ဖိုးလပြည့်နှင့် တွေ့ဆုံခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု

ဖိုးလပြည့်နှင့် တွေ့ဆုံခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်နှင့် တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောသည်။

လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း နိုဝင်ဘာ ၂၆ ရက် နံနက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ လွတ်လပ်သည့် အာရှအသံ၏ မေးမြန်းမှုတွင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ၏ မိသားစုဝင်ဟု သုံးနှုန်းမေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “ဟုတ်ပါတယ်”ဟု အဖြေပေးခဲ့သည်။

သို့သော် မည်သည့်အတွက်ကြောင့် တွေ့ခဲ့သည် မည်သည့်အကြောင်းအရာများ ပြောဆိုခဲ့သည်ကိုမူ ပြောဆိုခြင်းမရှိပါ။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင်လည်း ပြောဆို ငြိနှိုင်းရန်များရှိနေပြီး “အခုတည်းက ငြိပြီးတော့ လုပ်ဖို့လိုတယ်၊ ဒါကြောင့်မလို့ တွေ့သင့်လူတွေနဲ့ တွေ့ဖို့ဆိုတာဟာ ဒီနိုင်ငံရဲ့ ကိစ္စအဝဝတွေကို ငြိမ်းချမ်းရေး အပါအဝင်အတွက် အများကြီး ကောင်းတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီးနောက် နိုင်ငံတကာမှ ဂုဏ်ယူကြောင်း ထုတ်ဖေါ်ပြောဆိုမှုများ ရှိခဲ့သည်။

အလားတူ နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်တွင်လည်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သေးသည်။ အဆိုပါ တွေ့ဆုံမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က

“အားလုံးကတော့ တိုင်းပြည်အတွက် ဝမ်းသာကြတာပေါ့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သွားတော့မယ်ဆိုတာကို ဒီမိုကရေစီကို လိုလားတဲ့ ပုဂ္ဂိုလ်တွေအားလုံးက လိုလားကြပါတယ်” ဟု ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်ဟု ယုံကြည်ရသည့် နိုဝင်ဘာ ၁၉ ရက် ညတွင် ကိုနေရွှေသွေးအောင်က သူ၏ လူမှုကွန်ရက် ဖေ့ဘုတ်စ်တွင် “ဒီနေ့ည သမိုင်တွင်မယ့် ညတစ်ည” ဟု ရေးသားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly