တရုတ်စီးပွားရေးကျဆင်းနေမှုကြောင့် သမ္မတရှီကျင့်ဖျင်၏ ပိုးလမ်းမ စီမံကိန်းသစ် အခက်ကြုံနေ

တရုတ်စီးပွားရေးကျဆင်းနေမှုကြောင့် သမ္မတရှီကျင့်ဖျင်၏ ပိုးလမ်းမ စီမံကိန်းသစ် အခက်ကြုံနေ

ဧပြီ ၆

တရုတ်နိုင်ငံအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေး ကျဆင်းနေသဖြင့် ပိုးလမ်းမ စီမံကိန်းသစ် (BRI) ဖြင့် ပေးမည့် ချေးငွေအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များကို အတင်းအကျပ် လျှော့ချရန် ဖိအားပေးခံနေရသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုမှာ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံသို့ လျှော့ကျသွားခဲ့ပြီး တစ်နှစ်အတွင်း ၅၄ ရာခိုင်နှုန်းအထိထိုးကျသွားခြင်းဖြစ်ကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သော Green Belt and Road Initiative စင်တာက ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာစီးပွားရေးရေးရာဌာန၏ ညွှန်ကြားရေးမှုးချုပ် ဝမ်ရှောင်လုံး က BRI စီမံကိန်းများ၏ ၂၀ ရာနှုန်းမှာ ဆိုးရွားစွာသက်ရောက်မှုရှိခဲ့ပြီး အခြား ၃၀ မှ ၄၀ ရာခိုင်နှုန်းမှာ ထိခိုက်နစ်နာမှုများကိုမြင်တွေ့နေရကြောင်း Kabul Timesက သတင်းဖော်ပြခဲ့သည်။

ကူးစက်ရောဂါဖြစ်ပွားမှုကာလအတွင်း တရုတ်၏ စီးပွားရေးသည်သိသိသာသာကျဆင်းခဲ့သည်။ BRI အစီအစဉ်အရချေးငွေပေးရာတွင် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင်ဒေါ်လာ ၃ ဘီလီယံသို့ ကျဆင်းသွားသည်ဟု အစီရင်ခံစာများက ဆိုသည်။

ထို့အပြင် BRI စီမံကိန်းများသည် အကျင့်ပျက်ခြစားမှုများ၊ ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှုမရှိခြင်း၊ မမျှတသောချေးငွေအခြေအနေများ၊ ကြွေးမြီထောင်ခြောက်များကို စိုးရိမ်ခြင်းနှင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကြုံတွေခဲ့ရသည်။

တရုတ်နိုင်ငံ၏ သာပေါင်းညာစား မဟာမိတ်ပါကစ္စတန်၌ပင် BRI အောက်တွင်ကြေညာခဲ့သော စီမံကိန်း ၁၂၂ ခုအနက် ၃၂ ခုသာပြီးစီးနိုင်ကြောင်း Kabul Times သတင်းစာက ဖော်ပြခဲ့သည်။

စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းနေခြင်းကြောင့် တရုတ်အစိုးရသည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတင်းကျပ်ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်များကို ကိုင်တွယ်ရန် ဖိအားပေးခံခဲ့ရသည်။ ထို့ကြောင့် ယခုအခါ BRI စီမံကိန်းများသို့ တရုတ်အစိုးရအနေဖြင့် ငွေများပိုမိုရင်းနှီးမြုပ်နှံမှုများ ပိုမိုလျော့ကျလာမည့် အလားအလာများဖြစ်လာနေသည်။

လွတ်လပ်သောသုတေသနအဖွဲ့ Rhodium Group ၏ အဆိုအရ BRI စီမံကိန်းများ၏ တိုးတက်မှုသို့မဟုတ် ဖွံ့ဖြိုးမှုသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမတိုင်မီကပင် စတင်ကျဆင်းနေခဲ့သည်။ ပြီးခဲ့သည့် ၃နှစ်အတွင်း တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ ရပ်တန့်နေပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် လျော့နည်းသွားကြောင်း The Kabul Times သတင်းစာက ဖော်ပြခဲ့သည်။

BRI စီမံကိန်းများ စတင်ကတည်းက တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲသို့မဟုတ် ဆင်းရဲနွမ်းပါးသော အာဖရိကနှင့် အာရှနိုင်ငံများအား ငွေချေးခြင်းနှင့် ရင်းနှီးမြုပ်နှံခြင်းများဖြင့် ဆွဲဆောင်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် သန်းနှင့်ချီသော တရုတ်စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံခြင်းနှင့် ငွေသား စီးဆင်းမှုများကို အခက်ကြုံခြင်းကြောင့် တိုင်းပြည်၏စီးပွားရေးကို ကြီးမားသော အကျိုးသက်ရောက်မှုရှိခဲ့သည်။

ယခုအခါတရုတ်ချေးငွေများကျဆင်းလာခြင်းကြောင့်လည်း ပြည်ပချေးငွေကွာဟမှုကို ပိုမိုကျယ်ပြန့်လာစေသည်။ BRI စီမံကိန်းကျဆုံးသွားပါက စိတ်ချရသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက်အဖြစ် တရုတ်၏ သံတမန်ရေးပုံရိပ်လည်း ပျက်စီးသွားနိုင်သည်ဟု Kabul Times သတင်းစာက ဖော်ပြခဲ့သည်။ လွတ်လပ်သောသုတေသနအဖွဲ့များက BRI ပြန်လည်ကောင်းမွန်လာရန်မျှော်လင့်ချက် သိပ်မထားကြပေ။ စင်ကာပူရှိ လီကွမ်ယုပြည်သူ့ရေးရာမူဝါဒကျောင်း၏ တွဲဖက်ပါမောက္ခ ဂျိမ်းစ်ကတ်ထရီက ယခုကဲ့သို့ခက်ခဲသော အချိန်တွင် ပြည်ပနိုင်ငံများတွင် ငွေကြေးများသုံးခြင်းခြင်းကို တရုတ်ပြည်သူများက လက်ခံနိုင်မှာ မဟုတ်သလို BRI စီမံကိန်းများအရ ငွေချေးထားသောနိုင်ငံများကလည်း ချေးငွေများကိုပယ်ဖျက်ပေးစေလိုသည့်အတွက် တရုတ်အနေဖြင့် အခက်ကြုံရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

AidDataသုတေသနဓာတ်ခွဲခန်း၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဘရက်ဒလေပါ့ခ် က ဆောက်လုပ်ရေးလုပ်ငန်းများ၌ အခက်အခဲများရှိနေခြင်းကြောင့် BRI ကို အကောင်အထည်ဖော်မှုတွင် သိသိသာသာနှေးကွေးသွားနိုင်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly