မတ်လ၊ ၂၆ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ်လ၊ ၂၆ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ
ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များက ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်မှုကို နေ့စဉ်ရင်ဆိုင်လာရပြီးနောက်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက် မှာတော့၊ ရန်ကုန်မြို့တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရန် Molotov ကော့တေးများကိုပြင်ဆင်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့များမှဆန္ဒပြသူများကိုအကြမ်းဖက်နှိမ်နှင်းမှုများပြင်းထန်စွာကြားမှပင်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားခဲ့သည်။ (ဓါတ်ပုံ - EPA)

မတ် ၂၆၊ ၂၀၂၁

အလံမလိပ်တဲ့ ရန်ကုန်မြို့လယ်ခေါင်သပိတ်

ရန်ကုန်မြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတိုက်ပွဲတွင် လူထုအင်အားများစွာ ပူးပေါင်းပါဝင်သည့် မြို့ြ့ဖစ်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့လယ်ခေါင် ဆူးလေ၊ လှည်းတန်း၊ မြေနီကုန်းနှင့် သံရုံးများရှေ့တွင် ရန်ကုန်မြို့နေလူထုက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် စုဝေးဆန္ဒပြခဲ့ကြသည်။ အာဏာရှင်ကို ဆန့်ကျင်နေသည့် လူပင်လယ်ကြီးအကြောင်းဟာ နိုင်ငံတကာထိ သတင်းမွှေးခဲ့သည်။ သို့သော် အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဆန့်ကျင်ရေးအားကောင်းခဲ့သည့် ရန်ကုန်ကို အကြမ်းဖက်ပစ်ခတ် လူသတ်ပြီး အင်အားသုံးဖမ်းဆီးမှုများရှိလာပြီးနောက်ပိုင်း လူထုသည် ရန်ကုန်မြို့နေလူထုသည် စုပေါင်းချီတက်ဆန္ဒပြခြင်းထက် ရပ်ကွက်တွင်း ချီတက်လှည့်လည်သပိတ်၊ လူမဲ့သပိတ်၊ လျှပ်တပြတ်သပိတ်၊ အရုဏ်ဦးသပိတ်၊ ညသပိတ်များကို ဆက်လက်ပြုလုပ်လျက်ရှိသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့မှာတော့ ရန်ကုန်မြို့လယ်ခေါင် ဆူးလေလမ်းမပေါ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို ပြန်လည် မြင်တွေ့ရပါပြီ။ မနေ့ မတ်လ ၂၅ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီလက်နက်ကိုင်များရဲ့ လက်ချက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း ၁၃ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ၊ အဖမ်းခံရသူအများအပြားရှိပြီးနောက် ယနေ့ မတ် ၂၆ တွင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ရက်စက်သတ်ဖြတ်မှုတွေကို ရဲဝံ့စွာ တော်လှန်ကြဖို့၊ အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့ လူငယ်များသည် လုံခြုံရေး အထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး၊ မဟာဗန္ဓုလလမ်းမပေါ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ယင်းသပိတ်စစ်ကြောင်းတွင် လူငယ် ၅၀ ကျော် ပါဝင်ခဲ့ပြီး ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဖမ်းဆီးခံခေါင်းဆောင်များလွှတ်ပေးရေး ဆန္ဒပြကြွေးကြော်ခဲ့သည်။ သို့သော် ဆန္ဒပြလူငယ်များအနေဖြင့် မိနစ် ၃၀ ခန့်သာ ပြသခွင့်ရခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲနှင့်စစ်သားများ လာရောက်ဖြိုခွင်းသဖြင့် လူစုခွဲခဲ့ရသည်။ အောင်မြင်စွာ လူစုခွဲနိုင်သဖြင့် ဆန္ဒပြပြည်သူများ ဖမ်းဆီးခံခဲ့ရခြင်း မရှိပေ။

ယနေ့ မတ်လ ၂၆ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တွေက မြိတ်၊ ထားဝယ်ကို လက်နက်သုံးဖိနှိပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက ဆန္ဒပြပွဲများမရှိသေးဘဲ ရပ်ကွက်များအတွင်း လိုက်လံပစ်ခတ်မှုများ ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၃ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး ကျဆုံးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်အကြမ်းဖက်မှုများကြောင့် ပြည်သူ ၁၀ ဦးနီးပါးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ဖမ်းဆီးခံရသူများလည်း ရှိသည်။ မြိတ်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့်ရဲများက ရမ်းကားပစ်ခတ်မှုအပြင် ပြည်သူများကို ဖမ်းဆီးရာတွင်လည်း လူမဆန်စွာ လက်နောက်ပြန်ကြိုးတုပ် ရိုက်နှက်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်နေကြောင်း သိရသည်။ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေတိုးလာနိုင်သလို အဖမ်းခံရသူအရေအတွက်များလာနိုင်သည်ဟု သိရသည်။

လှိုင်မြို့နယ်က လူမဲ့ဦးထုပ်သပိတ်

ယနေ့ မတ် ၂၆၊ နံနက် ၆ နာရီခန့်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဗဟိုလမ်းမပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်ဂျင်နီယာ လူမဲ့ဦးထုပ်သပိတ်ပြုလုပ်ခဲ့သည်။ ဒီမိုကရေစီ လိုချင်သည်၊ ဖယ်ဒရယ်တပ်မတော် အလိုရှိသည်ဟူသော စာသားများကို ဦးထုတ်များပေါ်တွင် ရေးသားထားပြီး ဦးထုပ်အရေအတွက် ၅၀၀ နီပါးခန့် လမ်းပေါ်တွင် စီတန်းထားသည်။ အခုလို စီတန်းထားရာတွင် လူငယ်များက ဦးထုပ်ထဲတွင် ဘိလပ်မြေနှင့် သဲ ဖျော်စပ်ထည့်ထားသည်ကို တွေ့ရသည်။ နေ့လည်ပိုင်းတွင် ၎င်းဦးထုပ်များကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ရှင်းလင်းသိမ်းယူသွားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးက အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ အားကောင်းနေဆဲ

စစ်ကိုင်းတိုင်းဒေသကြီးက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာသပိတ်စစ်ကြောင်းများသည် စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက် ဖြိုခွင်းသတ်ဖြတ်မှုများရှိသော်လည်း နေ့စဉ် မပျက်မကွက် ချီတက်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းများကို မြင်တွေ့ရသည်။ ယနေ့ မတ် ၂၆၊ နံနက်ပိုင်းတွင် နွေဦးတော်လှန်ရေး မုံရွာပင်မသသပိတ်သည် အဖမ်းအဆီးများရှိနေသော်လည်း သောင်းချီသော လူထုအင်အားဖြင့် ဆက်လက်ချီတက်နေကြသည်။ မုံရွာအပြင်၊ စစ်ကိုင်းတိုင်းဒေသကြီးက ရေဦးမြို့၊ တန့်ဆည်မြို့၊ ကသာမြို့နှင့် အနီးဝန်းကျင်မှ ကျေးရွာများကလည်း လူထုအင်အား သောင်းချီပါဝင်သော သပိတ်စစ်ကြောင်းများဖြင့် ချီတက်ဆန္ဒပြလျက်ရှိသည်။

ရန်ကုန် NLD ရုံးချုပ် မီးကွင်းပစ်ခံရ

ယနေ့ မတ် ၂၆ နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်အတွင်းသို့ မီးကွင်းပစ် မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ နံနက် ၄ နာရီအချိန်တွင် ဟိုက်ဂျက်ကားတစ်စီးဖြင့် မသမာသူများက မီးကွင်းပစ်ရာမှ စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများက ဝိုင်းပြီး ငြိမ်းသတ်ပေးမှုကြောင့် ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်ဟု သိရသည်။ အခုလို မီးရှို့ခံရမှုအပေါ် NLD ပါတီက အမှုဖွင့်ဆောင်ရွက်သွားမည်ဟု သိရသည်။

ရဲသေဆုံးသည့် ကိစ္စဖြင့် မုံရွာ စက်မှုဇုန် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့မ(ဆားကျင်း) သုဿန်အနီး စက်မှုဇုန်ရပ်ကွက်နေသူ ၃၀ ကျော်ကို ယနေ့ နံနက် ၇ နာရီခန့်က အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် အလုံးအရင်းလာရောက်ဖမ်းခေါ်သွားကြောင်း သိရသည်။ မတ်လ ၂၅ ရက် ညပိုင်းတွင် ပျောက်ဆုံးသွားသော မုံရွာအရှေ့ဘက်ပိုင်းနယ်မြေရဲကင်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦးဖြစ်ပြီး ဆားကျင်းသုဿန်အနီးတွင် သေဆုံးနေတာကို တွေ့ရှိရပြီး ယင်းဖြစ်စဉ်ကြောင့် ဖမ်းဆီခေါ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက အိမ်ထဲထိဝင်ရောက်ရှာဖွေပြီး တွေ့တဲ့သူကို ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

ဒေါက်တာဆာဆာရဲ့ မျက်နှာပုံ မျက်နှာဖုံးများတပ်ဆင်ပြီး ဆန္ဒပြခဲ့ကြသည့် မန္တလေးတက္ကသိုလ်ကျောင်းသားများ

မန္တလေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ယနေ့ မတ် ၂၆ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာဆာဆာရဲ့ ပြုံးနေတဲ့ မျက်နှာပုံ မျက်နှာဖုံးများတပ်ဆင်ကာ အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ၎င်းဆန္ဒပြပွဲတွင် မန္တလေးတက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများပါဝင်ပြီး ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။

ရန်ကုန် ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံရသူ ၃၀၀ ကျော် ပြန်လွတ်လာ

ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးမှ ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံရသူများထဲမှာ လူ ၃၀၀ ကျော်ကို ယနေ့ မတ်ဘ ၂၆ ရက်၊ သောကြာညနေပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ အင်းစိန်အကျဉ်းထောင်မှ သက်ဆိုင်ရာနယ်မြေရဲစခန်းများသို့ YBS ယာဉ်လိုင်းများဖြင့် ပို့ဆောင်ခဲ့ပြီး ခံဝန်ကတိလတ်မှတ်ထိုးပြီး ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း မတ်လ ၂၅ ရက်အထိ ကျဆုံးခဲ့ရသူစုစုပေါင်း ၃၂၀ ဦးရှိခဲ့ပြီဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို အကြမ်းဖက် သတ်ဖြတ်ကာ နှိမ်နင်းလျက်ရှိသော်လည်း ဆန္ဒပြမှုများမှာ အားကောင်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly