ဖီးနစ်ငှက် (သို့မဟုတ်) တောင်ဒဂုံမှာ ဘာတွေဖြစ်ခဲ့သလဲ

By ခေတ်မင်းကို
04 April 2021
ဖီးနစ်ငှက် (သို့မဟုတ်) တောင်ဒဂုံမှာ ဘာတွေဖြစ်ခဲ့သလဲ
၂၀၂၁ ခုနှစ်မတ်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်း ၊တောင်ဒဂုံမြို့နယ်ရှိ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေစဉ် ( Photo - AFP )

ဧပြီ  ၄

မြေကြီးတွေ သိမ်ကနဲ့ တုန်သွားအောင် မိုးခြိမ်းသံလိုမျိုး အသံတွေနဲ့ ငါးချက်လောက် ပစ်ခတ်လိုက်ချိန်မှာ လူတစ်ရပ်အမြင့်ကျော် သဲအိပ်သုံထပ် ခံစစ်စည်းဟာ ၁၀ ပေလောက် ပွင့်ထွက်သွားပါတယ်။ မျက်မြင်တွေရှိချက်အရ သဲအိတ်ဘေးကပ်ရပ်က လူငယ်ငါးယောက်လောက် လွင့်ထွက်သွားတာပါ။

“တို့တွေ ဆုတ်ရအောင်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေပြီ၊ မင်းညီကိုလဲ လှမ်းခေါ်လိုက် ”လို့ သူငယ်ချင်းဖြစ်သူ Gen Y က လှမ်းအော်ပြောပါတယ်။ ဒါဟာ တောင်ဒဂုံ ၅၅၊ ၅၆၊ ၅၇၊ ၅၄ သပိတ်ခံတပ်ရဲ့ နောက်ဆုံးအခြေအနေပါဘဲ။

စာရေးသူကိုယ်တိုင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ပြီးဆုံးချိန်အထိ နေထိုင်ခဲ့တဲ့ တောင်ဒဂုံမြိုသစ်ဟာ အခြေခံလူတန်းစား အများဆုံးနဲ့ လှိုင်သာယာပြီးရင် လူနေအထူထပ်ဆုံး မြို့နယ်တစ်ခုပါ။ လှိုင်သာယာလိုရွှေ့ပြောင်းအခြေချနေထိုင်သူတွေများတဲ့အပြင် စစ်အစိုးရရဲ့ အတင်းအဓမ္မ ပြောင်းရွှေ့ခံခိုင်းခဲ့တဲ့ မိချောင်းကန်၊ တာမွေလေး၊ ငါးထပ်ကြီးရေလည်ဗဟန်းနဲ့ ဗဟိုစည်ရပ်ကွက်တွေ လူတွေအပြင် တခြားရပ်ကွက်တွေက မိသားစုတွေ ပေါင်းစုထားတာပါ။ နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း လူဦးရေသိပ်သည်းမှု နှစ်စဉ်တိုးလာပေမယ့် ၂၀၁၅ ခုနှစ်မတိုင်ခင်အထိမြို့ပြအင်္ဂါရပ်နဲ့အညီ ဖွံဖြိုးမှု မရှိခဲ့ပါဘူး။ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ လျှစ်လှူရှုမှုကြောင့် ဆင်ခြေဖုံးအဆင်ဘဲ ရှိခဲ့တာပါ။

NLDအစိုးရလက်ထက်မှာတော့ YBSကားလိုင်းသစ်စီမံကိန်းတွေကစလို့ ဒဂုံလေးမြို့နယ်ဖွံဖြိုးရေးစီမံကိန်းတွေအရတောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေဟာ မြိုပြအဆင့်ကို တဖြည်းဖြည်း တိုးတက်လာပါတယ်။အမတမြို့တော်လို နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ လာရောက်ရှိတဲ့ သတင်းတွေကြောင့် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းအတွင်းမှာဘဲ အိမ်ခြံမြေစျေးတွေ မြင့်တက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ JICA အဖွဲ့အကူအညီနဲ့ ထူးကြီးရေလှောင်တမံက အိမ်သုံးရေပေးဝေရေးစီကိန်းတွေကြောင့် နှစ်ပေါင်းများစွာ အဝီစိတုံကင်ရေ သုံးနေရသူတွေရဲ့အိမ်မက်ဟာလည်း ပွင့်လန်းလာပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ တောင်ဒဂုံသူမြို့နယ်သားတွေအတွက် မထင်မှတ်ဘဲ မျက်နှာကိုဖြတ်အရိုက်ခံရသလိုအဖြစ်ကို ရောက်ရှိသွားပါတော့တယ်။

နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက တောင်ဒဂုံမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ လူလတ်တန်းစားများတဲ့ ၁၈၊ ၁၉၊ ၂၀၊ ၂၅ ရပ်ကွက်နဲ့ တောင်ဒဂုံစက်မှုဇုန်ဝန်းကျင်မှာ ငြိမ်းချမ်းစွာ သပိတ်ခန်းတွေချ ဆန္ဒပြသခဲ့ပါတယ်။ မတ်လဆန်းအရောက်မှာတော့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွင်း၊ ညသပိတ်တွေကို ဝင်ဖမ်းတဲ့အခြေအနေတွေ နေ့စဉ်ဆိုသလို ဆက်တိုက်ဖြစ်ပွားလာပါတယ်။

ဒီလိုဖြစ်ပွားတာဟာ လူလတ်တန်းစားများတဲ့ ရပ်ကွက်တွေရဲ့ တောင်ဒဂုံဂိတ်ဟောင်းလမ်းဆုံမှာ စတင်ခဲ့တာပါ။ ရဲနဲ့စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၅၆ လမ်းဆုံ၊ ၇၀ လမ်းဆုံ၊ နောက်ဆုံး ၁၀၄ ကြည်စုသုဿန်နားအထိတဖြည်းဖြည်း ပြောင်းရွှေ့ခဲ့ပေမယ့် အဖမ်းအဆီးတွေက ရပ်တန့်တာ မရှိခဲ့ပါဘူး။ ဒါကြောင့် တောင်ဒဂုံသူ၊ တောင်ဒဂုံသားတွေနဲ့ လူငယ်တွေဟာ မိမိကိုယ်ကို ခုခံကာကွယ်ရမယ့်အချိန် ရောက်လာပါတယ်။

လှိုင်သာယာမြို့နယ်ကို အကြမ်းဖက်ဖြိုခွင်းခံရချိန်မှာတော့ တောင်ဒဂုံသားတွေဟာ ရဲနဲ့ စစ်တပ် တပ်စွဲထားတဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ မောင်းမကန် စည်ပင်ယန္တယားဝန်းကို ၀ိုင်းဝန်းဆန္ဒပြကြပါတယ်။ ရဲနဲ့ စစ်တပ်က စက်သေနတ်နဲ့ ပြန်ပစ်တာကြောင့် ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူတွေ ရှိလာပါတယ်။

“လှိုင်သာယာသပိတ်စခန်းကို ဓာတ်ပုံရိုက် လိုင်းပေါ်တင်လိုက်တော့ ကိုယ့်ရဲ့ ခံစစ်စည်းနဲ့ အင်အားကိုသိသွားပြီး ဖြိုခွင်းတာပေါ့။ ဒါကြောင့် တောင်ဒဂုံမှာ ဓာတ်ပုံအရိုက်မခံဘူး။ Liveလွင့်ဗီဒီယိုရိုက်ချင်ရင် စစ်ခွေးတွေလာမှ ရိုက်ခွင့်ပေးတယ်” လို့ Gen Y သူငယ်ချင်းက ပြောပါတယ်။

တောင်ဒဂုံရဲ့ မြေနေရာအနေအထား ဖွဲ့စည်းပုံ ထောင်မှန်စတုရန်းဖြစ်တဲ့ အားသာချက်ကြောင့် က ခုခံရေးအတွက် အသုံးဝင်ခဲ့တာကြောင့် အထိအခိုက် အကျအဆုံးအနည်းဆုံးနဲ့ သုံးရက်တိုင် ခံစစ်စည်းမပေါက်ဘဲ ခုခံကာကွယ်နိုင်ခဲ့ပါတယ်။

နွေဦးဖက်ဆစ်တော်လှန်ရေးနေ့ (သို့မဟုတ်) မတ်လ ၂၇ ရက်

မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ မနက်ပိုင်းမှာ တောင်ဒဂုံက လူငယ်တွေ ငြိမ်းချမ်းစွာဆန္ဒပြဖို့ စုဝေးနေချိန်မှာအရပ်ဝတ်နဲ့ ရဲနှစ်ယောက် လမ်းဆုံကို ကားနဲ့လာပြီး ဓာတ်ပုံရိုက်ပါတယ်။

လူငယ်တွေက ဖမ်းဆီးပြီး မေးမြန်းနေချိန်မှာ Gen X ဦးလေးက “မင်းတို့ ရဲတွေကိုမသတ်နဲ့၊ ငါတို့က လူသတ်ဝါဒမဟုတ်ဘူး။ စနစ်ဆိုးကို တိုက်ဖျက်နေတာ၊ ငြိမ်းချမ်းတဲ့လမ်းစဉ်" လို့ လှမ်းအော်ပါတယ်။

လူငယ်တွေကို စည်းရုံးပြီးတော့ ရဲနှစ်ယောက်ကို ၅၆ ရပ်ကွက် ဓမ္မာရုံထဲကို ပြောင်းရွှေ့ထားလိုက်ပါတယ်။ ရဲနှစ်ယောက်ကို ပြန်ပေးဖို့ နေလယ်မွန်းတည့်ချိန်မှာ ရဲနဲ့ စစ်တပ် အင်အားတစ်ရာလောက် မင်းရဲကောင်းပုံလမ်းကနေ ဝင်လာပါတယ်။ Gen X ဦးလေးကို ဖုန်းဆက်ပြီး ရဲနှစ်ယောက် ပြန်ပေးဖို့တောင်းပါတယ်။

“မင်းတို့ ရဲနှစ်ကောင်ကိုပြန်ပေးမယ်၊ ငါ့ရပ်ကွက်ကို ပြဿနာမရှာနဲ့။ ရဲကားတစ်စီးဘဲလာ၊ ကျန်တဲ့ကောင်တွေ ရပ်ကွက်အပြင်မှာထားခဲ့လို့” Gen X ဦးလေးက ရဲ ကိုပြန်ညှိပါတယ်။

ရဲနှစ်ဦးကို ခေါ်ပြီး ပြန်ထွက်သွားပေမယ့် စစ်တပ်နဲ့ ရဲတွေက လမ်းမှာ တွေသမျှလူကို မဲမဲမြင်ရာပစ်ခတ်တာကြောင့် စျေးဝယ်ထွက်လာသူတွေပါ သေနတ်မှန်၊ ဒဏ်ရာတွေ ရကုန်ပါတယ်။

“မထူးတော့ဘူးအကိုရေ၊ ခုခံကာကွယ်ရေးအတွက် ပြင်ရအောင်” လို့ နေ့လယ် နှစ်နာရီဝန်းကျင်မှာ Gen Z လူငယ်တွေက ပြောလာပါတယ်။

ဒလံ ရဲနှစ်ယောက် စီးလာတဲ့ကားကို မီးရှို့ပြီး ဘေးတစ်စောင်းထောင် အကာအကွယ်လုပ်ပြီးတော့ ၅၆ လမ်းဆုံသပိတ်ခံတပ်ကို ဆိုင်ကယ်တွေနဲ့ သဲအိပ်သယ်ပြီး တည်ဆောက်လိုက်ပါတယ်။ တချိန်တည်းမှာဘဲ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၇၀၊ ၇၁၊၇၂၊ ၁၀၄၊ ၁၀၅၊ ၁၀၇ ဒဂုံဆိပ်ကမ်းစတဲ့ နီးစပ်ရာရပ်ကွက်တွေက မြို့ဝင်ပေါက်ကိုပိတ်ပြီး ခံတပ်တွေ တည်ဆောက်လိုက်ပါတယ်။ ကျန်နေတဲ့ ၂၀၊ ၁၉၊ ၁၈ နဲ့ စက်မှုဇုန်ဘက်က ရပ်ကွက်တွေကလည်း နိုင်သလောက် လမ်းတွေ ပိတ်ထားလိုက်ပါတယ်။

“၅၆ လမ်းဆုံကို ရောက်ဖို့ အကြော်တဲနဲ့ မင်းရဲကောင်းပုံဘုန်းကြီးကျောင်းကွေ့ ဝင်ပေါက်တွေဘဲရှိတာ၊ ခံတပ်တွေဆောက်ပြီးပြီ။ ကွေသုံးကွေ့ကျော်ရင် သေဖို့သာပြင်ပေတော့” လို့ Gen Z နဲ့ Gen Y စုစည်းလူငယ်တွေက ပြောပါတယ်။

ကွေ့သုံးကွေ့ဆိုတာကတော့ သစ်ဆိုင်ကွေ့၊ ၁၈ကွေ့နဲ့ ဘုန်းကြီးကျောင်းကွေ့တွေ ဖြစ်ပြီး အဲဒီမှတ်တိုင်ကွေ့တွေကျော်မှ ၅၆ လမ်းဆုံကို ရောက်တာပါ။

“ကလေးတွေဘက်ကလည်း သတင်း၊ ထမင်း၊ ကင်း သုံးခုညီအောင်လုပ်ထားသလို ဦးလေးတို့ဘက်ကလည်း ဒဏ်ရာရသူတွေကို ကူညီဖို့ ဆေးအဖွဲ့ကို ၅၆ စာကြည့်တိုက်မှာအသင့်ပြင်ထားလိုက်ပါပြီ” လို့Gen X ဦးလေးက ပြောပါတယ်။

တချိန်တည်းမှာဘဲ ဘုန်းကြီးကျောင်းကွေ့ထိပ်က စစ်ထောက်လှမ်းရေးခေတ်က စစ်တပ်နဲ့ ပေါင်းပြီး ချမ်းသာလာတဲ့ ခရိုနီ နိုင်ဦးရဲ့ မိဘရိပ်သစ်စက်နဲ့ တာဝါဟာ ဖေဖေါ်ဝါရီလကတည်းက လူမနေဘဲ အစောင့်တချို့ဘဲရှိပါတယ်။ မတ်လဆန်းကတည်းက သစ်စက်ထဲမှာ စစ်သားတွေ ဝင်ရောက်တပ်စွဲတာရှိသလို အရပ်ဝတ်ရဲတွေလည်း စခန်းချတာတွေ ရှိတယ်လို့အနီးက မျက်မြင်သက်သေဖြစ်တဲ့ ရပ်ကွက်သားတွေက ပြောပါတယ်။ ဒါ့အပြင် ရပ်ကွက်တွေထဲက ဆန္ဒပြလူငယ်တွေထွက်လာရင် မိဘရိပ်တာဝါပေါ်ကနေ စနိုက်ဘာနဲ့ ပစ်ခတ်တာတွေ ကြုံရတယ်လို့ ဆိုပါတယ်။

“ဖက်ဆစ်တော်လှန်ရေးနေ့ ညနေပိုင်းမှာဘဲ မိဘရိပ်တာဝါနဲ့ သစ်စက်ထဲက အရပ်ဝတ်ရဲတွေကို မောင်းထုတ်ပြီးတော့ကားသုံးစီး မီးရှို့ပစ်လိုက်တယ်” လို့ လူငယ်တွေက ပြောပါတယ်။

မတ်လ ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ Gen X, Y, Zပူးပေါင်းထားတဲ့ ၅၆ လမ်းဆုံ လောက်လွှဲအပြည့်အစုံ သပိတ်ခံတပ်နဲ့အတူ တခြားရပ်ကွက်တွေက သပိတ်ခံတပ်တွေဟာ နွေဦးတော်လှန်ရေးရဲ့ ဘီလုံးငှက်တွေအဖြစ် အဆင်သင့်ဖြစ်နေပါပြီ။

“ညနေပိုင်းကတည်းက ပစ်လိုက်တာ ညံနေတာဘဲ။ ရပ်ကွက်ပတ်လမ်းတွေဘက်က ဝင်ပစ်တာ တညလုံးဘဲ။ စစ်မြေပြင်အတိုင်းဘဲ” လို့ စာရေးသူအမေ အသက်ခြောက်ဆယ်ကျော်က ပြောပါတယ်။ အမေဟာ နှလုံးအားနည်းလို့ အစပိုင်းမှာကြောက်ပေမယ့် နောက်ပိုင်းတော့ မကြောက်တော့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ၅၆ လမ်းဆုံအနီးက ကြံခိုင်ရေးပါတီအမာခံ အသက်ငါးဆယ်ကျော်လူကြီးတစ်ဦးကတော့ နှလုံးရပ်ပြီး ညတွင်းချင်း သေဆုံးသွားပါတယ်။

တောင်ဒဂုံကို ကူညီဖို့ တခြားမြို့နယ်တွေက နည်းလမ်းပေါင်းစုံနဲ့ လမ်းမတွေပိတ်၊ ကားတာရာတွေမီးရှို့နေသလို သာကေတဘက်ကလည်း ခံစစ်ပြင် မျှားထုတ်ဖို့ ကြိုးပမ်းပေမယ့် တောင်ဒဂုံကို ရဲနဲ့ စစ်တပ်က အလွတ်မပေးခဲ့ပါဘူး။

ဦးလေး Gen Xက အဲဒီညမှာ ဆေးခန်းရောက်လာတဲ့ လူနာခုနှစ်ဦးရှိပြီးတော့ တစ်ဦး ကျဆုံးသွားတယ်လို့ ပြောပါတယ်။ဒီထက်ပိုပြီး ဒဏ်ရာရသူ၊ ကျဆုံးသူတွေ ရှိနိုင်သလို ရဲနဲ့ စစ်တပ်ဘက်ကလည်း ဒဏ်ရာရသူ အများအပြာရှိမယ်လို့ သတင်းတွေကြားရပေမယ့် အတိအကျ စုံစမ်းလို့ မရခဲ့ပါဘူး။

“ရပ်ကွက်ထဲ ကျွံဝင်လာလို့ ဂျင်ကလိနဲ့ ပစ်လိုက်တာ၊ လည်ပင်းစိုက်သွားတယ်။ ကျန်တဲ့ ရဲ၊ စစ်သားတွေက သူလူသူ ဆွဲပြေးတော့ အမတို့ကလည်း အိမ်ထဲကထွက် ဓါးဆွဲပြီးလိုက်တာ။ ဒီကောင်တွေ ခွေးပြေး၊ ဝက်ပြေး ပြေးရော”လို့ Gen Y ဖြစ်တဲ့ ၅၅ ရပ်ကွက်က အမတစ်ဦးက ပြောပါတယ်။

အောင်စိတ်နဲ့ ဆက်လက်ချီတက်တဲ့ ဘီလုံးငှက်များ (သို့မဟုတ်) မတ်လ ၂၈ ရက်နေ့

မတ်လ ၂၈ ရက် မနက်ပိုင်းမှာ တောင်ဒဂုံ ၅၆ သပိတ်ကို တခြားရပ်ကွက်တွေနဲ့ တခြားမြို့နယ်တွေက Gen Zလူငယ်တွေ ပူးပေါင်းလာတာကြောင့် အင်အားသုံးထောင်လောက် ရှိပါတယ်။ အကြော်တဲ့ခံတပ်မှာ လူနည်းနေတာကြောင့်သွားရောက်ပူးပေါင်းတာတွေလည်း တွေ့ရပါတယ်။

ကားတာရာကွင်းတွေကို မီးရှို့ပြီးတော့ စနိုက်ဘာသမားမမြင်အောင် သပိတ်ခံတပ်က စီဉ်ထားပြီး ခံတပ်အဝင်လမ်းမကြီးနဲ့အပြိုင် လမ်းသွယ်တွေမှာ ကင်းပုန်ယူထားပါတယ်။ ခံတပ်ကို ဝင်လာတာနဲ့ အရှေ့ဘယ်ညာ ဓာတ်ဆီပုလင်းနဲ့ပစ်ခတ်ပါတယ်။ နေလယ်ပိုင်းမှာ ၅၆ ခံတပ်ကို စစ်၊ ရဲအင်အား ၂၀၀ ၀န်းကျင်နဲ့ ဘူဒိုဇာတစ်စီး ချည်းကပ်လာချိန်မှာ လူငယ်တစ်ချို့က ခံတပ်မှာ နေရာယူပြီး ကျန်တဲ့သူတွေက လမ်းသွယ်တွေမှာပါ။

"တို့ပြည်သူတွေ ညီရဲ့လားဟေ့ ... ညီတယ်ဟေ့ ညီတယ်ဟေ့" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ တပြိုင်နက်တည်းပစ်ခတ်တာကြောင့် စစ်သားနဲ့ ရဲတွေ လမ်းသွယ်တွေထဲကို ဝင်ပြေးပါတယ်။ ဘူဒိုဇာကိုလည်း မီးပုလင်းတစ်လုံး ထိတာကြောင့် ပြန်လည့်မောင်းပြေးပါတယ်။ ရပ်ကွက်ထဲ ကျွံဝင်လာတဲ ရဲနဲ့ စစ်သားတွေကို အနီးကပ် ဓါးရှည်နဲ့ခုခံတာကြောင့် ၁၀ ဦးထက်မနည်း ဒဏ်ရာရပြီးတော့ တချို့ရပ်ကွက်တွေမှာ ကျန်ခဲ့တဲ့ ရဲနဲ့ စစ်သားတွေရှိတယ်လို မျက်မြင်တွေက ပြောပါတယ်။ ၇၀ သပိတ်စခန်းမှာတော့ ရဲနဲ့ စစ်သားနှစ်ဦး မီးလောင်သွားတာမြင်တယ်လို့ GenYသူငယ်ချင်းက ဆိုပါတယ်။

မတ်လ ၂၈ ရက် ညပိုင်းမှာလည်း ရဲနဲ့ စစ်တပ်က သပိတ်စခန်းတွေကို ဝင်စီးပေမယ့် အောင်အောင်မြင်မြင်ခုခံနိုင်ပါတယ်။ထိခိုက်ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိပေမယ် သေဆုံးနိုင်တဲ့အဆင့်ထိ ဒဏ်ရာရသူ တစ်ဦးဘဲ ရှိပါတယ်။

တရုတ်ပင်လယ်စာ စားတဲ့နေ့ (သို့မဟုတ်) မတ်လ ၂၉ ရက်

မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာဘဲ လောက်လွှဲသုံးခုကို ခံတပ်တွေမှာ တပ်ဆင်ပြီး ခုခံဖို့ အဆင်သင့်ဖြစ်နေပါတယ်။လူငယ်တွေဟာ တစ်ညလုံးကင်းစောင့်ပြီး ဆာလောင်နေပေမယ့် ခံစစ်အောင်မြင်ခဲ့မှုကို အရသာခံ ပြန်ပြောနေပါတယ်။

“၇၀ ခံတပ်ဘက်မှာ သုံးချောင်းထောက် စက်သေနတ်ကြီးကို ကားပေါ်တင်ပြီး ပစ်နေတာ။ သဲအိတ်တွေ ကွဲထွက်လွင့်ထွက်ကုန်လို့ ဖြည်းဖြည်းဆုတ်နေရတယ်” လို့ သူငယ်ချင်း Gen Yက နေ့လည်ပိုင်းမှာ ပြောပါတယ်။ ၅၆ ခံတပ်ကိုတော့ ရဲနဲ့ စစ်သားတွေက တစ်ချက်လာကြည့်ပြိး ပြန်လှည့်သွားပါတယ်။ နေ့လယ်သုံးနာရီဝန်းကျင်မှာ ရ၀လမ်းဆုံဘက်က စစ်ကားတွေဆက်မတိုးဘဲ ရပ်နေပြီးတော့ ဘုန်းကြီးကျောင်းကွေ့ဘက်မှာ စစ်ကားအစီးနှစ်ဆယ်လောက် ရောက်နေတယ်လို့ ကင်းသမားက ပြောပါတယ်။

ပထမ အသံဗုံးခြောက်ချက်ကို ကိုက် ၁၅၀၀ ကျော်ကနေ ဆက်တိုက်ပစ်ခတ်ပြီး နောက်ပိုင်းမှာ တစ်ချက်ချင်း မိုးခြိမ်းသံလို အသံမျိုးထွက်ပေါ်လာပါတယ်။ ငါးချက်မြောက် ပစ်ခတ်ချိန်မှာတော့ လူတရပ်ကျော်အမြင့် သဲအိပ်သုံးထပ်နဲ့ ဆောက်ထားတဲ့ ခံတပ်စည်း ပွင့်ထွက်သွားပါတော့တယ်။ ဒုတိယစည်းက ပြန်ခံချကြလို့ လူငယ်တွေ အော်နေပေမယ့် အများစုကတော့ ရပ်ကွက်တွေထဲကို ဆုတ်ခွာရပါတယ်။

စစ်မြေပြင်သုံး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ ဖြစ်ပြီးတော့ ဘာလက်နက်မှန်း ချက်ခြင်းမသိပေမယ့် နောက်ပိုင်းရက်တွေမှာ ဘုန်းကြီးကျောင်းကွေ့က ကင်းသမားထံ စုံစမ်းကြည့်တဲ့အခါ “အင်တာနက်မှာ တက်လာတဲ့ တရုတ်က See Foodလေဗျာ။ ပခုံးနဲ့ ထမ်းပစ်တဲ့ဟာ၊ အဝေးကြီးကပစ်တာ” လို့ ကင်းသမားလူငယ်က ပြောပါတယ်။

ခံစစ်စည်းတွေ ပေါက်သွားတာကြောင့် လူငယ်တွေဟာ ရပ်ကွက်အတွင်း ပုဂံလမ်းဘက်ကို ဆုတ်ပြေးပါတယ်။ ၅၆ လမ်းဆုံမှာ လူတစ်ဦးကို စစ်သားက သေနတ်နဲ့ပစ်ထားပြီးတော့ "မင်းတို့လူ လာယူ" လို့ ကင်းသမားလေးတွေကို အော်ပြောပါတယ်။ အရင်ရက်တွေက ၁၈ ကွေ့မှာ လူကို ပစ်ပြီး လာကောက်တဲ့သူကို ထပ်ပစ်တာကြောင့် ငါးဦးလောက် ဒဏ်ရာရပြီး နှစ်ဦးထပ်သေခဲ့တာကြောင့် ကင်းသမားလေးတွေက သွားမကောက်ရဲပါဘူး။ ဆိုင်ကယ်နှစ်စီးကို စစ်တပ်နဲ့ ရဲတွေက မီးရှို့ပြီးတော့ လူအလောင်းတစ်လောင်းကိုလည်း မီးရှို့ခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတချို့ရှိပါတယ်။

၂၉ ရက် ညနေပိုင်းမှာ "၇၀ ဘက်က စစ်ကားနဲ့ ၅၆ စစ်ကား ပေါင်းသွားပြီ၊ အားလုံး ဖျောက်ကြပုန်းကြ" ဆိုတာကြောင့်လူငယ်တွေ ရပ်ကွက်တွေထဲဝင် ပုန်းကြပါတယ်။ ညပိုင်း ၁၁ နာရီလောက်မှာ ရဲနဲ့ စစ်သားတွေ ရပ်ကွက်ကို ဝင်စီးပြီးရှာဖွေဖမ်းဆီးကြပါတယ်။ ရပ်ကွက်စာကြည်တိုက်ကို ဝင်စီးပြီး ဒဏ်ရာရ လူငယ်လေးဦးနဲ့ ရပ်ကွက်နေပြည်သူတချို့ကိုဖမ်းဆီးသွားပါတယ်။ ဘယ်နှယောက် အဖမ်းခံရလဲ အတည်မပြုနိုင်ပေမယ့် အများစုလွတ်မြောက်ပါတယ်။

ကိုယ်ရောင်ဖြောက်ချိန်အားမွေချိန် (သို့မဟုတ်) မတ်လ ၃၀၊ ၂၀၂၁

၃၀ ရက်နေ့ မနက်ပိုင်းကစပြီး ရပ်ကွက်နေ ပြည်သူတွေရွှေ့ပြောင်းတဲ့အချိန် ၅၆ လမ်းဆုံမှာ စစ်ကားတစ်စီးကင်းချထားပါတယ်။ မနက် ၁၀ နာရီဝန်းကျင်မှာတော့ စစ်ကားအစီးနှစ်ဆယ်နဲ့ အရပ်ဝတ်ရဲတွေ ဆိုင်ကယ်တွေနဲ့ ရပ်ကွက်ကို ပတ်မြေလှန်ရှာဖွေပါတယ်။ လမ်းမတွေက သဲအိပ်တွေကို တွေ့တဲ့လူခေါ်ပြီး သေနတ်ထောက်ရှင်းခိုင်းပါတယ်။ ရပ်ကွက်ထဲက လူအများစု ထွက်ပြေးစွန့်ခွာကြသလို ၁၀၄၊ ၁၀၅ ရပ်ကွက်တွေဘက်မှာ သေနတ်သံ၊ ဗုံးသံတွေ ကြားနေရပါတယ်။စျေးတွေ၊ ဆိုင်တွေ အများစုပိတ်သွားသလို စားစရာတွေလည်း ပြတ်လတ်ကုန်ပါတယ်။

၃၁ ရက်နေ့အထိ လူတွေ စွန့်ခွာနေတာတွေရှိသလို ပြန်မလာတော့တာကြောင့် ရပ်ကွက်တွေ တိတ်ဆိပ်ကုန်ပါတယ်။၃၁ ၇က်နေ့ ညနေမှာတော့ ရှင်းသွားတဲ့လမ်းမတွေပေါ် ကျန်နေတဲ့မိသားစုတချို့က ၅၆ လမ်းဆုံကို တက်လာပါတယ်။

“စစ်အာဏာရှင်ပြုတ်ကျရေး ဒို့အရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဒို့အရေး၊ တို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့” ဆိုတဲ့ ကြွေးကြော်သံတွေကို ကျန်နေဆဲ တောင်ဒဂုံမိသားစုတွေက စတင်ကြွေးကြော်နေပြီးတော့ နောက်ရက်တွေလည်း ဆက်တိုက်ကြွေးကြော်နေမယ်လို့ စာရေးသူရဲ့မိခင် အသက်ခြောက်ဆယ်ကျော်က ပြောပါတယ်။

လမ်းမထက်မှာ သွေးကွက်တွေ၊ ပြာပုံတွေဖုံးလွမ်းခဲ့ပေမယ့် တောင်ဒဂုံဟာ မကြာခင်မှာဘဲ ဖီးနစ်ငှက်လို အမြန်ဆုံးနိုးထပျံသန်းလာတော့မှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly