ဖြစ် သုံးဖြစ်

By ဇေယျာအုန်း
29 March 2021
ဖြစ် သုံးဖြစ်

မတ် ၂၉

အတော်ရင်းနှီးတဲ့သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်တော့ လွန်ခဲ့တဲ့အနှစ် ၂၅ လောက်က စဉ်းစား ခဲ့ဖူးတဲ့ အတွေးအခေါ်တခုကို ပြန်သွားသတိရမိတယ်။  စစ်အာဏာသိမ်းမှုကို လုံး၀လက်မခံသူတဦးပါ။ ဆန္ဒပြပြည်သူတွေကို စာနာတယ်။

ကိုယ်တိုင်လဲ နိုင်သလောက်ပါဝင်တယ်။ စကားစမြည်ပြောရင်းနဲ့ အမျိုး အဆွေတွေအကြောင်း ပြောဖြစ်တော့ သူ့အမျိုးအရင်းတယောက်က တပ်က အရာရှိတဦးဖြစ်နေတာ သိ လိုက်ရတယ်။ စစ်တပ်ကို အတော်ကိုဝေဖန်တဲ့ သူငယ်ချင်းက သူ့အမျိုးအရင်းကိုတော့ အတာ်ကာကွယ် တယ်။ သူ့အမျိုးက အပြစ်မရှိကြောင်း၊ အခုဖြစ်တာတွေနဲ့ မဆိုင်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။ မလွှဲ သာမရှောင်သာလို့ တိုက်ခိုက်ရေးနဲ့မပတ်သက်တဲ့နေရာမှာ အလုပ်ဆက်လုပ်နေရဆဲ ဖြစ်တယ်တဲ့။ ကျွန်‌ တော်ကလဲ ဒီလိုအချိန်မျိုးမှာ လူထုကိုနှိပ်စက်နေတဲ့ စစ်တပ်နဲ့ သူ့အမျိုးအရင်းခေါက်ခေါက်နဲ့ တိုက်ရိုက် ပတ်သက်နေတာ စိတ်ထဲမှာတမျိုးမဖြစ်ဘူးလားလို့ တီးခေါက်ကြည့်တော့ ဖြစ်ပုံမရဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်တာနဲ့ ကိုယ့်အမျိုးစစ်တပ်က အရာရှိဖြစ်တာနဲ့ကို အကန့်ခွဲထားပုံရတယ်။ အလုပ်ထွက်ဖို့ တိုက် တွန်းပါလားလို့ဆိုတာ့ ကျွန်တော့်ကို ခပ်ရွဲ့ရွဲ့ပြန်မေးတယ်။ ပုံမှန်ထောက်ပံ့ပေးမလားတဲ့။

မေးတဲ့မေးခွန်းက မမှားပါဘူး။ စားဝတ်နေရေးပြေလည်ဖို့ဆိုတာ အတော်အရေးကြီးတာကိုး။ ဒါပေမယ့် မီး ရထားဝန်ထမ်းတွေ အထုပ်လေးတွေသယ်ပြီး ဝန်ထမ်းလိုင်းခန်းက ဆင်းလာရတာကို ထောက်ခံတဲ့ သူငယ် ချင်းက သူ့အမျိုးကျတော့ စားဝတ်နေရေး စိတ်ပူပုံရတာကို စဉ်းစားမိတော့ မြန်မာပြည်မှာ အဲလိုမိသားစုမျိုး ဘယ်လောက်ရှိနေပြီလဲလို့ တွေးမိတယ်။ စစ်အာဏာရှင်ယန္တရား သက်ဆိုးရှည်နေရခြင်းက စစ်တပ်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံကြသူတွေကြောင့်တင် မကဘူး။ 

အပြင်မှာဆန္ဒပြပြီး ပြည်သူကိုထောက်ခံ နေပေမယ့် ကိုယ့်အမျိုးအ ဆွေ၊ မိသားစုတွေထဲမှာ စစ်တပ်ကို အလုပ်အကျွေးပြုနေတာကို မသိကျိုးကျွန် ပြုနေသူတွေကြောင့်လဲ ပါတယ်။

ငယ်ငယ်ကတွေးမိခဲ့တဲ့ အတွေးအခေါ်ကတော့ ဖြစ်နေတာ၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဆိုတဲ့ ဖြစ်သုံးဖြစ်အ ကြောင်းပါ။ ဖြစ်ချင်တာကတော့ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်တဲ့။ အားလုံးတက်ညီလက်ညီနဲ့ စစ်အာဏာ ရှင်ကို တော်လှန်ကြမယ်ပေါ့။

တွန်းတဲ့လူတွေက များသမှ အများကြီး။ ဒါပေမယ့် အတွန်းခံရတဲ့ဟာကြီးကို မယ်မယ်ရရ ရွေ့ကို မရွေ့ဘူး။ ဘာလို့လဲဆိုတော့ ဖြစ်နေတာက သိပ်ပြိုင်မတူလို့ပေါ့။ ကိုယ့်ဖက်မှာ လူများ သလို ဟိုဖက်မှာ သိပ်လူမနည်းလှဘူးပဲ။

ပေါ်ပေါ်တင်တင်ထောက်ခံနေသူတွေနဲ့ မသိကျိုးကျွန်ပြုနေသူတွေ ပေါင်းလိုက်ရင် အရေအတွက်က သိပ်မနည်းလှဘူး။ ဒါ့အပြင် စီးပွါးရေးလုပ်ငန်းရှင်တွေကလဲ ခြံစည်းရိုး တွေ ခွထိုင်နေကြသလိုပဲ။ အခုမြန်မာပြည်မှာ လက်ရှိအချမ်းသာဆုံးဆိုတဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေက အရပ်သားအစိုးရခေတ်မှာ မေမေနဲ့အတော်ရင်းနှီးသလို န၀တ၊ နအဖ လက်ထက်တုန်းကလဲ တပ်နဲ့ အတော်ကို ခင်မင်ခဲ့ကြတာကို သတိပြုသင့်တယ်။

ဖြစ်ချင်တာကတော့ ကျန်စာတွေတိုက်၊ ဆုတွေတောင်းနေတဲ့အတိုင်း စစ်အစိုးရက အခုလဲ မရှုမလှခံရ။ နောင်ဘ၀အဆက်ဆက်တိုင်းလဲ ငရဲကျ။ ဒါပေမယ့် ဖြစ်နေတာကတော့ နေ့စဉ်ရက်စက် မညှာမတာ လူ သတ်နေတဲ့ စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေ မလျော့သွားဘဲ ပိုပိုတိုးလာနေတယ်။ အသတ်ခံရသူ တွေကလဲ အသက်တွေ ပိုပိုငယ်လာတယ်။ တော်လှန်ရေးနေ့ကဆိုရင် တနှစ်သားအရွယ် ကလေးလေး တောင် အပစ်ခံလိုက်ရတယ်။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့က စိတ်မကောင်းစရာ ကောင်းလောက်အောင်ကို ကွာခြားနေတယ်။

နောက်ထပ်ဖြစ်ချင်တာတခုကတော့ နိုင်ငံတကာကနေ မြန်မာပြည်သူလူထုကို စစ်အာဏာရှင်ဖိနှိပ်မှုအောက် က လွတ်မြောက်အောင် ကူညီဖို့။ ရုပ်ရှင်တွေထဲကလို ကွန်မန်ဒိုတွေ ရန်ကုန်နဲ့ မြို့ကြီးတွေကို ဝင်စီးပြီး စစ်အာဏာရှင်တွေကို ချေမှုန်းပစ်လိုက်တာမျိုးကို ကျွန်တော်လဲ တောင့်တမိတယ်။ ဖြစ်နေတာကတော့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ကြေငြာချက်တွေ တစောင်ပြီးတစောင်ထုတ်ပြီး ဝမ်းနည်းကြေကွဲနေကြပေမယ့် အိမ်နီးချင်း မဟာအင်အားကြီးနိုင်ငံ တရုတ်ပြည်ကတော့ စစ်အာဏာရှင် ဖက်က မားမားမတ်မတ် ရပ်ပေးနေတယ်။ အခုဆိုရင် နောက်ထပ်မဟာအင်အားကြီး ရုရှက တော်လှန်ရေး နေ့အခမ်းအနားကို ဝန်ကြီးအဆင့်လွှတ်ပြီးတောင် တက်ခိုင်းတယ်ဆိုတော့ စစ်အာဏာရှင်ဖက်က ထောက်ခံ မှုက ပိုတောင်ကြီးမားလာသေးတယ်။ ရုရှက အရှေ့တောင်အာရှမှာ သူ့ဩဇာခံနိုင်ငံ ရှိချင်တယ်။ မြန်မာ စစ် အာဏာရှင်ကလဲ အနားက တရုတ်ပြည်ချည်းပဲ အားကိုးရမယ့်အစား ခပ်ဝေးဝေးက နောက်ထပ်အာဏာရှင် တနိုင်ငံ သူ့ကို ထောက်ခံတာ လိုချင်တယ်ဆိုတော့ အတော်ပဲ ဖြစ်သွားတယ်။

အံ့ဩဝမ်းနည်းမိတာကတော့ တော်လှန်ရေးနေ့အခမ်းအနားတက်တဲ့နိုင်ငံတွေထဲမှာ အိန္ဒိယပါနေတာပဲ။ အခုဆိုရင် အိန္ဒိယမီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဖက်က ဝင်ရောက်ခိုလှုံသူတွေကို လက်မခံချင်ဘူးဆိုပြီး စာထုတ်ထားတယ်။

ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့က အတော်ကွာခြားလွန်းနေတယ်။ ဒီတော့ ဘာဖြစ်သင့်လဲ၊ ဘာဖြစ်နိုင်သလဲ။

CRPH အနေနဲ့ နိုင်ငံတကာကို ပိုဆွဲဆောင်သင့်တယ်။ ရိုဟင်ဂျာကိစ္စလိုမျိုးမှာ နောက်ဆိုနိုင်ငံတကာနဲ့ ညှိညှိ နှိုင်းနှိုင်းလုပ်ပါ့မယ်ဆိုတာမျိုးပေါ့။  ရိုဟင်ဂျာကိစ္စကြောင့် မြန်မာနဲ့ နိုင်ငံတကာနဲ့ အ‌တော်ဝေးကွာကုန်တယ်။ နိုင်ငံတကာနဲ့ ဝေးလေ၊ တရုတ်နဲ့ နီးလေဖြစ်သွားတယ်။ တရုတ်နဲ့ နီးစပ်ခြင်းရဲ့ အကျိုးဆက်ကို အခုဆို ခါး စည်းခံနေကြရတယ်။ ဒေါက်တာဆာဆာ ပြောသွားတာကို သဘောကျတယ်။ အပြုသဘောဆောင်တယ်။

ဖက်ဒရယ်စစ်တပ်နဲ့ မြန်မာစစ်အာဏာရှင်ကို တွန်းလှန်မယ်ဆိုပေမယ့် အခုထက်ထိ တိုင်းရင်းသားတွေက သူတို့နယ်မြေကိုကျော်ပြီး မြန်မာအများစုရှိတဲ့ မြေပြန့်ကို ဝင်ကူဖို့ လက်တွန့်နေကြသလိုပဲ။ သူတို့စိတ်ထဲမှာ မြေပြန့်နဲ့ ဗမာကို အတင်းမယုံရဲသေးဘူးလို့ ထင်တယ်။ စစ်အာဏာရှင်ကို တွန်းလှန်ပြီးရင် ဖက်ဒရယ်မူကို အပြည့်အ၀ အကောင်အထည်ဖေါ်ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်ကို သူတို့လက်ခံအောင် လုပ်ဖို့လိုမယ်။ စစ် အာဏာရှင်ကို တိုက်ဖို့နိုင်ငံခြားကွန်မန်ဒိုတွေထက် တိုင်းရင်းသားတွေဦးဆောင်ပြီး မြေပြန့်ကမြန်မာတွေ ပါဝင်တဲ့ ဖက်ဒရယ်စစ်တပ်က အများကြီးပိုပြီး လက်တွေ့ကျကျလုပ်ဆောင်နိုင်တယ်။ အများကြီးလဲ ပိုဖြစ် နိုင်တယ်။ ဖက်ဒရယ်တပ်နဲ့ မြန်မာစစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီဟေ့ဆိုရင်တော့ တရုတ်ကလဲ မြန်မာစစ်တပ် ဖက်က ပါလာနိုင်သလိုလို နိုင်ငံတကာကလဲ ဖက်ဒရက်စစ်တပ်နဲ့ပြည်သူဖက်က ပါလာနိုင်တယ်။ အဲ၊ ဒီမိုက ရေစီကို အချိန်တိုတိုနဲ့ ပြန်ရသွားနိုင်သလို ဆီးရီးယားလို ပြည်တွင်းစစ်အရှည်ကြီးလဲ ဖြစ်သွားနိုင်တာကိုလဲ မျှော်လင့်ထားသင့်တယ်။

နောက်တခုကတော့ မလွှဲသာမရှောင်သာဘဲ လူမှုအသိုင်းအ၀ိုင်းက ဒဏ်ခတ်တာကို ပိုအရှိန်မြှင့်လုပ် ဆောင်ဖို့ လိုမယ်။  စစ်အာဏာရှင်တွေက သူများသားမီးတွေကျ ရက်ရက်စက်စက် လုပ်နိုင်ပေမယ့် သူတို့ သားသမီးတွေကျတော့ ခြင်ကိုက်တာတောင်မခံနိုင်လောက်အောင် အဖြစ်သည်းအကဲပိုကြတာကို အခွင့်အ ရေးယူဖို့လိုမယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျုးတွေက နာဇီတွေကို တော်လှန်တဲ့အခါ social punishment လို့ခေါ်တဲ့ လူမှုအသိုင်းအ၀ိုင်းက ဒဏ်ခံတာမျိုးကို အသွင်အမျိုးမျိုးနဲ့ လုပ်ခဲ့ကြတယ်။ နာဇီကို  ပေါ်ပေါ်ထင် ထင်ထောက်ခံသူတွေကိုတင်မကဘူး။ နာဇီအစိုးရဆီမှာ အလုပ်လုပ်နေကြတဲ့လူတွေကိုပါ ထည့်သွင်း ဆန့်ကျင်ခဲ့ကြတယ်။ ပြိုင်တူတွန်းလို့ ရွေ့ချင်တယ်ဆိုရင်တော့ ကိုယ့်ဖက်မှာ လူများသထက်များအောင်၊ ဟိုဖက်မှာ လူနည်းလာအောင် လုပ်ဖို့လိုမယ်။ ကိုယ့်ဖက်မှာ လူများနေပေမယ့် သူတို့ဖက်မှာလဲ ကိုယ်ထင် သလောက် လူပါးမနေဘူးဆိုတာ သတိချပ်သင့်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly