ထိုင်းနိုင်ငံ ဘန်ကောက်၌ လူနေအဆောက်အအုံ ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်၌ လူနေအဆောက်အအုံ ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံး
Photo - AFP

ဧပြီ ၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီ ၃ ရက်က လူနေအဆောက်အအုံတစ်လုံး မီးလောင်ပြီး ပြိုကျခဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်သား လေးဦးနဲ့ မြို့ခံတစ်ဦး သေဆုံးခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောပါတယ်။

ဘန်ကောက် အနောက်ပိုင်း ရပ်ကွက်တစ်ခုမှာ တည်ရှိတဲ့ အဆိုပါ သုံးထပ်အဆောက်အအုံဟာ ယင်းနေ့ မနက် ၆ နာရီ၀န်းကျင်လောက်က မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး မီးဟာ တစ်နာရီလောက် လောင်ကျွမ်းနေခဲ့ပြီးမှ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ယင်းနောက် မနက် ၇ နာရီလောက်မှာ မီးသတ်သမားတွေနဲ့ ကယ်ဆယ်‌ရေးလုပ်သားတွေဟာ မီးလောင်ထားတဲ့ အဆောက်အအုံကို ရှင်းလင်းမှုတွေ လုပ်ဆောင်နေခဲ့စဉ်မှာပဲ အဆောက်အအုံဟာ ရုတ်တရက် ပြိုကျခဲ့တဲ့အတွက် လူငါးဦးထက် မနည်း သေဆုံးခဲ့ရပါတယ်။

“ပြိုကျမှုဖြစ်တဲ့အကြောင်းရင်းကိုတော့ သေချာမသိရသေးပါဘူး၊ ဒါပေမယ့် အဆောက်အအုံ အတွင်းပိုင်းမှာ မီးလောင်ခဲ့တာကနေ ခုလို ပြိုကျသွားတာ ဖြစ်နိုင်ပါတယ်” လို့ Poh Teck Tung ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးဆိုင်ရာအကြီးအကဲ ဂျစ်ရက်သီဟီကွန်း ဘန်းဂျုံကစ်က အေအက်ဖ်ပီကို ပြောပါတယ်။

ယင်းနေ့ ညနေ ၄ နာရီမတိုင်ခင်မှာ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ မီးသတ်သမားတွေဟာ ရုပ်အလောင်း လေးလောင်းကို ဆွဲထုတ်နိုင်ဖို့ လုပ်ဆောင်နေခဲ့ရဆဲ ဖြစ်ပြီး အလောင်းတစ်လောင်းကိုသာ အပျက်အစီးပုံတွေအောက်ကနေ ပြန်လည်ရယူထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

အေအက်ဖ်ပီက အတည်ပြုထားခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ မီးသတ်သမားတွေ အဆိုပါ အဆောက်အအုံနားမှာ ရှိနေပြီး မီးငြှိမ်းသတ်နေခဲ့သလို အဆောက်အအုံ ဒုတိယထပ်မှာ အနည်းဆုံး လူတစ်ဦး ရှိနေခဲ့ချိန်မှာပဲ အဆောက်အုံဟာ ရုတ်တရက် ပြိုကျသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ရုပ်အလောင်းတွေကို အလွယ်တကူ ဆွဲထုတ်ဖို့နဲ့ အထဲမှာ ပိတ်မိနေသူတွေ ဆက်ရှိနေသေးသလား ဆိုတာကို သိရဖို့အတွက် မြန်မြန်ဆန်ဆန် ဘေးကင်းကင်းနဲ့ လုပ်နိုင်မယ့် လမ်းကြောင်း မရှိခဲ့ဟု ဘန်ကောက် အုပ်ချုပ်ရေးမှူး အက်စ်၀င် ကွမ်မောင်းက သတင်းထောက်တွေကို ပြောပါတယ်။

“ဒါကြောင့်မို့ ကျွန်တော်တို့တွေဟာ တဖြည်းဖြည်းချင်းပဲ တူးရပါမယ်၊ အသေးစားကိရိယာတွေကိုပဲ သုံးရပါလိမ့်မယ်၊ အရွယ်အစားကြီး ကိရိယာတွေ သုံးရင် ဒီ အပျက်အစီးပုံက ထပ်ပြီး ပြိုကျနိုင်တဲ့ အလားအလာ ရှိလို့ပါ” လို့ ၎င်းက ပြောသွားပါတယ်။
ဒါ့အပြင် မီးလောင်ရခြင်းရဲ့ အကြောင်းရင်းကို သိရဖို့ မှုခင်းဆေးပညာအဖွဲ့တစ်ခုက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း အက်စ်၀င်က ဖြည့်စွက်ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြို့‌တော် ဘန်ကောက်မှာ အဆောက်အအုံ ပြိုကျမှုတွေကတော့ ဖြစ်တောင့်ဖြစ်ခဲ့ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly