အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရဟု KNU ပြော

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရဟု KNU ပြော
Photo - AFP

ဧပြီ ၄

မြန်မာအာဏာသိမ်းစစ်တပ်သည် အင်အားကို လွန်လွန်ကဲကဲ အသုံးပြုနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောကြားလိုက်ပြီး စစ်တပ်၏ လေကြောင်းကနေ မရပ်မနား တိုက်ခိုက်ခဲ့မှုများကြောင့် ကလေးငယ်များအပါအ၀င် လက်နက်မဲ့အရပ်သား ၁၂,၀၀၀ ကျော်တို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း KNU က ဧပြီ ၃ ရက်တွင် ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်လက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KNU) သည် ကရင်ပြည်နယ် အရှေ့ပိုင်းရှိ အာဏာသိမ်းစစ်တပ် တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး စစ်တပ်၏ တပ်သား ၁၀ ဦးကို သေဆုံးစေခဲ့သည်။ထို့နောက် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်ခဲ့သည်။

KNU သည် စစ်တပ်၏ အာဏာသိမ်းမှုလုပ်ရပ်ကို ဘွင်းဘွင်းရှင်းရှင်း ဆန့်ကျင်ကန့်ကွက်ထားသည့် အဖွဲ့တစ်ခု ဖြစ်ပြီး ယခုအခါ ယင်းအနေဖြင့် အာဏာသိမ်းမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ရာနှင့်ချီကို ခိုလှုံခွင့်ပေးကာ စောင့်ရှောက်ပေးထားလျက် ရှိကြောင်း ပြောခဲ့သည်။

မတ်လ ၂၇ ရက်မှ ၃၀ ရက်အထိ အာဏာသိမ်းစစ်တပ်သည် လေကြောင်းမှ တိုက်ခိုက်မှုများကို မရပ်မနား လုပ်ခဲ့ခြင်းဖြင့် အင်အားလွန်ကဲစွာ သုံးခဲ့ကြောင်း KNU က ဧပြီ ၃ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။အဆိုပါ တိုက်ခိုက်မှုများအတွင်း ကလေးများအပါအ၀င် လူအများအပြား အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နောက်ထပ် လူပေါင်း ၁၂,၀၀၀ ကျော်ဟာ သူတို့တွေရဲ့ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခုကို ဖြစ်စေခဲ့ပါတယ်” ဟု KNU က ပြောသည်။

အာဏာသိမ်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စစ်တပ်အနေဖြင့် ယင်း၏ တပ်စခန်းကို သိမ်းပိုက်ပြီး တပ်ဖွဲ့၀င်များကို သေဆုံးစေခဲ့သည့် KNU တပ်မဟာ (၅) ကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။
“အဲဒီနေ့ တစ်နေ့တည်းပဲ လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ကျွန်တော်တို့ လုပ်ခဲ့တာပါ” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

“ကျွန်တော်တို့ဟာ NCA စာချုပ်ကို လက်မှတ်ထိုးထားပါတယ်၊ သူတို့အနေနဲ့ ဒီစာချုပ်ကို လိုက်နာမယ်ဆိုရင် ဒီလို ပဋိပက္ခမျိုး ဖြစ်စရာ အကြောင်းမရှိပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

ပြီးခဲ့သည့် ရက်များအတွင်း ပြည်နယ်တ၀န်း ဗုံးကြဲတိုက်ခိုက်မှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ကရင်တိုင်းရင်းသား မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ပြီးခဲ့သည့်‌ မတ်လ ၂၉ ရက်က လူပေါင်း ၃,၀၀၀ ခန့် အိမ်နီးချင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ သို့သော် အများစုသည် မတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြပြီး ယင်းသည် ‘မိမိသဘောဆန္ဒအလျောက်’ ပြန်သွားကြခြင်းသာ ဖြစ်ကြောင်း ထိုင်းဘက်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly