အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု စံချိန်တင်မြင့်တက်လာ၍ ထိန်းချုပ်ကန့်သတ်မှုအသစ်များ ချမှတ်

အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု စံချိန်တင်မြင့်တက်လာ၍ ထိန်းချုပ်ကန့်သတ်မှုအသစ်များ ချမှတ်
Photo - AFP

ဧပြီ ၇

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူအသစ် ၁၁၆,၀၀၀ နီးပါးအထိ စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် ဧပြီလ ၇ ရက်တွင် ၀န်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ဇာတိပြည်နယ် ဂူဂျာရတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်တားဆီးရေး အစီအမံများကို တင်းကျပ်လုပ်ဆောင်ခဲ့ရသည်။

နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်လများအတွင်း ပြည်သူများ သက်ဆိုင်ရာ စည်းမျဥ်းလမ်းညွှန်ချက်များကို အလေးမထားမှု၊ ကြီးမားသော ဘာသာရေးနှင့်နိုင်ငံရေး အခမ်းအနားများ၊ မင်္ဂလာဆောင်များနှင့် ခရစ်ကတ်ပွဲများကို တက်ရောက်ထားခဲ့မှုတို့အပေါ် ပညာရှင်များက ပြစ်တင်ထားခဲ့သည်။

အိန္ဒိယသည် ယခုအခါ ကိုဗစ်-၁၉ ကူးစက်ခံရသူ စံချိန်တင် ၁၂ ဒသမ ၈ သန်း ရှိပြီး ယင်းသည် အမေရိကန်နှင့် ဘရာဇီးပြီးလျင် တတိယမြောက် အများဆုံး ဖြစ်သည်။ အိန္ဒိယတွင် ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၁၆၆,၀၀၀ ကျော် သေဆုံးထားခဲ့ရသည်။

အဆိုး၀ါးဆုံး ထိခိုက်ခံစားနေရသည့် မဟာရက်ရှ်ထရာ ပြည်နယ်တွင် ညမထွက်ရ ကာဖျူးအမိန့်တစ်ရပ် ထုတ်ပြန်ထားရပြီး သီတင်းပတ်ကုန် လော့ခ်ဒေါင်းများသည်လည်း ဧပြီ ၉ ရက်ညနေပိုင်းတွင် စတင်တော့မည် ဖြစ်သည်။

နယူးဒေလီသည်လည်း ဧပြီ ၆ ရက်မှစ၍ ညမထွက်ရကာဖျူးအမိန့်များ ထုတ်ပြန်ခဲ့ရသည်။ အလားတူ ဂူဂျာရတ်ပြည်နယ်တွင်လည်း ညပိုင်း ပိတ်ပင်ကန့်သတ်ချက်များကို မြို့ကြီး ၂၀ အထိ တိုးချဲ့ထားခဲ့ရပြီး ကြီးမားသော လူမှုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ စုဝေးမှုများအပေါ် ပိတ်ပင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly