မြန်မာငွေစက္ကူထုတ်ရန် ကုန်ကြမ်းပေးသွင်းမှု ဂျာမနီကုမ္ပဏီ ရပ်ဆိုင်း

မြန်မာငွေစက္ကူထုတ်ရန် ကုန်ကြမ်းပေးသွင်းမှု ဂျာမနီကုမ္ပဏီ ရပ်ဆိုင်း
Photo - AFP

ဧပြီ ၁

မြန်မာငွေစက္ကူများရိုက်နှိပ်ထုတ်‌ဝေရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းထုတ်ကုန်များကို ပေးသွင်းနေသည့် ဂျာမနီကုမ္ပဏီတစ်ခုက ယခုလက်ရှိ အခြေအနေများကြောင့် ယင်း၏ ကုန်ကြမ်းပေးသွင်းနေမှုများကို ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည်။

အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများ တိုးလာခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အဆိုပါ ဂျာမနီကုမ္ပဏီက ပြောသည်။

ယခုအခါ မြန်မာ၏ နိုင်ငံပိုင် Security Print Works စက်ရုံထံ ငွေစက္ကူထုတ်မှုဆိုင်ရာ ကုန်ကြမ်းပစ္စည်းများ ပေးပို့နေမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းထားလိုက်ပြီဟု ဂျာမနီကုမ္ပဏီ Giesecke and Devrient က ထုတ်ပြန်သည်။

“အရပ်သားပြည်သူတွေကို စစ်တပ်ဘက်က အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်ရှိနေတဲ့အပေါ် တုံ့ပြန်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်” ဟု မြူးနစ်အခြေစိုက် ကုမ္ပဏီက ပြောသည်။

အဆိုပါ ဂျာမနီကုမ္ပဏီသည် ပြီးခဲ့သည့် သီတင်းပတ်များကလည်း ငွေစက္ကူ ထုတ်ဝေမှုအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် နည်းပညာစနစ်ဆိုင်ရာ အထောက်အပံ့များ ပေးသွင်းမှုကို ကန့်သတ်လုပ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတွင် အာဏာရှင်စနစ် ဆန့်ကျင်နေသော ဆန္ဒပြသူများအပေါ် အသက်သေစေသည်အထိ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများကို လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly