အဂတိလိုက်စားမှုနှင့် ဘုရင်ကိုစော်ကားသည့်အမှုများက ထိုင်းစစ်အစိုးရကို အမှုပြန်ပတ်မည့် အလားအလာရှိ

အဂတိလိုက်စားမှုနှင့် ဘုရင်ကိုစော်ကားသည့်အမှုများက ထိုင်းစစ်အစိုးရကို အမှုပြန်ပတ်မည့် အလားအလာရှိ

ဘန်ကောက်၊ နိုဝင်ဘာ-၂၆ ။              ။ ထိုင်းနိုင်ငံ၏ အများက ကြည်ညိုလေးစားကြသော ဘုရင်ကို ဂုဏ်ပြုရန်အတွက် ဆောက်လုပ်ခဲ့သည့် ပန်းခြံအပါအဝင် အဂတိလိုက်စားမှု စွပ်စွဲချက်များက ယမန်နှစ်က အာဏာသိမ်းခဲ့ပြီး အစိုးရကို သန့်ရှင်းစေရန်နှင့် ဘုရင်၏ ဂုဏ်ဒြပ်ကို ကာကွယ်ရန် ဦးထိပ်ပန်ဆင်ထားသည့် စစ်အစိုးရ၏ ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို ထိခိုက်နစ်နာစေမည့် အလားအလာရှိနေသည်။

ထိုင်းမီဒီယာတစ်ချို့နှင့် အတိုက်အခံအုပ်စုများက တင်သည့် စွဲချက်များက ကာလရှည် အုပ်စိုးလာခဲ့သည့် ဘုရင် ဘူမိဘော အဒူယာဒက် (၈၇နှစ်)၏ ဆုတ်ယုတ်လာသော ကျန်းမာရေးအပေါ် စိုးရိမ်နေကြသည့် နိုင်ငံကို အံ့အားသင့်တုန်လှုပ်သွားစေခဲ့သည်။

နိုင်ငံအဝန်း တော်ဝင်မိသားစုကို ဂုဏ်ပြုသည့် ပွဲတော်နှစ်ခု ပါဝင်နေသော အဂတိလိုက်စားမှုကို ရဲက ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးရာ သံသယရှိသူနှစ်ဦး စစ်တပ်က ထိန်းသိမ်းထားစဉ်   သေဆုံးစဉ်အတွင်း ယခုကဲ့သို့ စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် သောကြာနေ့က စစ်တပ်၏ ပြောကြားချက်အရ အတွင်းကျကျ စုံစမ်းစစ်ဆေးမှုအရ ဘုရင့်အပန်းဖြေမြို့ ဟွာဟင်းအနီး ဘတ်ငွေ ၁ဘီလျံ (စတာလင်ပေါင် ၁၈.၅သန်း)တန် ရာဇဘက်တီပန်းခြံ တည်ဆောက်မှုတွင် အဂတိလိုက်စားမှု တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ထိုစီမံကိန်းကို ယခင်က စစ်တပ်အကြီးအကဲဖြစ်ခဲ့ပြီး ယခု ဒုကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီး ကူဒွမ်ဒက် ဆီတာ ဘူတာက ကြီးကြပ်ခဲ့ခြင်းပင် ဖြစ်သည်။

ဘယ်လိုခြစားမှုမျိုးမှ မရှိပါဘူး။ ရှိခဲ့ရင်လည်း ကျနော်က ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကိုပဲ ခင်ဗျားတို့ကို ပြောချင်တာပါဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး တီရာချိုင်း နက်ဝါနစ်က စစ်တပ်စုံစမ်းစစ်ဆေးမှု ရလဒ်များကို ကြေညာသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တီရာချိုင်းမှာ ပန်းခြံဆောက်လုပ်ရန်အတွက် ကောက်ခံထားသည့် ပုဂ္ဂလိကအလှူငွေများကို အသုံးပြုရာတွင် မည်သည့်မူမမှန်မှုမျှ မရှိကြောင်း လူသိရှင်ကြားပြောကြားသည့် ဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာအပါအဝင် စစ်ခေါင်းဆောင်များထဲတွင် နောက်ဆုံးတစ်ယောက်ဖြစ်သည်။

သို့ရာတွင် စီမံကိန်းရံပုံငွေများကို အလွဲသုံးစားလုပ်သည်ဟူသည့် စစ်အစိုးရဆန့်ကျင်ရေးအုပ်စုများ၏ စွပ်စွဲချက်များမျာ ထိုင်းမီဒီယာများပေါ်သို့ တက်လာခဲ့သောကြောင့် များသောအားဖြင့် အသံတိတ်နေခဲ့သည့် အတိုက်အခံများက နိုင်ငံရေးအမှတ်ရရန် ကြုံတောင့်ကြုံခဲအခွင့်အရေးကို အမိဖမ်းလာခဲ့ကြသည်။   

ပြည်သူလူထုက စစ်အစိုးရကို ယုံကြည်နိုင်ပါဦးမလားဟု  ၂၀၁၄ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခဲ့သည့် အစိုးရကို ထောက်ခံခဲ့သော အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီတပ်ပေါင်းစု (သို့မဟုတ်)ရှပ်နီပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် သာနာဝပ် ဝီချိုင်းဒစ်က ပြောကြားခဲ့သည်။

မီဒီယာနှင့် အတိုက်အခံများ၏ စွပ်စွဲချက်များတွင် အမည်မသိအရပ်သားတစ်ဦးက ပန်းခြံအတွက် လွန်လေပြီးသော ဘုရင်များ၏ ရုပ်တုကြီးများကို သွန်းသည့် သတ္တုပုံလောင်းစက်ရုံများထံမှ လာဘ်ငွေ   တောင်းခံခဲ့သည်ဟူသည့် အချက်မှာမူ မှန်ကန်ကြောင်း စီမံကိန်းကို ကြီးကြပ်နေသည့် ဗိုလ်ချုပ်ကြီး အူဒမ်ဒက်က နိုဝင်ဘာလ ၁၀ရက်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒါပေမယ့် အခုတော့ ဒါတွေအားလုံးပြီးသွားပါပြီ။ အားလုံး တရားဝင် ရိုးရိုးသားသားပါဟု ၎င်းက ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ရှင်းလင်းခဲ့ခြင်းမရှိပေ။

အင်္ဂါနေ့တွင်မူ အိမ်ရှေ့စံ မဟာ ဝီဇီရာလောင်ကွန်က စက်တင်ဘာလတွင် ဖွင့်လှစ်ပေးခဲ့သည့် ပန်းခြံ ဆောက်လုပ်မှုကို စုံစမ်းစစ်ဆေးရန် ကိုယ်ပိုင်ကော်မတီတစ်ရပ် ဖွဲ့စည်းထူထောင်ထားကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ ထိုကော်မတီကို ကာကွယ်ရေး အမြဲတန်းအတွင်းဝန်ဖြစ်သည့် ဝန်ကြီးချုပ်၏ အစ်ကို ဗိုလ်ချုပ်ကြီး ပရီချာ ချန်းအိုချာက ကြီးမှူးမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly