မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ ထပ်တိုးချမှတ်ရန် သြစတြေးလျ စဥ်းစား

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ ထပ်တိုးချမှတ်ရန် သြစတြေးလျ စဥ်းစား

မတ် ၂၅

မြန်မာအာဏာသိမ်းမှု၏ နောက်ကွယ်ရှိ စစ်တပ်အရာရှိများအပေါ် အရေးယူဒဏ်ခတ်မှုများ ထပ်တိုးချမှတ်သွားရေးအတွက် အလေးအနက်ထား စစဉ်းစားသုံးသပ်နေကြောင်း သြစတြေးလျအစိုးရက အတည်ပြုသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများ အရှိန်မြင့်နေစဥ် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုအပေါ် ဒေသတွင်းရှိ နိုင်ငံများဘက်မှ မည်သို့မည်ပုံ တုံ့ပြန်နိုင်သည် ဆိုသည်နှင့်ပတ်သက်ပြီး ရှင်းလင်းသည့်လမ်းကြောင်း မရှိဟု သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီး မာရိုက်စ် ပေးက သတိပေးသွားခဲ့သည်။

မြန်မာ အာဏာသိမ်းမှု ဖြစ်စဥ်နှင့်ပတ်သက်ပြီး သူမအနေဖြင့် အသေအချာ စစ်ဆေးလေ့လာနေခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး မာရိုက်စ် ပေးက ပြီးခဲ့သည့် ကြာသပတေးနေ့ အထက်လွှတ်တော် ကြားနာပွဲတစ်ခုတွင် တင်ပြပြောဆိုသွားခဲ့သည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုတွင် ပါ၀င်ပတ်သက်ထားခဲ့သူများအပေါ် အရေးယူဒဏ်ခတ်မှုများ ထပ်မံချမှတ်သွားရန်အတွက် သြစတြေးလျအစိုးရဘက်က ဆက်လက်စဥ်းစားသွားမည်ဟု သူမက ပြောခဲ့သည်။

“လက်ရှိအချိန်မှာတော့ မြန်မာ စစ်တပ် အရာရှိ ငါးဦးကို ကျွန်မတို့ဘက်က အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတာတော့ ရှိပါတယ်၊ ထပ်တိုး အရေးယူတွေ ချမှတ်မှုနဲ့ပတ်သက်လို့ ကျွန်မအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ သုံးသပ်ပြီး အကြံဉာဏ်ယူ လုပ်‌ဆောင်သွားပါမယ်” ဟု သူမက ပြောသွားခဲ့သည်။

ထို သုံးသပ်လေ့လာချက် မည်သည့် အချိန်တွင် ပြီးစီးမည်လဲ ဆိုသည်ကိုတော့ သူမက ပြောသွားခဲ့ခြင်း မရှိပေ။

“ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပါ၊ ကျွန်မတို့ ဒါကို အလေးအနက်ထားလုပ်သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

အမေရိကန်၊ ယူကေ၊ ကနေဒါနှင့် အီးယူတို့သည် မြန်မာအာဏာသိမ်းခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

ထိုကဲ့သို့ ယင်း၏ နိုင်ငံတကာ မဟာမိတ်များအတိုင်း လိုက်လံလုပ်ဆောင်ရန်အတွက် သြစတြေးလျအစိုးရသည် ဖိအားများနှင့် ရင်ဆိုင်ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly