အပစ်အနာကင်းတာမို့ နွေဦးတော်လှန်ရေး အောင်ကို အောင်မည်

By ထွဏ်းမောင်
06 April 2021
အပစ်အနာကင်းတာမို့ နွေဦးတော်လှန်ရေး အောင်ကို အောင်မည်
Photo - AFP

ဧပြီ ၆

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ဖေဖော်ဝါရီလ ၁ ရက်က စလို့ ဒီကနေ့အချိန်အထိ နိုင်ငံ့အာဏာကို တစွန်းတစတောင် မရသေးဘူးဆိုတာ ဘယ်နေရာကြည့်ကြည့် မြင်မှာပါ။

နေ့စဉ် မြို့ကြီးတွေမှာ သပိတ်ပေါင်းစုံ၊ မြို့လတ်တွေမှာ ပျောက်ကြားသပိတ်နဲ့ မြို့ငယ်တွေမှာ ဆန္ဒပြမှုပုံစံမျိုးနဲ့ လူထုက တွန်းလှန်နေတာကို ကြည့်ပါ။ ဒါ့အပြင် စစ်အုပ်စု လည်ပတ်ရေး ဒေါက်တိုင်တွေကို ဝန်ထမ်းတွေက ခွေးသွားစိတ်ညပ်နေအောင် CDM လုပ်ထားတာကြောင့် တုပ်တုပ်တောင် မလှုပ်နိုင်လို့ ဝန်ထမ်းတွေ ခေါ်နေရတာကို ကြည့်ရင် မြင်နိုင်ပါတယ်။

နိုင်ငံတကာ မျက်နှာစာမှာလည်း CRPH ရဲ့ လက်တံရှည်မှုက စစ်အုပ်စု တရားဝင်မှု ယူနိုင်တာကို ဟန့်တားထားနိုင်ပါပြီ။ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေဘက်ကလည်း စစ်အုပ်စုရဲ့ တပ်စခန်းတွေ၊ ရဲကင်းတွေကို ဝင်သိမ်းတာကြောင့် အခက်တွေ့နေရပါပြီ။

ဘယ်နေရာကို ကြည့်ကြည့် စစ်အုပ်စု အကျပ်တွေ့မှုနဲ့ အာဏာမပိုင်တဲ့ လက်နက်ကိုင်တပ်အဆင့်သာ ရှိနေပါတော့တယ်။ သူတို့ လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း လူထု Mandate ရထားတဲ့သူတွေက ပျက်သိမ်းပြီးဖြစ်တယ်ဆို တာကို တရားဝင်ကြေညာလိုက်ပြန်တော့ မင်းအောင်လှိုင် စစ်အုပ်စုအနေနဲ့ ချောင်ပိတ်မိနေပါပြီ။ ဒါကြောင့် မဲမဲမြင်ရာ ပစ်ဟ ဆိုပြီး သေနတ်တရမ်းရမ်းနဲ့ ပါးစပ်သရမ်းပြနေတာ ဖြစ်ပါတယ်။

မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်စဉ်ကတည်းက စခဲ့တဲ့ တော်လှန်ရေးနဲ့ ပတ်သက်ရင် ထင်တိုင်းပေါက် အောင်မြင်မှု မရစေခဲ့တဲ့ ပြဿနာငါးရပ် ရှိခဲ့ဖူးပါတယ်။ ဘုံရန်သူရှိလို့ တိုက်ရင်တောင် လိုချင်တဲ့ ပန်းတိုင်တွေ မတူညီကြတာ၊ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာ၊ နေရာယူလိုသူများတာ၊ တော်လှန်ရေးကို လူထုထောက်ခံရင်တောင် အဲဒီထောက်ခံမှုကို ကောင်းမွန်စွာ အသုံးမချနိုင်တာ၊ နောက်ပြီး အရေးကြီးတဲ့ မင်းလောင်း၊ ခေါင်းဆောင်လောင်း မျှော်တဲ့ ပြဿနာတွေကြောင့် တော်လှန်ရေးဟာ ကြာရှည်မခံဘဲ သားကြောပြတ်သွားခဲ့တာပါ။ ဒီပြဿနာကို ဗိုလ်အေးမောင်က "တော်လှန်ရေးအမျိုးမျိုး"ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက တော်လှန်ရေးပေါင်းစုံအကြောင်းနဲ့ ယှဉ်ပြီး ရေးသားခဲ့ဖူးပါတယ်။

ဒီပြဿနာမျိုးဟာ ဗိုလ်ချုပ်ခေတ်ကစလို့ ဒီဘတ်ခေတ် တော်လှန်ရေးနဲ့ လူထုအရေးတော်ပုံတွေမှာလည်း တစ်မျိုး မဟုတ် တစ်မျိုးထက် ပိုပြီး တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ ဒီပြဿနာပုံစံငါးရပ်လုံး ရှိမနေဘူးဆိုတာ မြင်နိုင်ပါတယ်။

ပထမတစ်ချက်ဖြစ်တဲ့ မင်းအောင်လှိုင်စစ်အုပ်စုက ဘုံရန်သူဆိုတာ အားလုံးသဘောညီကြသလို လိုချင်တဲ့ပန်းတိုင်က ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို တော်လှန်သူအားလုံးက တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ တော်လှန်ရေးလုပ်သူတွေဟာ အရင့်အရင်က ပူးပေါင်းလုပ်ဆောင်မှု အားနည်းခဲ့ပေမယ့် ဒီကနေ့ နွေဦးတော်လှန်ရေးမှာ တစ်နေရာ အားနည်းရင် တစ်နေရာ ကူ၊ တစ်မြို့အားနည်းရင် တစ်မြို့ကူနဲ့ လုပ်ကြသလို တိုင်းရင်းသားတွေနဲ့ အစေးမကပ်ဖြစ်ခဲ့ဖူးတာကို ခဝါချလို့ အားလုံးဟာ တစုတစည်းတည်းနဲ့ ဘုံရန်သူကို တိုက်ပြနေပါပြီ။ အထူးသဖြင့် Generation Z ရဲ့ အားကောင်းမောင်းသန်ဖြစ်မှုနဲ့ ဆက်သွယ်ရေးနည်းပညာအားကောင်းမှုတွေက ပူးပေါင်းလုပ်ဆောင်မှုအပိုင်းမှာ ပိုလို့တောင် အားကောင်းလာစေပါတယ်။

တတိယတစ်ခုကတော့ အရင့်အရင်က တော်လှန်ရေးတိုင်းမှာ တကယ် စိတ်နှစ်လုပ်နေသူတွေ ရှိသလို နေရာဝင်ယူသူတွေကလည်း ဒုနဲ့ ဒေးပါ။ ဒါပေမဲ့ ဒီတခေါက် စစ်အာဏာရှင်စနစ် ပျက်သုန်းရေး နွေဦးတော်လှန်ရေးမှာတော့ နေရာယူလိုသူတွေထက် အနစ်နာခံလိုသူတွေ၊ အထူးသဖြင့် လူငယ်မျိုးဆက်တွေဟာ အနစ်နာခံဖို့၊ အဆုံးပြောရရင် သေရမယ်ဆိုရင်တောင် ရှေ့တန်းက သေပြမယ်ဆိုတဲ့သူတွေချည်းပါ။ စစ်ကောင်စီ ပြုတ်ကျပြီးရင် လူထုကို မျက်နှာမူတဲ့ ဘယ်သူမဆို အစိုးရ လုပ်ကြဆိုတာချည်းပါပဲ။ တိုင်းပြည်နဲ့ လူထုကို အကယ်ကောင်းကျိုးပြုနိုင်မယ့်သူ ဘယ်သူအုပ်ချုပ် အုပ်ချုပ် လက်ခံမယ်လို့ ကြေညာထားပြီးသားပါ။ ငါတော့ တော်လှန်ရေးမှာ ဘယ်နေရာက ပါခဲ့လို့ ဘာတာဝန်ကိုတော့ ငါ့ပေးဆိုတာမျိုး မရှိပါဘူး။

စတုတ္ထ တစ်ချက်ကတော့ လူထုထောက်ခံမှုရပေမယ့် ကောင်းကောင်း အသုံးမချနိုင်ခဲ့ဘူးတဲ့ တော်လှန်ရေးအကျပ်အတည်းဟာ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ချုပ်ငြိမ်းသွားပါပြီ။ CRPH လိုအဖွဲ့အစည်းကတောင် ၂၀၀၈ ခြေဥအောက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ပြီး လူထု Mandate ကိုသာ တန်ဖိုးထားကိုင်စွဲလို့ ခြေဥပျက်သိမ်းကြောင်း တရားဝင်ကြေညာပြီးပါပြီ။ တစ်ချိန်က မိမိဒေသ၊ မိမိတိုင်းရင်းသားအတွက် စစ်အုပ်စုကို လက်နက်စွဲကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာလည်း ဒေသခံလူထုရဲ့ အားကိုးယုံကြည်မှုအပေါ် အခြေခံပြီး CRPH အပါအဝင် နွေဦးတော်လှန်ရေးသမားနဲ့ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ထားနိုင်နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လူမျိုးစုတစ်စုကို ကိုယ်စားပြုကာကွယ်သူတွေလို့ တတိုင်းပြည် လုံးက မယူဆကြတော့ဘဲ နွေဦးတော်လှန်ရေးမှာ လူထုကို ရှေ့တန်းက ကာကွယ်ပေးမယ့် ဖက်ဒရယ်တပ်မတော်အတွက်တောင် ဦးဆောင်မှုပေးကြဖို့ တောင်းဆိုခံနေရတာကို ကြည့်ရင် မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း ဒါကို ဖျက်ဆီးလိုတဲ့ မင်းအောင်လှိုင်စစ်အုပ် စုက တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေ သုံးပြီး အတင်းဖြိုခွဲဖို့ လုပ်နေတာဟာ သက်သေ ပါပဲ။

နောက်ဆုံး တစ်ချက်ဖြစ်တဲ့ တော်လှန်ရေးအကျပ်အတည်း ပြဿနာဖြစ်တဲ့ မင်းလောင်း (ဝါ) ခေါင်းဆောင်မျှော်တဲ့ ပြဿနာပါ။ အရင့် အရင် တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုတွေမှာ ဘယ်သူကမှ ကျောင်းသားခေါင်းဆောင်၊ ဘယ်ဝှာကမှ နိုင်ငံရေးခေါင်းဆောင်ဆိုပြီး ကင်ပွန်းတပ် ခေါင်းဆောင်ထိုးတင်တဲ့ အလေ့အထတွေ အားကောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၁ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတော့ ဘယ်လိုခေါင်းဆောင်မျိုးကို လိုချင်ပါတယ်ဆိုတာမျိုး မရှိတော့သလို လူတိုင်းဟာ နေရာတိုင်းမှာ ခေါင်းဆောင်ပဲဆိုတဲ့ စိတ်နဲ့ မင်းအောင်လှိုင်စစ်အုပ်စုကို တော်လှန်နေကြတာပါ။ စစ်အုပ်စု ပြုတ်ကျရေး အသံ စတိုင်သူဟာ ခေါင်းဆောင်ပဲ၊ စစ်ခွေး မောင်းထုတ်တဲ့ သံဗုံးစတီးသူဟာ ခေါင်းဆောင်ပဲဆိုတဲ့ လူထုခေါင်းဆောင်မှုနဲ့ပဲ စစ်အာဏာရှင်ကို တော်လှန်နေကြတာ ဖြစ်ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးဟာ ရှိရင်းစွဲ နိုင်ငံရေးသမားတွေ စခဲ့တာ မဟုတ်ပါဘူး။ ပြည်သူလူထုကိုယ်၌က စစ်အာဏာသိမ်းမှုကို မလိုချင်လို့ တိုက်ပွဲစဖော်ခဲ့တာပါ။ လူထုဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးကို ပန်းတိုင်သတ်မှတ်ပြီး သာတူညီမျှ လွတ်လပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ဦးတည်ချက်ထား ထုဆစ်နေကြတာ ဖြစ်ပါတယ်။ ရှေ့က တော်လှန်မှုသမိုင်း တွေမှာ ကြုံခဲ့ဖူးတဲ့ ပြဿနာတွေကို သင်ခန်းစာယူပြီး မတူညီတဲ့ လမ်းကြောင်းပေါင်းစုံနဲ့ မင်းအောင်လှိုင်စစ်အုပ်စုကို အပြုတ်တိုက် နေကြတာမို့ ဒီ နွေဦးတော်လှန်ရေးဟာ အောင်ကို အောင်မယ့် တိုက်ပွဲ...။ လူထုရဲ့ အောင်ပွဲဆိုတာ ဧကံမုချပါပဲ။

--- အရေးတော်ပုံ အောင်ရမည်---

ထွဏ်းမောင်

(စာရေးသူသည် ပြည်ပနှင့် ပြည်တွင်းသတင်းဌာနများတွင် သတင်းထောက်၊ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ကာ လက်ရှိတွင် ပြည်တွင်းသတင်းဌာနများ၌ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများ၊ သုံးသပ်ချက်နှင့် အတွေးအမြင်ဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သည်။ ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားသည့် လွတ်လပ်သော သတင်းသမားများ အင်အားစု - IJF တွင် ဦးဆောင်ပါဝင်နေသူလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly