၈၈ ဦးနှောက်နဲ့ နောက်ပြန်လှည့်ခိုင်းလို့ မရဘူး

By ထွဏ်းမောင်
01 April 2021
၈၈ ဦးနှောက်နဲ့ နောက်ပြန်လှည့်ခိုင်းလို့ မရဘူး
Photo - AFP

"နောက်ပြန်မလှည့်ဘူး"

တကယ်တော့ ဒီစကားရပ်က ဒီကာလအတွက် အရေးအကြီးဆုံး စကားရပ်။ စစ်အုပ်စုက နိုင်ငံကို အတင်းအပြန်ပေးဆွဲ အဓမ္မပြုကျင့်နေတာကို မကြိုက်တဲ့သူတိုင်း သတိချပ်ရမယ့်စကားရပ်။ ဘာကြောင့်လဲဆိုရင် ဖေဖော်ဝါရီလ ၁ ရက်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က မြန်မာ့နိုင်ငံရေးကို လမ်းဟောင်းကြီးအတိုင်း နောက်ပြန်လှည့်ဖို့ ဦးတည်လာနေလို့ ဖြစ်ပါတယ်။

နောက်ပြန်သွားပြနေတဲ့ မင်းအောင်လှိုင်စစ်အုပ်စု

စစ်အုပ်စုဟာ အာဏာမသိမ်းမီကစလို့ အာဏာမသိမ်းဘူးလို့ မမှတ်ယူထားဖို့ကို တရားဝင်ထုတ်ပြောပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံ့သမ္မတကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပါတော့တယ်။ အဲဒီနောက် ၁၉၈၈ အရေးအခင်းက ပြုကျင့်ခဲ့တဲ့အတိုင်း တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်၊ နိုင်တဲ့ပါတီကို အာဏာလွှဲပေးပါမယ်ဆိုပြီး ကြေညာပါတယ်။

ဒီလိုကြေညာအပြီးမှာ လမ်းပေါ်တက်ဆန္ဒဖော်ထုတ်သူတွေကို လွှတ်ပေးထားပြီး စစ်အုပ်ချုပ်ရေးယန္တရား အသက်သွင်းဖို့ စတင်တည် ဆောက်လာပါတော့တယ်။ ပြည်မအခြေစိုက် နိုင်ငံရေးပါတီတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေေ၊ အချောင်နှိုက် နေရာရလိုတဲ့ ပါတီတွေကို စည်းရုံးပြီး စစ်ကောင်စီအုပ်စုကို ဖွဲ့စည်းပါတော့တယ်။ သူတို့ရဲ့ မတရားတဲ့လုပ်ရပ်မှန်သမျှကို အမှန်ဖြစ်သယောင်ယောင် မဟုတ်မမှန် သတင်းတွေနဲ့ လူထုကို ခေါင်းလှည့်ဖို့အတွက် ပြန်ကြားရေးဌာနကို အဆောတလျင် ဖွဲ့စည်းပြီး နိုင်ငံပိုင်သတင်းဌာနမှန်သမျှကို ထိန်းချုပ်ပါတော့တယ်။

တဖက်မှာလည်း ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်နိုင်ဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့သူတွေကို အကြမ်း ဖက် ရိုက်နှက်၊ ဖမ်းဆီး၊ သတ်ဖြတ်ပြီး လက်နက်နဲ့ အာဏာတည်ဆောက်ပါတော့တယ်။ ဒီလို လုပ်နိုင်ဖို့အတွက်လည်း ဖမ်းချင်တိုင်း ဖမ်းလို့ ရတဲ့ ဥပဒေတွေတဖက်ကနေ ပြဋ္ဌာန်းပြီး သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်ကို ဥပဒေ မလိုက်နာလို့ လုပ်ရပါတယ်ဆိုတာမျိုးဖြစ်အောင် လုပ်ဆောင်ပါတော့တယ်။ ဒါတွေဟာ ၁၉၈၈ အရေးအခင်းနောက်ပိုင်း တောက်လျောက်လုပ်ခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်တွေအတိုင်း တသွေမတိမ်း လုပ်ဆောင်နေတာပါ။

၈၈ အရေးအခင်းနဲ့ တစ်ခု ကွာတာကတော့ ၁၉၈၈ အရေးအခင်းဖြိုခွင်းမှုမှာ စစ်တပ်က G-3 သေနတ်သစ်တွေ စမ်းဖို့အတွက် လူထုကို လက်တည့်စမ်း ပစ်သတ်နှိမ်နင်းခဲ့ပေမယ့် အခု မင်းအောင်လှိုင်စစ်အုပ်စုကတော့ အသက်အရွယ် အပိုင်းအခြား မစဉ်းစားစေတော့ဘဲ ပစ်ရင် ခေါင်းကို ထိအောင် ပစ်ဆိုပြီး အဆိုးဝါးဆုံး ယုတ်မာပက်စက်ပြတာပဲ ဖြစ်ပါတယ်။

နိုင်ငံရေးသင်းသတ်လမ်း

နိုင်ငံရေးသမားတွေနဲ့ ပတ်သက်လို့လည်း မင်းအောင်လှိုင်စစ်အုပ်စုက ၈၈ အရေးအခင်းနောက်ပိုင်း လမ်းကြောင်းအတိုင်းပဲ ပြုမူနေ တုန်းပါ။ အရေးကြီးတဲ့ နိုင်ငံရေးသမားတွေကို ပုဒ်မမျိုးစုံတပ် ဖမ်းဆီး၊ မိသူတွေကို အသေသတ်ပြနဲ့ ဖိနှိပ်ပြပါတော့တယ်။ နိုင်ငံတွင်း လှည့်ပတ်ပုန်းရှောင်နေတဲ့ နိုင်ငံရေးသမားတွေကို ကူသူမဲ့အောင် ဝရမ်းထုတ်ပြ၊ လက်ခံထားတဲ့ အိမ်တွေမရှိအောင် ဧည့်စာရင်းဥပဒေတွေကို ပြဋ္ဌာန်းပြနဲ့ နိုင်ငံအတွင်း မနေနိုင်အောင် လုပ်ပါတော့တယ်။ နိုင်ငံရေးလှုပ်ရှားသူတွေ နိုင်ငံတွင်းက ထွက်လေ ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်လျှော့လေအောင် လုပ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးလှုပ်ရှားမှုမှာ နည်းပေါင်းစုံနဲ့ ပါနေကြတဲ့ နယ်ပယ်စုံက တတ်သိတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ဝင်ဖမ်း၊ ရိုက်နှက်၊ ဖျက်သိမ်းတဲ့အပြင် မီဒီယာအဖွဲ့အစည်းတွေကိုပါ သတင်းမှန် မထုတ်နိုင်အောင် လုပ်ပြရင်း လက်နက်နဲ့ အာဏာတည်ဆောက် မှုကို တဆင့်ချင်းစီ လုပ်ပြနေတာဟာ ၈၈ အရေးအခင်းနောက်ပိုင်း လုပ်ခဲ့တဲ့ နေဝင်းစစ်အုပ်စုရဲ့ ခြေရာအတိုင်းကို မင်းအောင်လှိုင် စစ်အုပ်စုက လိုက်နင်းပြနေတာပါ။ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုကို သင်းသပ်တဲ့ စစ်အုပ်စုရဲ့ တစ်ခုတည်းသော နည်းလမ်းပါ။

လက်ရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH က ယာယီဒုသမ္မတနဲ့ တချို့သော ဝန်ကြီးတွေ ခန့်ထားပြီးဖြစ်လို့ ဒီလူတွေ ပြည်ပရောက်ပြီး NCGUB လိုမျိုး အဝေးရောက်အစိုးရဖြစ်လေ ပိုကြိုက်လေဖြစ်ပြီး လေလှိုင်းပေါ်က အစိုးရ ဆိုတဲ့ စကားရပ်ကို ခံတွင်းမိန်မိန် သုံးဖို့ မင်းအောင်လှိုင်စစ်အုပ်စုက ရည်မှန်းနေပါပြီ။

စစ်အုပ်စုအလို လိုက်မှာ မဟုတ်ဘူး

မင်းအောင်လှိုင်စစ်အုပ်စုက နေဝင်းစစ်အုပ်စုထွင်ခဲ့ဖူးတဲ့ လမ်းအတိုင်း တသွေမတိမ်း လိုက်နေချိန်မှာ လက်ရှိ ဒီမိုကရက်တစ် နိုင်ငံရေးအင်အားစုတွေကလည်း ၈၈ အရေးအခင်းနောက်ပိုင်း အဲဒီကာလ နိုင်ငံရေးသမားတွေ လျှောက်ခဲ့တဲ့လမ်းမျိုးကို ဆက်မလျှောက်ကြဖို့ လိုနေပါပြီ။

ဘာကြောင့်လဲဆိုရင် ၈၈ အရေးအခင်းနဲ့ မတူတဲ့ နိုင်ငံရေးအခင်းအကျင်းတွေဟာ ပြည်တွင်းမှာ ရှိနေပြီဖြစ်လို့ပါပဲ။ နိုင်ငံရေးထက် လွတ်လပ်မှုကို ပိုမြတ်နိုးတဲ့ Generation Z လို မျိုးဆက်တွေ၊ စစ်အစိုးရအောက် နေထိုင်ရင်း ဖိနှိပ်မှုပေါင်းစုံ ကြုံခဲ့ဖူးတဲ့ Gen Y မျိုးဆက်တွေ၊ ဗိုလ်နေဝင်းလက်ထက်ကတည်းက စစ်တပ်ရဲ့ သဘောသဘာဝကို ပါးရည်ဝနေတဲ့ Gen Xတွေက ဒေသစုံနေရာစုံက လမ်းမတွေပေါ်မှာ နည်းပေါင်းစုံနဲ့ မင်းအောင်လှိုင်စစ်အုပ်စုကို လက်နက်မပါဘဲ ဟန့်တားတာဟာ အခုဆိုရင် နှစ်လကျော်အထိ ရှိပါပြီ။ ဒီ့အတွက်လည်း သွေးမြေကျတဲ့ နိုင်ငံ့အနာဂတ်လူငယ် ၅၅၀ ကျော် အသက်ပေးရပြီးပါပြီ။

ဒါ့အပြင် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားအပါအဝင် ယန္တရား ပေါင်းစုံ မလည်ပတ်နိုင်အောင် ဟန့်တားထားနိုင်တဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုက အခုအချိန်အထိ အားကောင်းဆဲ ဖြစ်ပါတယ်။ စစ်ယန္တရားမလည်ပတ်ရေးအတွက် ကိုယ်တိုင်တင်မက၊ ကိုယ့်မိသားစုကိုပါ ရင်းပြီး တိုက်ပွဲဝင်နေကြတာကို ကြည့်ရင် ဒါဟာ ၈၈ အရေးအခင်းကာလက အနေအထားတွေ တခြားဆီ ဖြစ်နေပါပြီ။ ၈၈ အရေးအခင်းမှာ မကြုံဘူးတဲ့ လူထုနဲ့ ပြည်သူ့ဝန်ထမ်း ကြံ့ကြံ့ခံ ဟန့်တားမှုကို မင်းအောင်လှိုင်စစ်အုပ်စု ကြုံနေရပါပြီ။ ဒါကို စစ်အုပ်စုက ကြောက်သလို မိရင် ကျိုးကြေအာင် ရိုက်ပြ၊ ပစ်ရင် ခေါင်းကိုချည်း တည့်တည့်ပစ်ပြနဲ့ အကြောက်တရားတွေကို ဖုံးကွယ်ဖို့ လုပ်နေရပါပြီ။

နောက်ပြန်လှည့်လို့ မရဘူး

လမ်းမပေါ်က Gen X,Y,Z တွေက သတိပေးထားပြီးပါပြီ။ "၈၈ က သောက်ချိုးမျိုးတွေ ၂၁ မှာ လာမချိုးနဲ့"၊ "မင်း (စစ်တပ်) တို့ ဦးနှောက် ၈၈ ငါ (လူငယ်) တို့ ဦးနှောက် ၂၁" ဆိုတဲ့ ကြွေးကြော်သံက ထွက်ချင်လို့ ထွက်လာတာ မဟုတ်ပါဘူး။ ဒီကြွေးကြော်သံ တိုင်သူ၊ ဟစ်သူတိုင်းက မင်းအောင်လှိုင်စစ် အုပ်စုရဲ့ ခြေလှမ်းကို စဝါးမိထားသူတွေပါ။ ဒါကြောင့်လည်း ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ၈၈ နဲ့မတူတဲ့ ဆန္ဒဖော်ထုတ်မှုပုံစံတွေ၊ မတူတဲ့ကြွေးကြော်သံတွေဟာ အားကောင်းနေတာဖြစ်သလို သပိတ်ခေါင်းဆောင်တွေရဲ့ တောင်းဆို ချက်တွေကလည်း ရှင်းလင်းပြတ်သားနေတာကို တွေ့ရမှာပါ။

ဒီအခြေအနေ ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုတွေလည်း သဘောပေါက်ထားဖို့ လိုအပ်သလို သတိမမူ ဂူမမြင်ဘဲ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ U Turn ပြန်ကွေ့ လမ်းဟောင်းပြန်လျှောက်ခိုင်းတဲ့အကွက်ကို နည်းပေါင်းစုံနဲ့ ချေဖျက်ကြဖို့ လိုပါတယ်။ ချေဖျက်နိုင်မယ် ဆိုတာကိုလည်း ယုံကြည်ပြီးသားပါ။ --- အရေးတော်ပုံ အောင်ရမည် ---

ထွဏ်းမောင်

(စာရေးသူသည် ပြည်ပနှင့် ပြည်တွင်းသတင်းဌာနများတွင် သတင်းထောက်၊ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ကာ လက်ရှိတွင် ပြည်တွင်းသတင်းဌာနများ၌ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများ၊ သုံးသပ်ချက်နှင့် အတွေးအမြင်ဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သည်။ ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားသည့် လွတ်လပ်သော သတင်းသမားများ အင်အားစု - IJF တွင် ဦးဆောင်ပါဝင်နေသူလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly