင့်မှုဖြစ်သည်။

La Perouse ဟုခေါ်သော ယင်းလေ့ကျင့်မှုသည် အင်ဒို - ပစိဖိတ်ဒေသတွင် တရုတ်ကို ထိန်းချုပ်ရန်အတွက် Quad အဖွဲ့ဝင်များက ဒေသတွင်းမိတ်ဖက်များရှာဖွေနေသည့် နိမိတ်လက္ခဏာဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

သြစတြေးလျကာကွယ်ရေးဝန်ကြီး Peter Dutton က အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်းတွင် ခိုင်မာသောဆက်ဆံရေးကိုတည်ဆောက်ရန်နှင့် ထိန်းသိမ်းရန် အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့သည်ဟု ပြောကြားခဲ့သည်။

“ လေ့ကျင့်ခန်း La Perouse သည်ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်နိုင်ငံများ၏ လုပ်ဆောင်နိုင်သည့်စွမ်းရည်ကို ပြသမည်ဖြစ်ပြီး တည်ငြိမ်ပြီး လုံခြုံသော အင်ဒို - ပစိဖိတ်ဒေသအတွက် ကျွန်ုပ်တို့၏ ကတိကဝတ်များကို မီးမောင်းထိုးပြသွားလိမ့်မည်” ဟု Mr Dutton ကတနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယင်းစစ်ရေး လေ့ကျင့်မှုတွင် တော်ဝင်သြစတြေးလျရေတပ်အမှုထမ်း ၂၆၀ ကျော် ပါဝင်မည်ဖြစ်သည်။

“အခြားရေတပ်များနှင့် လေ့ကျင့်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ရေကြောင်းဆိုင်ရာကျွမ်းကျင်မှုများကို ပိုမိုခိုင်မာအားကောင်းစေပြီး ဒေသတွင်းရှိ ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ခိုင်မာသည့်လုပ်ငန်းခွင်ဆက်ဆံရေးကို ထိန်းသိမ်းထားရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုပြောကြားခဲ့ပါသည်” ဟု ရေတပ်ဗိုလ်ချုပ်ကြီး မတ်ခ်ဟန်မွန်က ဆိုသည်။

“ အတူတကွလေ့ကျင့်ခြင်းအားဖြင့် တစ်ယောက်ကို တစ်ယောက်လေ့လာနိုင်ပြီး၊ La Perouse လေ့ကျင့်ခန်းဆီကို ကျွန်တော်တို့က ဘယ်လိုစွမ်းရည်မျိုးတွေ ယူဆောင်လာတယ်ဆိုတာကို လုပ်ဖော်ကိုင်ဖက်တွေကိုပြသနိုင်မယ်လို့ မျှော်လင့်ပါတယ် "

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly