ကိုဗစ်ရောဂါ မူလဇစ်မြစ်ကို တရုတ်တာဝန်ရှိသူများ ထုတ်ပြန်

ကိုဗစ်ရောဂါ မူလဇစ်မြစ်ကို တရုတ်တာဝန်ရှိသူများ ထုတ်ပြန်

မတ် ၂၈

ကိုဗစ်-၁၉ ရောဂါ မူလဇစ်မြစ်နှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက် မထွက်ရှိခင်  တရုတ်အစိုးရ တာဝန်ရှိသူများက သံတမန်များကို မတ် ၂၆ ရက်က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ် ခဲ့သည်။

တရုတ်အနေဖြင့်ကိုဗစ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ကြောင်း WHO အစီရင်ခံစာတွင် ပါရှိနိုင်သည်ဟု သံတမန်နယ်ပယ်၌ သို့လောသို့လော ဖြစ်နေသည့် အမြင်ကို ရှင်းနိုင်ရန် ယခုတွေ့ဆုံမှုကို ပြုလုပ်ခြင်း ဖြစ်နိုင်သည်။  တရုတ်အစိုးရ၏ လွှမ်းမိုးမှု၊ စစ်ဆေးတွေ့ရှိချက်များ၏ လွတ်လပ်မျှတမှုအပေါ် အမေရိကန်နှင့် အခြားနိုင်ငံများက မေးခွန်းထုတ်ခဲ့ကြသလို တရုတ်အစိုးရကလည်း ဝေဖန် သူများနှင့် သိပ္ပံနည်းကျလေ့လာမှုတွင် နိုင်ငံရေးပယောဂများ စွက်ဖက်နေကြောင်း စွပ်စွဲထားသည်။

“မိမိတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပွင့်လင့်မြင်သာမှု ရှိကြောင်း ပြသဖို့ပါပဲ။တရုတ်နိုင်ငံအနေနဲ့ ဒီကပ်ရောဂါကို ပွင့်လင်းမြင်သာစွာ တိုက်ဖျက်ခဲ့သလို ဖုံးကွယ်ထားစရာလည်း မရှိပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယန်တောင်က ပြောကြားသည်.
၂၀၁၉ခုနှစ်က ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ဝူဟန်မြို့သို့ ယခုနှစ်အစောပိုင်းက WHO အဖွဲ့နှင့် နိုင်ငံတကာ ကျွမ်းကျင်သူများသွားရောက် လေ့လာခဲ့သည့်ခရီးစဉ်အပေါ် အခြေခံကာ ထုတ်ပြန်မည့် အစီရင်ခံစာတွင် သတ်မှတ်ချိန်ထက် မကြာခဏ ကြန့်ကြာခဲ့သည်။

ကျွမ်းကျင်သူများက တရုတ်ပညာရှင်များနှင့် အတူ ဆောင်ရွက်ခဲ့ပြီး နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ရန် သဘောတူခဲ့သော်လည်း  မည်သည့်အချိန်တွင် ထွက်ရှိမည်ကို ရှင်းလင်းစွာ မသိရပေ။

ဝူဟန်သို့ ဗိုင်းရပ်ရောက်ရှိလာနိုင်သည့် နည်းလမ်း ၄ မျိုးကို ကျွမ်းကျင်သူများက စစ်ဆေးနေကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနလက်ထောက် ညွှန်ကြားရေးမှူးနှင့် စုံစမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖန်ကျိယန်က ပြောသည်။

ယင်းနည်းလမ်း ၄ သွယ်မှာ-- ဗိုင်းရပ်ပိုးသယ်ဆောင်လာသည့်လင်းနို့မှ လူသို့ ကူးစက်ခြင်း၊ လင်းနို့က ကြားခံ နို့တိုက်သတ္တဝါသို့ ကူးစက်ပြီး လူသားသို့ ထပ်မံကူးစက်ခြင်း၊ တင်သွင်းလာသည့် အေးခဲအစားအစာများမှတစ်ဆင့် ကူးစက်ခြင်းနှင့် ဝူဟန်တွင် ဗိုင်းရပ်ပိုး စမ်းသပ်သည့် ဓာတ်ခွဲခန်းမှ ပျံ့နှံ့ခြင်းတို့ ဖြစ်သည်။

တိရစ္ဆာန်များမှ အထက်ပါအတိုင်း ကူးစက်ခြင်းနှင့် တင်သွင်းလာသည့် အေးခဲ အစားအစာများမှ ကူးစက်ခြင်းတို့သည် အဖြစ်နိုင်ဆုံး နည်းလမ်းများ ဖြစ်ကြောင်းနှင့် ဓာတ်ခွဲခန်းမှ ပြင်ပသို့ ဗိုင်းရပ်ယိုစိမ့်ထွက်မှုသည် ဖြစ်နိုင်ခြေအနည်းဆုံးဖြစ်ကြောင်း ကျွမ်းကျင်သူများက ယူဆထားကြကြောင်းဖန်က  ပြောသည်။

၎င်း၏ ပြောကြားချက်များကို CCTV သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသို့ နိုင်ငံပေါင်း ၅၀ မှ သံတမန်များ၊ အာရပ်အဖွဲ့ချုပ်နှင့် အာဖရိကသမဂ္ဂမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

“ဗိုင်းရပ်ရဲ့ မူလဇစ်မြစ်ကို ခြေရာခံတဲ့ လုပ်ငန်းစဉ်မှာ နိုင်ငံရေးစွက်ဖက်ဖို့ ကြိုးပမ်းနေတာကို တရုတ်က လုံးဝကန့်ကွက်ပါတယ်။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ပြုလုပ်နေတာပါ” ဟု သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍  ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ရေးထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချူးရင်က “ဗိုင်းရပ် ဇစ်မြစ်ကို သိပ္ပံနည်းကျ လေ့လာရမှာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုလည်း လိုပါတယ်” ဟု ပြောကြားသည်။

ကျွမ်းကျင်သူများက တွေ့ရှိထားသည့် အကြောင်းအရာများကို ဆွေးနွေးပြီး ဘာသာပြန်ဆိုရင် လုပ်ဆောင်နေကြောင်းနှင့် မည်သည့်အချိန်တွင် အစီရင်ခံစာထွက်ရှိမည်ကို အတည်ပြုနိုင်ကြာင်း သတင်းထောက်များကို ပြောကြားသည်။

ဂျီနီဗာမြို့တွင် မတ်လ ၂၆ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ကိုဗစ် ဗိုင်းရပ်လေ့လာရေးတွင် ပါဝင်သည့် WHO ကျွမ်းကျင်သူတစ်ဦးက စာမျက်နှာ ၄၀၀ နီးပါးရှိသော အစီရင်ခံစာကို ပြုစုပြီး ဖြစ်ကြောင်းနှင့် ပြန်လည်စစ်ဆေး၍ ဘာသာပြန်ဆိုရင် လုပ်ဆောင်နေကြောင်း ပြောကြားသည်။

“လုပ်ငန်းစဉ်တစ်ခုလုံး လာမယ့် ရက်အနည်းငယ်အတွင်းမှာ ပြီးစီးသွားနိုင်ပြီ အများပြည်သူကိုထုတ်ပြန်နိုင်ပါလိမ့်မယ်” ဟု WHO ကျွမ်းကျင်ပညာရှင် ပီတာဘန်အမ်ဘာရက်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly