မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်နှင့် MEC တို့အား အမေရိကန်က နာမည်ပျက်စာရင်း သွင်း ဒဏ်ခတ်ပိတ်ဆို့မည် 

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်နှင့် MEC တို့အား အမေရိကန်က နာမည်ပျက်စာရင်း သွင်း ဒဏ်ခတ်ပိတ်ဆို့မည် 

မတ် ၂၅ 

ဖေဖော်ဝါရီ ၁ ရက် စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသိမ်းမှုနှင့် လူသေဆုံးရသော ဖြိုခွင်းမှုများကြောင့် မြန်မာစစ်တပ် ထိန်းချုပ်သော စီးပွားရေးလုပ်ငန်းစုကြီး နှစ်ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းကိစ္စနှင့် နီးစပ်သော သတင်းရင်းမြစ်နှစ်ရပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက် MEHL တို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့ အစောဆုံးအဖြစ် နာမည်ပျက်စာရင်းသွင်းပြီး အမေရိကန်ရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများအားလုံးကို ထိန်းချုပ်သွားမည်ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ 

ဖေဖော်ဝါရီလ လွတ်တော် ပထမနေ့ ကျင်းပမည့်ရက်တွင် စစ်ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းပြီး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် နိုဝင်ဘာရွေးကောက်ပွဲ၌ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မဲမသမာမှုများ ရှိသည်ဟု စစ်တပ်က အတည်ပြုပြောသော်လည်း စောင့်ကြည့်သူများက မဲမှားယွင်းမှုများသည် ပြောပလောက်အောင် မရှိဟု ဆိုထားသည်။ 

အာဏာသိမ်းမှုကြောင့် တော်လှန်ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ပြီး လုံခြုံရေးတပ်များက အကြမ်းဖက်ဖြိုခွင်းရာ အနည်းဆုံး လူ ၂၇၅ ဦး သေဆုံးသည်။ 

မြန်မာစစ်တပ်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်နိုင်သည့် အထူးအမိန့်တစ်ရပ်အား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ အမိန့်အရ နယူးယောက်ဗဟိုဘဏ်တွင် မြန်မာဗဟိုဘဏ်မှ အရန်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်ကို ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်။ အဆိုပါ ငွေအား စစ်တပ်က အာဏာသိမ်းပြီးနောက် ထုတ်ယူရန် ကြိုးစားခဲ့သေးသည်။ 

အမေရိကန်နှင့် ဗြိတိန်အပြင် ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ အရွယ်ရောက်ပြီး မိသားစုဝင်များအပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးလည်း ဖြစ်သည်။ 

သို့သော် ဒဏ်ခတ်ပိတ်ဆို့မှုများသည် စစ်တပ်၏ စီးပွားရေးများအပေါ် ပစ်မှတ်ထားပြီး လက်ရှိအထိ ချမှတ်ရသေးခြင်း မရှိပေ။ မြန်မာစစ်တပ်သည် ဦးပိုင်ကုမ္ပဏီများနှင့် ၎င်းတို့၏ လက်ခွဲများနေ၍ နိုင်ငံစီးပွားရေး၏ တော်တော်များများကို ပိုင်ဆိုင်ထိန်းချုပ်ထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly