မတ်လ၊ ၂၄ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ်လ၊ ၂၄ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ
တနိုင်ငံလုံးအတိုင်းအတာအရ မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် အြက်းဖက်စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြသည့် Silent Strike အသံတိတ်ဆန္ဒပြပွဲအား မန္တလေးမြို့တွင်လည်း ပြုလုပ်ခဲ့သည်။ (ဓါတ်ပုံ - EPA)

မတ် ၂၄၊ ၂၀၂၁

တစ်နိုင်ငံလုံးအတိုင်းအတာ Silent Strike တိတ်ဆိတ်ခြင်း သပိတ် ၈၀ ရာခိုင်နှုန်းနီးပါး အောင်မြင်

ယနေ့ မတ်လ ၂၄ ရက်နေ့သည် စစ်အာဏာရှင်ကို ဆန့်ကျင်မည့် ပြည်လုံးကျွတ် တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်ကြရန် လူထုအချင်းချင်းနှိုးဆော်ထားသည့် နေ့ရက်ဖြစ်သည်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွင် တိတ်ဆိတ်ခြင်းသပိတ် Silent Strike Campaign ပြုလုပ်ဖို့ ပြည်သူတစ်ချို့က လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ဝေဝါးမှုများရှိခဲ့ကြသည်။ သို့သော် ယနေ့ မတ်လ ၂၄ ရက်နေ့မှာတော့ ရန်ကုန်အပါအဝင် မြန်မာတစ်နိုင်ငံက မြို့ကြီးတွေ၊ ကျေးရွာဒေသအများစုရဲ့ လမ်းပေါ်တွင် လူသူကင်းမဲ့ တိတ်ဆိတ်နေခြင်း၊ ဈေးများပိတ်ခြင်း၊ ဆိုင်များပိတ်ထားခြင်းကို တွေ့ရှိရသည်။ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ တိတ်ဆိတ်ခြင်းသပိတ်တွင် မန္တလေးက ဆရာတော်၊ သံဃာတော်များလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး အာနာပါနဿတိ သပိတ်ပြုလုပ်ခဲ့ကြသည်။

လူငယ်တစ်ချို့ကတော့ နှုတ်ခမ်းကို တိတ်ဖြင့်ပိတ်ထားသည့် ဓာတ်ပုံများကို လူမှုကွန်ယက်မီဒီယာများပေါ်တွင် တင်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ပုံဖော်ခဲ့ကြသည်။ တိတ်ဆိတ်ခြင်းသပိတ်နေ့တွင် နာမည်ကြီး လူငယ်အနုပညာများကလည်း ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်လျက်ရှိသည်။

ခြွင်းချက်အနေဖြင့် အာဏာသိမ်းစစ်အစိုးရရဲ့ ဆက်သွယ်ရေးဖြတ်တောက်မှုတွေရှိတာကြောင့် တချို့ မြို့နယ်၊ ကျေးရွာများတွင် တိတ်ဆိတ်ခြင်းသပိတ်ကို မသိကြဘဲ လမ်းပေါ်ထွက်သူတစ်ချို့ရှိခြင်း၊ အာဏာရှင် ဆန့်ကျင်ကြောင်း လမ်းလျှောက်သပိတ်ပြုလုပ်ခြင်းတို့လည်း ရှိခဲ့သည်။ ထိုကြောင့် မြန်မာလူထုရဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်သော တိတ်ဆိတ်ခြင်းသပိတ် ၈၀ ရာခိုင်နှုန်းနီးပါး အောင်မြင်မှုရရှိခဲ့သည်။

ဖမ်းဆီးခံပြည်သူ ၇၀၀ ကျော်ပြန်လွတ်လာ

အသံတိတ်သပိတ် ဆင်နွှဲနေတဲ့ ယနေ့ မတ်လ ၂၄ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခံပြည်သူ ၇၀၀ ကျော် ပြန်လွှတ်ပေးခဲ့သည်။ မတ်လ ၂ ရက်နှင့် ၃ ရက်နေ့က ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စစ်တပ်နှင့်ရဲ၏ ဖြိုခွင်းခံရပြီး ဖမ်းဆီးခံခဲ့ရသူများထဲမှ အယောက် ၇၀၀ ကျော်ကို ယနေ့ မနက်ပိုင်းမှာ လွှတ်ပေးခဲ့တာဖြစ်သည်။ လူငယ်တွေကို အင်းစိန်အကျဉ်းထောင်မှ သက်ဆိုင်ရာမြို့နယ်ရဲစခန်းအသီးသီးသို့ YBS ယာဉ်များဖြင့် ခေါ်ဆောင်ခဲ့ပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ သူတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရသူတွေထဲက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းသားသမဂ္ဂတွင်ပါဝင်သူနှင့် သပိတ်ဦးဆောင်သူ ၁၀ ဦးထက်မနည်းကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ဖြင့် တရားစွဲခံထားရကြောင်း လူငယ်အရေးဆောင်ရွက်ပေးနေသော ရှေ့နေများမှတဆင့် ကြားသိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ရုံးချိန်း ဧပြီလ ၁ ရက်နေ့သို့ ရွှေ့ဆိုင်း

မြန်မာစစ်တပ်ရဲ့ ဖမ်းဆီထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ ယနေ့ မတ်လ ၂၄ရက်နေ့ ၄ ကြိမ်မြောက် ရုံးချိန်းကို စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင် ဖြတ်တောက်ထားသည့် ဆက်သွယ်ရေးဆိုင်ရာ မိုဘိုင်းအင်တာနက်ပြတ်တောက်နေသော အကြောင်းပြချက်ဖြင့် လာမယ့် ဧပြီလ ၁ ရက်နေ့ကို ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်တွင်လည်း အင်တာနက်မရဟူသော အကြောင်းပြချက်ဖြင့်ပဲ မတ်လ ၂၄ ရက်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားမှ ဆက်သွယ်ရေးကိရိယာများတရားမဝင်တင်သွင်းခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ စတာတွေနဲ့ စွဲချက်တင်ထားခြင်း ဖြစ်သည်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဆိုင်ရာပြစ်မှုများဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ရန်ကင်းက လူငယ် ၁၇ ဦး အဖမ်းခံရ

အာဏသိမ်းစစ်ကောင်စီက ယနေ့ မတ် ၂၄ ရက်နေ့တွင် ဖမ်းဆီးခံပြည်သူအမြောက်အများကို လွှတ်ပေးအပြီး နေ့မကူးခင်မှာတွင် ရန်ကုန်မြို့၊ ရန်ကင်းက လူငယ် ၁၇ ဦးကို အကြမ်းဖက် ဖမ်းဆီခေါ်ဆောင်သွားခဲ့သည်။ ရန်ကင်း၊ အမှတ် ၁၃ ရပ်ကွက်မှ လူငယ်များဖြစ်ပြီး ၁၄နှစ်အရွယ် (၈) တန်း ကျောင်းသားတစ်ဦး ပါဝင်ကြောင်း သိရသည်။ ယနေ့ နေ့လည်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ကျည်အစစ်များဖြင့် ပစ်ခတ်ကာ လမ်းအကာအရံများကို ဖျက်ဆီးပြီး နေအိမ်များကို အကြမ်းဖက် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံလူငယ်များသည် ရန်ကင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ရှေ့တန်းမှ ကာကွယ်ပေးသည့် ဒိုင်းကာအစုအဖွဲ့ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သူမ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် အရေးယူပေးရန် မော်လမြိုင်လူငယ်များတောင်းဆို

ယနေ့ မတ်လ ၂၄ ရက်နေ့တွင် မော်လမြိုင်မြို့ခံလူငယ်များက ကုလသမဂ္ဂ (UN) အနေဖြင့် လူထုကို သတ်ဖြတ်နေသည့် အကြမ်းဖက်မြန်မာစစ်တပ်ကို ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ သံလွင်တံတားအောက်တွင် စာရေးတောင်းဆိုခဲ့ကြသည်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမြန်ဆုံးသတ်ဖြတ်ပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

မော်လမြိုင်မြို့ခံလူငယ်များသည် မြန်မာနိုင်ငံ၏ တရားဝင် အစိုးရသည် လက်ရှိအာဏာသိမ်းစစ်ကောင်စီမဟုတ်ဘဲ ပြည်သူလူထုက မဲပေးရွေးချယ်တင်မြောက်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သာဖြစ်ကြောင်းနှင့် မြန်မာစစ်တပ်သည် ပြည်သူလူထုကို ကျည်အစစ်များ အသုံးပြုပြီး ပစ်ခတ်သတ်ဖြတ်နေခြင်းကို ရပ်တန့်သွားအောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂ (UN) ကို အကူအညီတောင်းသော စာသားများ ရေးသားထားခဲ့ကြသည်။

အသံတိတ်သပိတ်အပြီး အင်အားထောင်ချီထွက်လာတဲ့ မုံရွာပင်မသပိတ်

မုံရွာမြို့တွင် ယနေ့ မတ်လ ၂၄ ရက် မနက်ပိုင်းမှ ညနေ ၃ နာရီထိ တိတ်ဆိတ်မှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း သပိတ်မှောက်ပြီးနောက် ညနေ ၄ နာရီတွင် မုံရွာလူထုပင်မသပိတ်ဟာ ကြွေးကြော်သံများနှင့်အတူ လူထောင်ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ပင်မသပိတ်အပြင် ရပ်ကွက်အလိုက်သပိတ်များလည်း ချီတက်ဆန္ဒပြခဲ့ကြသည်။ ပင်မသပိတ်သည် လမ်းလျှောက်လှည့်လည်ပြီးနောက် ထိုင်သပိတ်ပြုလုပ်ကာ မတ်လ ၂၇ ရက်နေ့တွင်ပြုလုပ်မည့် အထွေထွေသပတ်အစီအစဉ်ကို လူထုအား ရှင်းလင်းပြောဆိုခဲ့သည်။ မုံရွာမြို့က မုံရွာလူထုပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ် ချီတက်ဆန္ဒပြလျက်ရှိပြီး လူထုအင်အား ထောင်နဲ့ချီကာ ပူးပေါင်းပါဝင်လျက်ရှိသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး မတ်လ ၂၂ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသောပြည်သူများကို သတ်ဖြတ်နေရာ သေဆုံးသူ ၂၇၅ဦးရှိပြီ ဖြစ်ပါသည်။ ဒါ့အပြင် နိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ ကျောင်းသားများနှင့် ပြည်သူ စုစုပေါင်း ၂၆၈၂ဦး ဖမ်းဆီးခံခဲ့ရပြီး အမှုဖွင့်တရားစွဲဆိုခံထားရပေါင်း ၂၃၀၂ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

အထက်ပါ သတင်းအကြောင်းအရာများသည် မတ်လ ၂၄ ရက်၊ နံနက်ပိုင်းမှ ညနေ ၆ နာရီအတွင်းရရှိသော သတင်းများထဲမှ စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly