ကမ္ဗည်းတိုင်မှာတောင် နာမည်ထိုးခွင့်မရခဲ့တဲ့ နွေဦးအာဇာနည်

By ထွန်းတောက်နေ
03 April 2021
ကမ္ဗည်းတိုင်မှာတောင် နာမည်ထိုးခွင့်မရခဲ့တဲ့ နွေဦးအာဇာနည်

ဧပြီ  ၃

အုတ်ဂူပေါ် ကမ္ဗည်းတောင် ထိုးခွင့်မရတဲ့ နွေဦးအာဇာနည်...သူ့ နာမည်က "အားခူ"။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲမှာ ကျဆုံးခဲ့သူ။ အမျိုးသမီးအခွင့် အရေးအတွက် လှုပ်ရှားခဲ့ရင်းက နွေဦးတော်လှန်ရေးမှာ ပါလာရင်း ကြွေလွင့်ခဲ့သူ။

အားခူ ဆိုတာ

"အားခူ" ဆိုတဲ့ အမည်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့ အသိုင်းအဝိုင်းတွေကလူတိုင်း သိကြတဲ့ သူမ နာမည်။ ဝတုတ်တုတ် ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ အပြုံးပန်းလှိုင်သူမို့ ရင်းနှီးသူတွေက "ခူခူ" လို့ ခေါ်ကြလေ့ ရှိပါတယ်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်း နောက်ပိုင်း အိန္ဒိယရောက် မြန်မာအသိုင်းအဝိုင်းမှာ ဒီနာမည်နဲ့ပဲ အမျိုးသမီးအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေအတွက် လုပ်ဆောင်ခဲ့ပါတယ်။

နယူးဒေလီမြို့က ဂျန်တားမန်တား ဆန္ဒပြနေရာမှာ စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုမှန်သမျှကို တွန်းလှန်တဲ ဆန္ဒပြပွဲတိုင်းမှာ ရှေ့တန်းက ပါဝင်ခဲ့သလို နယူးဒေလီက မြန်မာသံရုံးရှေ့ ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် မြန်မာအသိုင်းအဝိုင်းထဲက ဒုက္ခသည်တွေ အခက်အခဲကြုံတိုင်း လိုက်ပါကူညီတတ်လို့ လူတိုင်းက ချစ်ခင်ခဲ့ရသူ။

အမြဲ ပြုံးပျော်တတ်ပေမယ့် ဒီမိုကရေစီတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်နေ့ ပြုလုပ်တိုင်းမှာ တော်လှန်သော သီချင်းတွေကို မျက်ရည်တွင်တွင်စီး အော်ဟစ်သီဆို ငိုကြွေးတတ်သူ။ အခုတော့ တော်လှန်သောသီချင်းသံတွေကို ဟစ်ကြွေးမယ့်သူက လူသိမခံဝံ့တဲ့ ချင်းတောင်တန်းရဲ့ တစ်နေရာမှာ အိပ်စက်လို့။

အမျိုးသမီးအခွင့်အရေးနဲ့ ပြည်တွင်းလမ်း

၂၀၁၃ ခုနှစ်မှာ ပြည်တော်ပြန်ဝင်ခဲ့တဲ့ အားခူဟာ ပြည်တွင်းပြည်ပက အမျိုးသမီးအခွင့်အရေးလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက်တွဲပြီး လုပ်ဆောင်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် ကလေးမြို့မှာ Women for Justice အဖွဲ့ကို စိတ်တူကိုယ်တူ ရှိတဲ့သူတွေနဲ့ ပူး ပေါင်းတည်ထောင် လုပ်ဆောင်ခဲ့ပြန်ပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပိုပါလာအောင် စည်းရုံးလှုံဆော်တာ၊ ကလေးမြို့ ပတ်ချာလည် ကျေးရွာတွေမှာ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် အကာအကွယ်ပေးနိုင်အောင် လုပ်ဆောင်တာတွေဟာ အားခူရဲ့ နိစ္စဓူဝ အလုပ်တွေပဲ။

နွေဦးတော်လှန်ရေးနဲ့ အားခူ

၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်မှာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူခဲ့ပါတယ်။ အဲဒီအချိန်က စလို့ အမျိုးသမီးအခွင့်အရေးဟာ အားခူ အတွက် နောက်တန်းရောက်လို့ သွားပါတယ်။ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒဖော်ထုတ်မှုတွေမှာ ရေနဲ့ အစားအသောက်တွေ ကူညီပေးတာကစလို့ သူ နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း အာဏာရှင်ကို တွန်းလှန်မှုမှာ ပါဝင်ခဲ့ပါတယ်။။ အကြမ်းဖက်စစ်အုပ်စုဘက်က အပြင်းအထန် ဖြိုခွဲတဲ့အချိန်မှာတော့ ခုခံကာကွယ်ရင်း ထိခိုက်ဒဏ်ရာရသူတွေအတွက် ကုသရေးနဲ့ ပတ်သက်ပြီး နောက်တန်းက အားဖြည့်ပေးခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေတွေက မတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ကလေးမြို့၊ တာဟန်းသပိတ်ခံတပ်ကို ပြင်းပြင်းထန် ထိန် အင်အားသုံး ဖြိုခွင်းမှုလုပ်ခဲ့ပါတယ်။ ရာဘကျည်၊ အသံဗုံးတွေအပြင် ချေမှုန်းရေးရိုင်ဖယ်တွေ၊ ပေါက်ကွဲအားပြင်းထန်တဲ့ လက် နက်တွေ သုံးပြီး ဖြိုခွင်းခဲ့တာပါ။ အဲဒီအချိန်မှာ အားခူဟာ ရှေ့တန်းက ခံစစ်လုပ်ပေးနေသူတွေ ထိခိုက်ဒဏ်ရာရရင် ကူညီဖို့အတွက် နောက်တန်းကနေ စောင့်နေခဲ့ပါတယ်။ သူ စောင့်ဆိုင်းနေတဲ့ နေရာက ပစ်ခံရနိုင်ခြေများတဲ့ လမ်းမကြီးပေါ်မှာ မဟုတ်ဘဲ လမ်းသွယ် တစ်ခုရဲ့ကြားမှာ ထိုင်လျက်ပုံစံနဲ့ အကာအကွယ်ယူထားတာပါ။ သူ့ဘေးမှာ ရှိတဲ့ သူနဲ့ စိတ်တူကိုယ်တူ ညီမငယ် တစ်ဦး။

နေ့လယ် ၃ နာရီလောက်မှာတော့ အားခူက သူ့ဘေးနားက ညီမငယ်ကို စကားတစ်ခွန်း ပြောလိုက်တယ်။

“ငါတော့ ထိသွားပြီ" တဲ့။ ပြောရင်းနဲ့ပဲ အားခူ လဲကျသွားတာ ဖြစ်ပါတယ်။

သူ လဲကျသွားတော့မှ ဘယ်နေရာကနေ ပစ်ခံရတာလဲဆိုတာကို အနားက ရှိသူတွေ လိုက်လံကြည့်ရှုတော့မှ အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်ဝတ် ဝတ်ထားသူ လက်ဖြောင့်တပ်သားတစ်ဦးက တိုက်အမြင့်ပေါ်ကနေ လှမ်းပစ်နေတာကို တွေ့လိုက်ရပါတယ်။ ပစ်ခတ်ခံရတာကြောင့် အားခူဟာ ရင်ဘက်မှာ ကျည်သင့်ခဲ့တာ ဖြစ်ပါတယ်။

ချက်ချင်းဆိုသလိုပဲ အားခူ ကို ဆိုင်ကယ်နဲ့ ဆေးကုပေးဖို့ ခေါ်သွားခဲ့ပေမယ့် ၁၅ မိနစ်လောက်အကြာ လမ်းမှာတင် အာဇာနည်ပီပီ ကျဆုံးခဲ့ပါတယ်။ အဲဒီနေ့က အားခူနဲ့အတူ လူငယ်အမျိုးသား လေးဦးလည်း စစ်အုပ်စုလက်ပါးစေ အကြမ်းဖက်သမားတွေကြောင့် ကျဆုံးခဲ့ရပါတယ်။

အိမ်ပြန်လမ်း ကြမ်းတဲ့ နွေဦးအာဇာနည်

အားခူ ဟာ ချင်းတိုင်းရင်းသူဖြစ်သလို သူမရဲ့ ဇာတိချက်ကြွေကလည်း ချင်းတောင်တန်းမှာပါ။ သူ့ရဲ့ သက်မဲ့ခန္ဓာကိုယ်ကို ချင်းတောင် တန်းဆီ ပြန်သယ်ရာမှာလည်း ကြမ်းခဲ့ပြန်ပါတယ်။ သူမ အလောင်းကို ပြန်လိုချင်တဲ့ စစ်အုပ်စုလက်ပါးစေတွေက ကလေးမြို့နဲ့ ကလေးမြို့အထွက်တွေမှာ ပိုက်စိပ်တိုက် ရှာကြပါတယ်။ သူမ အလောင်းကို ချင်းတောင်ဆီ ပြန်သယ်ရာလမ်းမှာ သုံးကြိမ်တိုင် စစ်မေးခံခဲ့ရပြီး သူမဟာ အားခူ မဟုတ်ကြောင်းနဲ့ သွေးတိုးနဲ့ ရိုးရိုးတန်းတန်း သေဆုံးတာပါလို့ လိမ်လည်ပြောဆိုပြီး သယ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။။

ကံကောင်းထောက်မစွာနဲ့ အားခူ ရဲ့ ရုပ်အလောင်းကို ချင်းတောင်ဆီ ရောက်အောင် သယ်ဆောင်သွားနိုင်ပေမယ့် အလောင်းမြေချပပြီး ကမ္ဗည်းတိုင် ထောင်တဲ့အခါမှာလည်း "အားခူ" ဆိုတဲ့ သူ့နာမည်ကို သုံးခွင့်မရခဲ့ပြန်ပါဘူး။ မိသားစုဝင်တွေရဲ့ သူ့ဝိဉာဉ် ငြိမ်းချမ်း အေးစေဖို့နဲ့ စစ်အုပ်စုလက်ပါးစေတွေ နှောင့်ယှက်နိုင်မှုက ကင်းအောင် "အားခူ" ဆိုတဲ့ နာမည်ကို ကမ္ဗည်းတိုင်မှာ မထိုးဖို့ မေတ္တာရပ်ခံခဲ့ကြတာကြောင့်ပါ။ ဘာကြောင့်လဲဆိုရင် စစ်အုပ်စုလက်ပါးစေတွေဟာ ရက်ရက်စက်စက် ပစ်သတ်ပြီးရင်တောင် ကျန်ခဲ့တဲ့ ရုပ်အလောင်းနဲ့ အုတ်ဂူကို ရန်ရှာတတ်တာကြောင့်ပါပဲ။ နွေဦးအာဇာနည် အားခူဟာ အာဇာနည်ပီပီ သေဆုံးခဲ့ပေမယ့် နာမည်ကို တောင် ကမ္ဗည်းတိုင်ပေါ် ထိုးခွင့်မရဘဲ ငြိမ်သက်စွာ ထာဝရ အနားယူသွားရပါပြီ။

ဒီအုတ်ဂူဟာ "နွေဦးအာဇာနည် အားခူ" ရဲ့ ထာဝရအိပ်စက်နေရာ နေရာပါလို့ ဘယ်သူမှလည်း ထုတ်ပြောကြတော့မှာ မဟုတ်တော့ပါဘူး။ သူ့ရဲ့ ဝိဉာဉ် ငြိမ်းအေးစေဖို့ ထာဝရ နှုတ်ဆိတ်နေကြတော့မှာပါ။

နောက်နောင် လူဖြစ်ခဲ့ရင် "အာဇာနည်လို သေရင် အာဇာနည်လို သေခွင့်ရတဲ့နေရာ" မှာ လူပြန်ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးနေပါ့မယ်။

ထွန်းတောက်နေ

(စာရေးသူသည် ပြည်ပနှင့် ပြည်တွင်းသတင်းဌာနများတွင် သတင်းထောက်၊ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ကာ လက်ရှိတွင် ပြည်တွင်းသတင်းဌာနများ၌ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများ၊ သုံးသပ်ချက်နှင့် အတွေးအမြင်ဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သည်။ ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားသည့် လွတ်လပ်သော သတင်းသမားများ အင်အားစု - IJF တွင် ဦးဆောင်ပါဝင်နေသူလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly