ဟောင်ကောင် ရွေးကောက်ပွဲစနစ် ပြင်ဆင်ရန် တရုတ် ကွန်ဂရက် ကန့်ကွက်မဲမရှိ အတည်ပြု

By HKFP
30 March 2021
ဟောင်ကောင် ရွေးကောက်ပွဲစနစ် ပြင်ဆင်ရန် တရုတ် ကွန်ဂရက် ကန့်ကွက်မဲမရှိ အတည်ပြု

မတ် ၃၀

တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းဖြစ်သည့် အမျိုးသားပြည့်သူ့ကွန်ဂရက် လုပ်ငန်းကော်မတီ (NPCSC) က ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ်တွင် အရေးကြီးသည့် အချက်များကို ပြင်ဆင်ပြောင်းလဲရန် သဘောတူလိုက်သည်။

NPCSC တွင် ပါဝင်သည့် ၁၆၇ ဦးစလုံးက ကန့်ကွက်မဲ မရှိဘဲ ဆုံးဖြတ်လိုက်ခြင်းကြောင့် ရွေးကောက်ပွဲတွင် ပြည်သူက ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်အရေအတွက် လျော့နည်း သွားမည်ဖြစ်သလို တရုတ်အစိုးရလိုလားသည့် ကော်မတီက ကိုယ်စားလှယ်အရေအတွက် ပိုမိုအဆိုပြု နိုင်မည်ဖြစ်သည်။

NPCSC ၏ လုပ်ငန်းကော်မတီမှ တရုတ်အစိုးရ လိုလားသူ ဟောင်ကောင်ဒေသတစ်ဦးတည်း ကိုယ်စားလှယ် တန်ယုချန်က အခြေခံဥပဒေမှ နောက်ဆက်တွဲ ၁ နှင့် ၂ ကို ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် ကော်မတီက တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ကြောင်း ပြောသည်။

တရုတ်အစိုးရလိုလားသည့် ဟောင်ကောင်၏ အကြီးဆုံးပါတီ DAB က ထုတ်ပြန်သည့် ဗီဒီယိုတစ်ခုတွင် ကိုယ်စားလှယ်အရေအတွက် ၇၀ မှ ၉၀ သို့ တိုးချဲ့လိုက်သည့် မြို့တော်ဥပဒေပြုရေးအဖွဲ့တွင်  ရွေးကောက်ပွဲ ကော်မတီက ရွေးချယ်ထားသူ ၄၀ ပါဝင်မည်ဖြစ်သည်။ အစိုးရသစ္စာခံအများစုပါဝင်သည့် အဆိုပါကော်မတီက ဟောင်ကောင်၏ အမှုဆောင်အရာရှိချုပ်ကို ရွေးချယ်ထားသည်။

ရွေးကောက်ပွဲကော်မတီအနေဖြင့် အမျိုးသားရေး အုပ်စုများကို ကိုယ်စားလှယ်များ၊ တရုတ်ပြည့်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ အဖွဲ့ဝင်များနှင့် အခြား နိုင်ငံတော်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ပိုမိုခန့်အပ်မည်ဖြစ်သည်။

ကျန်သည့် နေရာ ၃၀ ကို သတ်မှတ် မဲဆန္ဒနယ်များမှ လွှတ်စားလှယ်များကို ခန့်အပ်မည်ဖြစ်ရာ ပြည်သူက နေရာ ၂၀ အတွက်သာ ရွေးချယ်တင်မြောက်နိုင်မည်ဖြစ်သည်။ သတ်မှတ်မဲဆန္ဒနယ်တွင် ကူးသန်းရောင်းဝယ်ရေး၊ စက်မှု၊ စာရင်းအင်းနှင့် ပညာရေးကဲ့သို့ နယ်ပယ်များမှ ကျွမ်းကျင်သူများပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly