မြန်မာအာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံအနေဖြင့် meth မှောင်ခိုကူးမှု မြင့်တက်ခြင်းကို ရင်ဆိုင်ရရန် ရှိနေ

မြန်မာအာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံအနေဖြင့် meth မှောင်ခိုကူးမှု မြင့်တက်ခြင်းကို ရင်ဆိုင်ရရန် ရှိနေ
Photo - AFP

မတ် ၂၆

အိမ်နီးချင်း မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် မက်သာဖက်တမင်း(Meth) မူးယစ်ဆေး မှောင်ခိုကူးမှု မြင့်တက်ခြင်းကို ရင်ဆိုင်ကြုံတွေ့ရရန် ရှိနေသည်။

ထိုင်းနိုင်ငံ၏ မူးယစ်ဆေး၀ါး တားဆီးနှိမ်နင်းရေးဗျူရိုသည် ပြီးခဲ့သည့် ခြောက်လအတွင်း “ယာဘ” ဆေးပြား သန်း ၈၀ ကျော်အထိ ဖမ်းဆီးရမိထားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ ထုတ်လုပ်ဖြည့်ဆည်းမှု အလျှံပယ်ဖြစ်ခဲ့မှုနှင့်အတူ ထိုကဲ့သို့ မူးယစ်ဆေးများကို စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။’

သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သီတင်းပတ်များစွာကြာ ဆန္ဒပြမှုများ ရှိနေခဲ့ပြီး နိုင်ငံ၏ တရား၀င် စီးပွားရေးသည် ယိမ်းယိုင်ထိခိုက်မှုများ ရှိနေခဲ့စဥ် မူးယစ်ဆေး၀ါး ထုတ်လုပ်မှုက ပို၍ပင် ကြီးမားနိုင်ကြောင်း ယခုအခါ ကုလသမဂ္ဂက သတိပေးလာခဲ့သည်။

“အတိတ်ကာလ လုပ်ဆောင်ချက်တွေက ရှေ့ဘာတွေဖြစ်လာမလဲဆိုတာအတွက် အချက်ပြမှုတစ်ခုဖြစ်တယ်ဆိုရင် ဓာတုမူးယစ်ဆေး၀ါး ထုတ်လုပ်မှု နောက်ထပ် မြင့်တက်မှုကို ကျွန်တော်တို့ မြင်ရဖွယ် ရှိပါတယ်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ပြစ်မှုဆိုင်ရာရုံးမှ ဂျရမီး ဒေါက်ဂလပ်စ်က ပြောသည်။

နယ်စပ်တစ်လျှောက် ကြိုတင်ကြံစည်အကွက်ချ ကျူးလွန်သည့် ပြစ်မှုကျူးလွန်သူအဖွဲ့များနှင့် ဆက်စပ် အဖွဲ့များသည် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေစဥ်အချိန်အတွင်း ၎င်းတို့၏ အနေအထားကို အားကောင်းစေရေး လုပ်ဆောင်နေဖွယ် ရှိကြောင်း ၎င်းက အေအက်ဖ်ပီကို ပြောသည်။

“အမြန်ဆုံးနည်းနဲ့ ငွေတွေ အများကြီး ရမယ့် အကောင်းဆုံးနည်းလမ်းက မူးယစ်ဆေး၀ါး ကုန်ကူးတာပါပဲ၊ ဒါကို အချိုးကျ ချဲ့ဖို့အတွက် နေရာတကျ ရှိပါတယ်” ဟု ဒေါက်ဂလပ်စ်က ပြောသည်။

ထို့ပြင် ထိုင်းနှင့် လာအို နယ်စပ်များနှင့် နီးကပ်သော မြန်မာနိုင်ငံ၏ ဥပဒေမဲ့ အကွက်အကွင်းများတွင် သောင်းကျန်းသူအဖွဲ့များနှင့် တပ်ဖွဲ့တစ်ချို့တို့အတွက် ဓာတုမူးယစ်ဆေး ထုတ်လုပ်မှုက အဓိက ၀င်ငွေရင်းမြစ်တစ်ခု ဖြစ်နေခဲ့သည်။

နိုင်ငံသုံးနိုင်ငံ ဆက်စပ်၀န်းရံနေသော ရွှေတြိဂံ နယ်မြေသည်လည်း အရှေ့တောင်အာရှ၏ အကျိုးအမြတ်များသော မူးယစ်ကုန်သွယ်မှု၏ ဗဟိုချက်အဖြစ် ဆယ်စုနှစ်များစွာကြာ ဖြစ်ထားခဲ့သည်။

မကြာသေးခင်ကာလက ထုတ်လုပ်ဖြည့်ဆည်းမှု အလျှံပယ်ဖြစ်ခဲ့မှုကြောင့် ဘန်ကောက်တွင် မက်သ် ဆေးပြားတစ်ပြား၏ မှောင်ခိုပေါက်စျေးက တစ်ခုလျင် ဘတ် ၅၀ (၁ ဒသမ ၆၆ ဒေါ်လာ) အနိမ့်ဆုံးစျေးဖြင့် ရှိထားခဲ့သည်။

မက်သာဖက်တမင်း၏ ပိုမို အာနိသင်ရှိသည့် ပုံစံဖြင့် ထုတ်လုပ်ထားသည့် မူးယစ်ဆေးများကို ပုံမှန်အားဖြင့် သြစတြေးလျနှင့် ဂျပန် ကဲ့သို့ ချမ်းသာသည့် ပြည်ပစျေးကွက်များသို့ မှောင်ခိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး ကပ်ရောဂါကာလ သယ်ယူပို့ဆောင်ရေးဆိုင်ရာ တစ်ဆို့မှုများကြောင့် ထိုကုန်ကူးမှုကို အလျင်ပြတ်ထားစေခဲ့သည်။

မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်မှုများ တိုးမြင့်မှုကလည်း တရားမ၀င် မှောင်ခိုကူးသူများကို ဟန့်တားထားနိုင်ခဲ့ခြင်း မရှိသလို ထိုင်းအာဏာပိုင်များ၏ ခန့်မှန်းချက်အရ ၎င်းတို့ နယ်မြေထဲ ၀င်လာသည့် တရားမ၀င် မူးယစ်ဆေး လေးပုံသုံးပုံသည် ယခုအခါ လာအိုကို ဖြတ်လျက် ပို့ဆောင်နေကြောင်း ပြောသည်။

မဲခေါင်ဖြစ်ဖြင့် ပိုင်းခြားထားသည့် နှစ်နိုင်ငံအကြား မက်သ် ကုန်ကူးမှုအပေါ် တိုက်ဖျက်နှိမ်နင်းမှုကလည်း လူ့စွမ်းအားအရင်းအမြစ် အားနည်းခြင်းအပြင် ညကြည့် မှန်ဘီလူးများ၊ လှုပ်ရှားမှု ဆင်ဆာများ၊ မော်တော်ဆိုင်ကယ်များကဲ့သို့ အရင်းအမြစ်ပစ္စည်းများ နည်းပါးမှုကြောင့် အဟန့်အတား ဖြစ်ထားခဲ့ရသည်။

နယ်စပ်ကို စောင့်ကြည့်ရာတွင် တာ၀န်ရှိသည့် ဒေသ ရေတပ် တပ်ဖွဲ့ကလည်း ယခုအခါ မိုးခေါင်မှု၊ မြစ်ညာရှိ တရုတ် ငွေကြေးထောက်ပံ့သော ဆည်များကြောင့် ရေလယ်ဗယ် ကျဆင်းမှုတို့ ဖြစ်ထားခြင်းကြောင့် ကုန်းတွင်းပိုင်း ကင်းလှည့်မှုများကို တိုးမြင့်လုပ်ဆောင်ထားခဲ့ရသည်။

ယင်းအတွက်ကြောင့် ပြီးခဲ့သည့် လများအတွင်း ထိုင်းအာဏာပိုင်များသည် နယ်စပ်ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်မှုကို ထိန်းသိမ်းလုပ်ဆောင်နိုင်ရန် မြစ်ကြောင်းတစ်လျှောက် နေထိုင်သည့် ကျေးရွာများရှိ စေတနာ့၀န်ထမ်းအဖွဲ့များဖြင့် အားဖြည့်လုပ်ဆောင်စေလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly