ပြင်သစ်ရေနံကုမ္ပဏီ Total က မြန်မာနိုင်ငံတွင် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု ရပ်ဆိုင်းမည်မဟုတ်ဟု ပြော

ပြင်သစ်ရေနံကုမ္ပဏီ Total က မြန်မာနိုင်ငံတွင် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု ရပ်ဆိုင်းမည်မဟုတ်ဟု ပြော
Photo - AFP

ဧပြီ ၄

အာဏာသိမ်းမှု ဖြစ်ထားသည့် မြန်မာနိုင်ငံတွင် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားမည်မဟုတ်ကြောင်း ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total ၏ အကြီးအကဲက ဧပြီ ၄ ရက်တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအပေါ် လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုကို အရှိန်မြှင့်လုပ်ဆောင်နေစဥ် အာဏာသိမ်းစစ်အုပ်စုနှင့် အဆက်အသွယ်ဖြတ်တောက်ရေး နိုင်ငံခြားကုမ္ပဏီများကို တောင်းဆိုမှုများ တိုးမြင့်ဖြစ်ပေါ်နေခဲ့ချိန် Total က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

Total ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုကို ဆက်လုပ်သွားရန် တာ၀န်ရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းက ထုတ်လုပ်နေသည့် သဘာ၀ဓာတ်ငွေ့သည် ရန်ကုန်နှင့် ထိုင်းနိုင်ငံ အနောက်ပိုင်းရှိ လူပေါင်းသန်းနှင့်ချီတို့အတွက် လျှပ်စစ်ထောက်ပံ့ပေးနေ၍ ဖြစ်ကြောင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ပက်ထရစ် ပိုယန်းက ပြောသည်။

“လူပေါင်း သန်းနဲ့ချီကို လျှပ်စစ်ထောက်ပံ့မှု ဖြတ်တောက်ဖို့အတွက် Total လို ကုမ္ပဏီတစ်ခုအနေနဲ့ ဆုံးဖြတ်နိုင်ပါ့မလား၊ အဲဒီလိုသာ လုပ်လိုက်မယ်ဆိုရင် ဆေးရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်မှုတွေကို အလျဥ်ပြတ်တောက်မှုတွေ ဖြစ်စေလိမ့်မယ်” ဟု ၎င်းက du Dimanche ဂျာနယ်နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ပိုယန်းက ပြောကြားရာတွင် ၎င်းအနေဖြင့် မြန်မာနိုင်ငံရှိ ဖိနှိပ်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်ဖြစ်ခဲ့ကြောင်း၊ သို့သော် ထိခိုက်ခံစားမှုများ ကြုံတွေ့ထားရပြီးဖြစ်သည့် မြန်မာပြည်သူများနှင့် ပြည်တွင်း၀န်ထမ်းများကို ထိခိုက်နစ်နာစေမည့် လုပ်ရပ်ကို ငြင်းဆန်သွားမည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုများအတွင်း လူပေါင်းရာနှင့်ချီ သေဆုံးထားခဲ့သည်။ ထို့အတွက်ကြောင့် နိုင်ငံခြားကုမ္ပဏီများဘက်မှ အာဏာသိမ်းစစ်အုပ်စုကို အကျိုးရှိစေမည့် လုပ်ငန်းဆောင်ရွက်မှုများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ထားခဲ့သည်။

အီတလီ၏ Benetton နှင့် ဆွီဒင်၏ H&M တို့သည် မြန်မာနိုင်ငံမှ အော်ဒါသစ်မှာယူမှုအားလုံးကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်သလို ပြင်သစ်စွမ်းအင်လုပ်ငန်းကြီး EDF ကလည်း ရေအားလျှပ်စစ်ဆည်တစ်ခု တည်ဆောက်မည့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ပရောဂျက်တစ်ခု အပါအ၀င် ယင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly