ကိုဗစ်-၁၉ တိုက်ပွဲမှာ အောင်ပွဲရရန် အလှမ်းဝေးဆဲဟု ဂျိုးဘိုင်ဒင် ပြော

ကိုဗစ်-၁၉ တိုက်ပွဲမှာ အောင်ပွဲရရန် အလှမ်းဝေးဆဲဟု ဂျိုးဘိုင်ဒင် ပြော
Photo - AFP

မတ် ၃၀

ကိုဗစ်-၁၉ ကို တွန်းလှန်တိုက်ဖျက်ရေး တိုက်ပွဲမှာ အနိုင်ရဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့မှာ အမေရိကန်ပြည်သူတွေကို သတိပေးလိုက်ပါတယ်။

နိုင်ငံမှာ ဖြစ်လာနိုင်တဲ့ ကိုဗစ်-၁၉ စတုတ္ထလှိုင်းရဲ့ ချောက်ကမ်းပါးမှာ ရပ်တည်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဗိုင်းရပ်စ်သတိပေးချက်တွေကို အရေးစိုက်ကြဖို့လည်း သူက တိုက်တွန်းပြောဆိုပါတယ်။

“ကျွန်တော်တို့ အလုပ်တွေ ပြီးစီးဖို့ လိုပါသေးတယ်၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး စစ်ပွဲဟာ အောင်ပွဲရဖို့ အလှမ်းဝေးနေတုန်းပါ”လို့ ရုပ်သံမိန့်ခွန်းမှာ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

“ထပ်တိုးလူနာတွေ မြင့်တက်နေရတဲ့ ကူးစက်ဖြစ်ပွားမှု မြန်ဆန်တဲ့ ဒီ ဗိုင်းရပ်စ်နဲ့အတူ ကျွန်တော်တို့ဟာ ရှင်ခြင်းနဲ့ သေခြင်းကြားမှာ လွန်ဆွဲနေရတာပဲ၊ စိတ်မချမ်းမြေ့စရာပဲ ဗိုင်းရပ်စ်ဗီဇကွဲမျိုးစိတ်တွေလည်း ကူးစက်ပြန့်နှံ့နေတယ်၊ အဆင်အခြင်မဲ့တဲ့ အမူအကျင့်တွေကြောင့် ကူးစက်ပြန့်နှံ့မှုအသစ်တွေ ပိုများလာလိမ့်မယ်”ဆိုပြီး သူက ထပ်လောင်းပြောပါတယ်။

ဂျိုးဘိုင်ဒင် အစိုးရဟာ တစ်နိုင်ငံလုံး ကာကွယ်ရေးထိုးနှံပေးရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ထပ်ဆောင်း လုပ်ဆောင်ချက်သစ်တွေကိုလည်း ချမှတ်ကြေညာပြီး ဧပြီ ၁၉ ရက် မကျော်လွန်မီ နိုင်ငံရဲ့ အရွယ်ရောက်ပြီးသူ ၉၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးဖြစ်ရမယ်လို့ အာမခံထားပါတယ်။

အမေရိကန်နိုင်ငံမှာ လက်ရှိအထိ ကာကွယ်ဆေး ထိုးနှံထားသူ ၁၄၃ သန်း ရှိပြီး လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းဟာ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပါတယ်။ ဒီထဲမှာ အသက် ၆၅ နှစ်အထက်ဦးရေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်းဟာ သီတင်းပတ်အတန်ကြာ တည်ငြိမ်နေခဲ့ပေမယ့် လက်ရှိမှာ တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ပြီး ပျမ်းမျှ ခုနစ်ရက်မှာ အသစ်ကူးစက်သူပေါင်း ၆၀၀၀၀ နီးပါး ရှိနေပါတယ်။ သေုဆ့းနှုန်းဟာလည်း ၃ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ရက် လူ ၁၀၀၀ ဝန်းကျင် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly