စစ်ရှောင် ကရင်ရွာသားတွေကို ထိုင်းစစ်သားတွေက ပြန်နှင်ထုတ်

စစ်ရှောင် ကရင်ရွာသားတွေကို ထိုင်းစစ်သားတွေက ပြန်နှင်ထုတ်
Photo - AFP

မတ် ၃၀

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ကရင်ရွာသား ၂၀၀ ခန့်ကို ထိုင်းစစ်သားတွေက ပြန်နှင်ထုတ်ခဲ့တယ်လို့ ကရင်အမျိုးသမီးအစည်းအရုံးက ပြောပါတယ်။

ကရင်ပြည်နယ် အရှေ့ပိုင်းမှာ စစ်တပ်ရဲ့ လေ‌ကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူပေါင်း ၃,၀၀၀ လောက်ဟာ ဘေးကင်းရာ ရှာဖွေခိုလှုံဖို့ တောထဲကနေ ဖြတ်ပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး အရပ်ဘက်လူ့အဖွဲ့အစည်းက ပြောပါတယ်။

ယင်းနောက် နောက်ထပ် ရောက်လာမယ့်လူတွေအတွက် ထိုင်းစစ်တပ်အနေနဲ့ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက တနင်္လာနေ့က ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါသေးတယ်။

“ထိုင်းအာဏာပိုင်တွေဟာ ဒီလူတွေကို တိုက်ပွဲကနေ ထွက်ပြေးလာကြတဲ့လူတွေအဖြစ် သဘောထားပါလိမ့်မယ်၊ ဆိုလိုတာက ထိုင်းအစိုးရဘက်က သူတို့ကို နောက်တစ်ကြိမ် ပြန်မောင်းထုတ်ဖို့ မဆုံးဖြတ်မချင်း သူတို့ကို ယာယီနေခွင့်ပြုမယ်ဆိုတဲ့ သဘောပါပဲ” လို့ Human Rights Watch ရဲ့ အာရှဌာနဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆင်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly