ဟောင်ကောင်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဟု ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားသူပြောကြား

ဟောင်ကောင်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဟု ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားသူပြောကြား

ဧပြီ ၆

လွှတ်တော်တွင် ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်အရေအတွက် လျော့နည်းသွားရန် တရုတ်အစိုးရက လုပ်ဆောင်နေသောကြောင့် ဟောင်ကောင်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းကာ ပြည်သူများ အရှက်ခွဲခံပြီဖြစ်ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားသူ နာသန်လောက ပြောကြား လိုက်သည်။

“ဟောင်ကောင်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မရှိတော့ပါဘူး။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို နိုင်ငံရေး ပုလိပ်တွေက သတ်မှတ်ပေးတော့မယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရ လိုလားသူတွေပဲ လွှတ်တော်မှာ နေရာပိုရပြီး ဒီမိုကရေစီဆိတ်သုဉ်းပါတော့မယ်။

ပြည်သူတွေလည်း အရှက်ခွဲခံရမှာပါ။ တရုတ်ကွန်မြူနစ်ပါတီက လွတ်လပ်ခွင့်ကို ချိုးဖောက်တာကို ဖော်ပြတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးက အရေးယူဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက သူ၏ တွစ်တာတွင် ရေးသားထားသည်။

တရုတ်အစိုးရက ဟောင်ကောင် ရွေးကောက်ပွဲစနစ်အား အများအပြား ပြောင်းလဲသည့် ဥပဒေကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်အစိုးရက အတည်ပြုခဲ့သောကြောင့် ဥပဒေပြုအဖွဲ့တွင် ပြည်သူမှ တိုက်ရိုက် ရွေးချယ်ခံခွင့်ရှိသူအရေအတွက် ထက်ဝက်မှ ၅ ပုံ ၁ ပုံအထိ လျော့ကျသွားမည်ဖြစ်သည်။

ဟောင်ကောင် ဥပဒေပြုကောင်စီက ကိုယ်စားလှယ် ၄၀ ခန့်အပ်ရန် အမျိုးသားပြည်သူ့ ကွန်ဂရက် လုပ်ငန်းကော်မတီက  ရွေးကောက်ပွဲကော်မရှင်သို့ လုပ်ပိုင်ခွင့် အသစ်ပေးခဲ့ရာ ၎င်းတို့၏ ကိုယ်စားလှယ် အရေအတွက် ၇၀ ဦးမှ ၉၀ ဦးသို့ ရောက်ရှိသွားမည်ဟု South China Morning Post (SCMP) သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုများရှိနေသော်လည်း တရုတ်ပြည်သူ့ကွန်ဂရက်က ရွေးကောက်ပွဲစနစ် ပြောင်းလဲရေးကို ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly