လှိုင်သာယာဖြစ်စဉ်နောက်ပိုင်း မြန်မာဂျာနယ်လစ်များ ပိုမိုဆိုးဝါးလာနေသည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့

လှိုင်သာယာဖြစ်စဉ်နောက်ပိုင်း မြန်မာဂျာနယ်လစ်များ ပိုမိုဆိုးဝါးလာနေသည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့

မတ် ၂၄ 

ပြီးခဲ့သည့် မတ်လ ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် စက်သေနတ်များ ပါရှိသည့် ထရပ်ကားအစီး ၂၀ ဖြင့် စစ်သားများ ရောက်ရှိခဲ့စဉ်က ဖြစ်ခဲ့သည့် မြင်ကွင်းများကို အလွတ်တန်းဂျာနယ်လစ်တစ်ဦးဖြစ်သည့် ကို‌ဝေမင်း တစ်‌ယောက် ပြန်လည်မြင်ယောင်တွေးရင်း ထိုနေ့က လှိုင်သာယာရှိ ၎င်း၏နေအိမ်အထက် ကောင်းကင်ပေါ် မီးခိုးလုံးမည်းကြီးများ လွင့်တက်နေခဲ့ပုံကို ပြန်လည်ပြောပြသည်။

စစ်ပွဲဇုန်တစ်ခုလို ဖြစ်ခဲ့သည့် လှိုင်သာယာမြို့နယ်၏ အထက်တွင် တလိပ်လိပ်လွင့်တက်ခဲ့သော မီးခိုးများမှာ  ဘယ်သူဘယ်ဝါမသိရသော မီးရှို့မှုကျူးလွန်သူများ၏ မီးရှို့ခြင်းကိုခံခဲ့ရသည့် တရုတ်ပိုင် စက်ရုံများကနေ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ထိုစဉ်အချိန်က ရပ်ကွက်များရှိ လမ်းအတားအဆီးပိတ်ဆို့ထားမှုများကို ဆန္ဒပြသူများနှင့် စစ်သားများက မီးရှို့ခဲ့ကြသည်။

နောက်တစ်နေ့တွင် မြို့ရှိ ဆေးရုံများတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသည့် အရပ်သားများဖြင့် ပြည့်နေခဲ့ကြောင်း ကိုဝေမင်းက နိုင်ငံတကာဂျာနယ်လစ်များ ဖက်ဒရေးရှင်း (IFJ) ကို ရှင်းပြခဲ့သည်။ “စနိုက်ပါသမားတွေနဲ့ စစ်သားတွေက ဆန္ဒပြသူတွေ ပစ်ခဲ့တယ်၊ ဆန္ဒပြသူတွေဘက်က ဒီလိုပစ်ခတ်မှုတွေကို ခုခံပြီး အနိုင်ရအောင် ပြန်တိုက်ဖို့ မဖြစ်နိုင်ခဲ့ဘူး၊ သူတို့ ဘာများလုပ်နိုင်မှာတုန်း၊ သူတို့က လက်နက်မဲ့တွေလေ၊ စစ်သားတွေက သတ်ဖြတ်မှုတွေ ဆက်လုပ်နေတယ်၊ ဘယ်အချိန်ကျမှ လုံလောက်မှာလဲ” ဟု ၎င်းက ပြောသည်။

လှိုင်သာယာတွင် စစ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့၀င်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂၂ ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရကာ သုံးဦးသည် ဒဏ်ရာအပြင်းအထန် ရခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က အတည်ပြုသည်။

သေဆုံးသူများသည် ဦးခေါင်းတည့်တည့် ပစ်ခတ်ခံရ၍ ထိမှန်သေဆုံးခဲ့ရခြင်းကို ကြည့်မည်ဆိုပါက လူသေဆုံးစေသည့် ဖြိုခွင်းနှိမ်နင်းမှုအတွင်း စနိုက်ပါသမားများကို အသုံးပြုခဲ့သည်ဆိုသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုမှ အဆင့်မြင့်အရာရှိတစ်ဦးက IFJ ကို ရှင်းပြသည်။

ကိုဝေမင်းအနေဖြင့်လည်း စစ်သားများ၏ ရန်ကို ကြောက်ရွံ့ရခြင်းအပြင် ၎င်း၏ မိုဘိုင်းဖုန်းနှင့် နေအိမ်ဝိုင်ဖိုင်အပါအဝင် အင်တာနက် ဖြတ်တောက်ခံရမှုတို့ကြောင့် ဂျာနယ်လစ်တစ်ဦးအဖြစ် လုပ်ကိုင်နိုင်မှု အခြေအနေအပေါ်တွင်လည်း ဟန့်တားပိတ်ဆို့မှုများနှင့် ကြုံခဲ့ရသည်။

“လမ်းတွေလည်း ပိတ်ထားတယ်၊ စစ်သားတွေက ပစ္စည်းတွေ ခိုးဝှက်ယူနေတယ်၊ လူတွေကို ရိုက်တယ်၊ ကန်ကျောက်တယ်၊ ကျွန်တော်တို့က ဂျာနယ်လစ်တွေအဖြစ် အလုပ်လုပ်နေတာက ကိစ္စမရှိဘူး၊ ခုချိန်မှာက ကျွန်တော်တို့ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ မရှိဘူး၊ တကယ်လို့ ကျွန်တော်တို့ အဖမ်းခံရရင် သူတို့ဘက်က ကျွန်တော်တို့ကို ဘာလုပ်မလဲ ဆိုတာ ဘယ်သူမှ အတတ်မသိနိုင်ဘူး၊ ခု ကြည့်လိုက်လေ၊ သူတို့က နိုင်ငံတော်သမ္မတကိုလည်း ဖမ်းထားတယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း ဖမ်းထားတယ်၊ အဲဒီလိုတွေတောင် သူတို့ လုပ်ထားတယ်ဆိုတော့ ကျွန်တော်တို့လို ကျန်တဲ့သူတွေကို သူတို့ဘယ်လိုတွေ လုပ်နိုင်သလဲဆိုတာ ပြောစရာတောင် မလိုတော့ဘူး” ဟု ၎င်းက ပြောသည်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု မတိုင်မီက ရန်ကုန်မြို့လယ်မှ ကီလိုမီတာ ၂၀ သာ ကွာ‌ဝေးသော လှိုင်သာယာမြို့နယ်သည် ဒေသတွင် အကြီးဆုံးသော စက်မှုဇုန်အဖြစ် သိထားခဲ့ကြသည်။ မြန်မာနိုင်ငံတဝန်းမှ ထိုစက်မှုဇုန်သို့ ပြောင်းရွှေ့ရောက်ရှိနေခဲ့ကြသည့် ခန့်မှန်းခြေအားဖြင့် အလုပ်သမား ၈၀၀,၀၀၀ ခန့်မှာ ထိုစက်မှုဇုန်ရှိ အထည်အလိပ်၊ ဖိနပ်၊ စားသောက်ကုန်နှင့် အပေါ့စား စက်မှုထုတ်ကုန်များ ထုတ်လုပ်သော စက်ရုံအလုပ်ရုံပေါင်း ၆၅၀ ကျော်တွင် စားဝတ်နေရေးအတွက် ဝင်ငွေကြိုးစားရှာဖွေရန်အလို့ငှာ အလုပ်လုပ်ကိုင်နေခဲ့ကြသည်။

လှိုင်သာယာသည် စရိုက်ကြမ်းသော မြို့တစ်မြို့အဖြစ် နာမည်ထွက်ခဲ့သည်။ အမှုအခင်း ဖြစ်ပွားမှုနှုန်း မြင့်မားခြင်း၊ ငွေတိုးချေးစားသူများကလည်း လုပ်ခနည်း လုပ်သားများကို ငွေတိုးပေးခြင်း၊ ချိုင့်ခွက်ထူပြောသော လမ်းများက မနှစ်မြို့စရာအဖြစ် ရှိခြင်း၊ လမ်းမီးများသည်လည်း တကယ်မရှိသလောက်နီးပါးဖြစ်ခြင်း စသည့် အခြေအနေများ ရှိခဲ့သည်။ သို့သော် အလုပ်သမားများသည် ၎င်းတို့၏ စက်မှုလုပ်ငန်းဆိုင်ရာ ရပိုင်ခွင့်များအတွက် တိုက်ပွဲ၀င်ခြင်းအတွက် ကျော်ကြားသည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စုသည် မတ်လ ၁၅ ရက် တနင်္လာနေ့တွင် လှိုင်သာယာ အပါအ၀င် ရန်ကုန် ခြောက်မြို့နယ်တွင် မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။

အလုပ်သမားများနှင့် ဆန္ဒပြသူများအပေါ် အသုံးပြုရန် ပြင်ဆင်နေသည့် လုံခြုံရေးတပ်ဖွဲ့၀င်များ၏ အကြမ်းဖက်မှု လယ်ဗယ်ကို ပြည်တွင်းသတင်းထုတ်ပြန်ဖော်ပြချက်များက ညွှန်ပြနေခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုအဖြစ် တရုတ်ပိုင် စက်ရုံတစ်ရုံတွင် အလုပ်သမားများနှင့် စီမံအုပ်ချုပ်သူများအကြား မပေးချေရသေးသည့် လုပ်ခလစာကိစ္စနှင့်ပတ်သက်ပြီး အချင်းများခဲ့ရာ အလုပ်သမားခြောက်ဦးထက်မနည်း ပစ်သတ်ခံခဲ့ရရင်း အဆုံးသတ်ခဲ့သည်။

“အလုပ်သမားတွေက လစာ သွားထုတ်ဖို့ စက်မှုဇုန် (၁) မှာ ရှိတဲ့ Xing Jia စက်ရုံကို သွားခဲ့ကြပါတယ်၊ ဒါပေမယ့် သူတို့ ရရမယ့် လုပ်ခလစာ အပြည့်အဝမရတဲ့အခါ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်” ဟု Myanmar Now က ဖော်ပြခဲ့သည်။

တရုတ်လူမျိုး စက်ရုံပိုင်ရှင်က စစ်သားများနှင့် ရဲများကို စက်ရုံသို့ ခေါ်ခဲ့သည်။ ရဲက အမျိုးသမီး ဦးဆောင်ကိုယ်စားလှယ်တစ်ဦးကို ပါးရိုက်ခဲ့ကြောင်း Myanmar Now က ပြောသည်။ “အဲဒီအမျိုးသမီးက ပြန်ရိုက်တဲ့အခါ သူတို့က သူမကို ပစ်ခဲ့ပါတယ်၊ အဲဒီနောက် လုံခြုံရေးတပ်ဖွဲ့၀င်တွေက အလုပ်သမားအယောက် ၇၀ လောက်ကို ဖမ်းဆီးခဲ့တယ်၊ ပြည်သူတွေက သူတို့ကို ပြန်လွှတ်ဖို့ တောင်းဆိုခဲ့ရာမှာ လက်နက်ကိုင်တပ်ဖွဲ့၀င်တွေက လူအုပ်ထဲကို ပစ်ခတ်ခဲ့ပါတယ်၊ အဲဒီနေ့ မတ်လ ၁၇ ရက် အင်္ဂါနေ့မှာ လူငါးဦး ထပ်သေဆုံးခဲ့ပါတယ်”

သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ၊ စက်ရုံ မီးလောင်မှုများနှင့် မာရှယ်လော ထုတ်ပြန်မှု၏ ရလဒ်တစ်ခုအဖြစ် အဆိုပါမြို့နယ်ကနေ လူပေါင်း ထောင်ချီ ထွက်ပြေးခဲ့ကြရပြီး အရပ်သား ၄၀ ဦးအထိ သေဆုံးခဲ့ကြောင်း ရိုက်တာက မတ်လ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ကိုဝေမင်းသည်လည်း ၎င်း၏ လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် ဘေးကင်းလုံခြုံသော နေရာတစ်ခု ရှာရန် လှိုင်သာယာရှိ ၎င်း၏ နေအိမ်ကနေ ထွက်ခွာခဲ့ရသည်။

“အင်တာနက်လည်း မရှိဘူး၊ လမ်းတွေအကုန်လုံးလည်း ပိတ်ထားတယ်၊ ခု မာရှယ်လောလည်း ထုတ်ထားတယ်၊ ဆိုတော့ ဒီအခြေအနေမျိုးနဲ့ ကျွန်တော်အလုပ်လုပ်လို့ မရနိုင်ဘူး၊ ဒါကြောင့် ကျွန်တော် တစ်ခြားနေရာ ပြောင်းရွှေ့ခဲ့တယ်၊ ခုတော့ ရေဒီယိုအတွက် သတင်းတွေလုပ်ဖို့ ကြိုးစားသွားပါမယ်” ဟု ၎င်းက ပြောသည်။

ကိုဝေမင်းသည် လက်ရှိအခြေအနေများအောက်တွင် ဘေးကင်းလုံခြုံသော ခိုလှုံရာနေရာ ရှာဖွေရန်အတွက် အလုပ်နှင့်နေအိမ်ကို စွန့်လွှတ်ခဲ့ရသည့် တစ်ဦးတည်းသော သတင်းသမားတော့ မဟုတ်ပေ။

အခြား သတင်းသမားတစ်ဦးဖြစ်သည့် ကိုကျော်၀င်းသည် ၎င်း၏ သတင်းရေးသားနေမှုနှင့်ပတ်သက်ပြီး စစ်တပ်ထိန်းချုပ်သော MRTV တွင် သတင်းတစ်ပုဒ်အဖြစ် ရောက်ရှိခဲ့ကြောင်း ကြားသိခဲ့ချိန်တွင် လက်ရှိနေအိမ်မှ ပြောင်းရွှေ့ရန် အချိန်ရောက်ပြီဟု ဆုံးဖြတ်ခဲ့ရသူဖြစ်သည်။

“ ကျွန်တော်ရေးခဲ့တဲ့ သတင်းစတိုရီတွေ သတင်းမှားတွေလို့ သူတို့ဘက်က ပြောတယ်၊ အဲဒီ‌နောက်ပိုင်း ကျွန်တော် နေတဲ့ နေရာကို စစ်သားတွေ လာရှာခဲ့တယ်၊ ကျွန်တော်က ဆင်းရဲတဲ့ ရပ်ကွက်တစ်ခုမှာ နေတာပါ၊ စစ်သား ခြောက်ယောက် ကျွန်တော်နေတဲ့ လမ်းထဲ လာပြီး အခန်းတွေထဲ လိုက်ရှာခဲ့ကြတယ်လို့ ကျွန်တော့် ပြန်ကြားရတယ်၊ အဲဒီအချိန်မှာ ကျွန်တော်က အဲဒီအိမ်မှာ ရှိမနေတဲ့အချိန်ပေါ့၊ အဲဒီတော့ အဲဒီကို ပြန်မသွားရဲတော့ဘူး” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများ၊ ဆရာ၀န်များ၊ အစိုးရ၀န်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့၀င်များ၏ ရန်ကို တိမ်းရှောင်ရန် ထွက်ပြေးခဲ့ကြရသည့် လူအများအပြားနည်းတူ ကိုကျော်၀င်းသည်လည်း ဘေးကင်းလုံခြုံရာနေရာ ရှာတွေ့ရန် မျှော်လင့်ရင်း ထိုင်း-မြန်မာ နယ်စပ်သို့ သွားရောက်ခဲ့သည်။ ထိုနေရာသို့ မသေချာမရေရာမှုများဖြင့် ရောက်ရှိသွားခဲ့ပြီး ၎င်းအနေဖြင့် မြောက်မြားစွာသော စစ်ဆေးရေးဂိတ်များ၊ သတင်းပေးများကို ရှောင်ရှားခဲ့ရသည်။ ထိုနေရာသို့ ရောက်ခဲ့ချိန် ၎င်းကို ရှာတွေ့သွားမည်ကို စိုးရိမ်နေရပြီး သေချာမှု မရှိသည့်အခြေအနေနှင့် ကြုံတွေ့နေခဲ့ရသည်။

“ကျွန်တော် ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ဧရိယာထဲ ရောက်သွားခဲ့တယ်၊ သူတို့က ကျွန်တော့်ကို ကူညီကြပါတယ်၊ ကုလ အကူအညီ ယူဖို့ နိုင်ငံခြားသံရုံးတစ်ခုက ကျွန်တော့်ကို အကြံပေးခဲ့တယ်၊ ဒါပေမယ့် ဘယ်သူ့ကို ကျွန်တော် ယုံလို့ရနိုင်မှာလဲ၊ ကျွန်တော် နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ထဲ မသွားနိုင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီမှာ ကိုဗစ် ကွာရန်တင်း ကန့်သတ်ချက်တွေ၊ ဗီဇာ လိုအပ်ချက်တွေ ရှိနေလို့ပါ၊ ကျွန်တော့်မှာ  ပိုက်ဆံလည်း သိပ်မကျန်တော့ဘူးလေ၊ ကျွန်တော့်ဘဏ်အကောင့်ကိုလည်း သုံးလို့ မရဘူး၊ အင်တာနက် ပိတ်တာက တစ်နိုင်ငံလုံးကို အကြီးအကျယ်ထိခိုက်စေခဲ့တယ်၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက အကြံဉာဏ်ရဖို့လည်း ခက်ခဲခဲ့ပါတယ်”

မြန်မာစစ်အာဏာရှင်များကို နှစ် ၇၀ ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ကေအင်န်ယူသည် မြန်မာစစ်တပ်နှင့်အကြား ၂၀၁၂ ဇန်နဝါရီနောက်ပိုင်း အပစ်အခတ်ရပ်စဲထားခဲ့ပြီး ၂၀၁၅ အောက်တိုဘာတွင် NCA စာချုပ် လက်မှတ်ထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ် အကြမ်းဖက်မှုကနေ ထွက်ပြေးလာသည့် တိုးပွားလာသည့် လူများကို စောင့်ရှောက်ပေးရသည့် အခက်အခဲများနှင့်ပတ်သက်၍ ကေအင်န်ယူ၏ ပြည်ပဆက်ဆံရေး အကြီးအကဲ ဖဒိုစောထော်နီးက IFJ သို့ တယ်လီဖုန်းအင်တာဗျူးတစ်ခုတွင် ရှင်းပြခဲ့သည်။

“ခု အသစ်ထပ်ရောက်လာသူဦးရေက ၆၀၀ လောက်အထိ ရှိနေတယ်၊ လူတန်းစားပေါင်းစုံက ပါ၀င်ပါတယ်၊ ဆရာ၀န်တွေ၊ ကျောင်းသားတွေ၊ ဆန္ဒပြခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရဲ၊ စစ်တပ်နဲ့ ဂျာနယ်လစ်တွေ ပါပါတယ်၊ သူတို့ဟာ သူတို့ရဲ့ ဘေးအတွက် စိုးရိမ်ပူပန်လို့ ထွက်လာကြတာဖြစ်ပါတယ်၊ သူတို့အတွက် နယ်စပ်ကို ရောက်ဖို့က ခက်ခဲပါတယ်၊ ဖြတ်ကျော်ရမယ့် မြန်မာစစ်တပ် စစ်ဆေးရေးဂိတ်တွေ အများကြီး ရှိတယ်” ဟု ၎င်းက ပြောသည်။

အရင်းအမြစ်များ နည်းပါးသော်လည်း ကေအင်န်ယူအနေဖြင့် အကူအညီများ ဆက်လက် ကမ်းလှမ်းပေးသွားမည်ဟု ဖဒိုစောထော်နီးက ပြောသည်။

“ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီသွားပါမယ်၊ ဒါက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ကိစ္စဖြစ်ပါတယ်၊ ဒီလူတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ကျွေးမွေးနေရာပေး ကြည့်ရှုစောင့်ရှောက်သွားပါမယ်”
ကရင်ကျေးရွာများသည် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများ၏ ဆိုးရွားသည့် သက်ရောက်မှုဒဏ်ကို မကြာခင်တုန်းက ခံစားထားခဲ့ရကြောင်း ဖဒိုစောထော်နီးက ပြောသည်။

“၂၀၂၀ ဒီဇင်ဘာလလယ်ကနေစလို့ ကျွန်တော်တို့ရဲ့ အမှတ် ၃ နဲ့ အမှတ် ၅ တပ်မဟာမှာ ရှိတဲ့ ကျေးရွာတွေဟာ သူတို့ရဲ့ နေအိမ်တွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပါတယ်၊ ခုချိန်မှာ နေရပ်စွန့်ခွာပြီး အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ ၇,၅၀၀ လောက် ရှိပါတယ်၊ သူတို့ဆီ အကူအညီတွေရောက်ရှိစေမှုကို မြန်မာစစ်တပ်က ကန့်သတ်ပိတ်ပင်ထားခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ဆီ ဆေးဝါးတွေ၊ အစားအစာတွေ၊ နေစရာတွေနဲ့ အနွေးထည်တွေ ရောက်ရှိစေမယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်နေပါတယ်”

မြန်မာစစ်တပ်သည် ကေအင်န်ယူနှင့် အစိုးရအကြား အပစ်ရပ်စဲရေး သဘောတူညီချက်ပါ အချက်များကို ချိုး‌ဖောက်ထားခဲ့ကြောင်း ဖဒိုစောထော်နီးက ပြောသည်။

“အင်န်စီအေက သေသွားပါပြီ၊ အဲဒါက ဦးတည်ရာမဲ့ တုံ့ဆိုင်းရပ်တန့်နေပါတယ်၊ ကျွန်တော်တို့ကတော့ စိတ်ကောင်းစေတနာကောင်းနဲ့ အာရုံစိုက်လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် စစ်တပ်က ယုံကြည်လို့ မရနိုင်ခဲ့ဘူး၊ သူတို့က ကျွန်တော်တို့ ရွာသားတွေကို တိုက်ခိုက်ခဲ့တယ်၊ ခု ကျွန်တော်တို့နိုင်ငံမှာ အာဏာသိမ်းမှုလည်း ဖြစ်ခဲ့ပြီ၊ ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့ လှုပ်ရှားမှုနဲ့ ပါလီမန်မှာ ဥပဒေနဲ့အညီ သူတို့တွေရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ ရွေးချယ်ထားနိုင်တဲ့ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးတို့ကို အခိုင်အမာ ထောက်ခံတယ်လို့ ကျွန်တော်တို့ ပြောထားပြီးသားပါ”

စစ်တပ်ဘက်က နိုင်ငံတ၀န်း ယင်း၏ ထိုးစစ်ကို ဆက်လုပ်နေစဥ် ဒုက္ခသည်ဦးရေ မြင့်တက်ဖွယ် ရှိဟု ဖဒိုစောထော်နီးက ပြောခဲ့သည်။ ကေအင်န်ယူအနေဖြင့် ယခုအကျပ်အတည်းသက်သက်တစ်ခုတည်းကိုပဲ ကိုင်တွယ်ဖြေရှင်းရမည်ဟု မျှော်လင့်၍ မရနိုင်ပေ။

“အကူအညီ ပံ့ပိုးမှု မရဘဲ ဒုက္ခသည်တွေကို ဘယ်လောက် ကြာကြာ ကျွန်တော်တို့ ဆက်ပြီး ‌ကျွေးမွေးနေရာပေးထားနိုင်မလဲ ဆိုတာ ကျွန်တော်တို့ မသိပါဘူး၊ ကျွန်တော်တို့ အကူအညီ လိုပါတယ်၊ ဒါက ခုချိန်မှာ နိုင်ငံတကာ လူသားချင်းစာနာမှု ပြဿနာတစ်ခု ဖြစ်နေပါပြီ၊ ဒီလူတွေက အထောက်အပံ့တွေ လိုပါတယ်၊ အထောက်အပံ့ အများကြီး လိုပါတယ်၊ မြန်မာစစ်တပ်အနေနဲ့ ကိုယ့်ပြည်သူတွေနဲ့ ကိုယ့်တိုင်းရင်းသားလူမျိုးတွေကို တိုက်ခိုက်နေတာကို ရပ်တန့်ရပါမယ်”

ထိုင်းနိုင်ငံ တက်ခ် ခရိုင်ရှိ နယ်စပ်တစ်လျှောက် မြန်မာစစ်တပ် အကြမ်းဖက်မှုကနေ ထွက်ပြေးလာသူ ၂၅,၀၀၀ နှင့် ၅၀,၀၀၀ အကြားရှိ ဒုက္ခသည်များကို လက်ခံရန် စီစဥ်မှုများ လုပ်ဆောင်ထားကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

စစ်တပ်အကြမ်းဖက်မှုက မြင့်တက်နေကြောင်း သတင်းများက ဖော်ပြနေသည်။ မတ်လ ၂၃ ရက်အထိ လူပေါင်း ၂,၆၈၂ ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။ ၎င်းတို့အနက် ၄၁ ဦးသည် ဂျာနယ်လစ်များ ဖြစ်ပြီး ခုနစ်ဦးသည် အနုပညာရှင်များနှင့် စာရေးဆရာများဖြစ်သည်။

ဘီဘီစီ သတင်းထောက် ကိုအောင်သူရနှင့် မဇ္စျိမအယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၀င်တစ်ဦးနှင့် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး ဖြစ်သည့် အသက် ၇၉ နှစ်အရွယ် ဦး၀င်းထိန် တရားရုံးချိန်းအတွက် သတင်းယူစဥ် ဖမ်းဆီးခံခဲ့ရသည်။အရပ်၀တ်ဖြင့် စစ်ထောက်လှမ်းရေးနှစ်ဦးက အဆိုပါ နှစ်ဦးကို ကားတစ်စီးဖြင့် အတိအကျမသိရသည့် နေရာတစ်နေရာကို ခေါ်သွားခဲ့ကြောင်း ဂျာနယ်လစ်တစ်ဦးက IFJ ကိုပြောခဲ့သည်။

၀ရမ်း မပါဘဲ ဂျာနယ်လစ်များကို ဖမ်းဆီးရန် စစ်တပ်သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ) ကို အသုံးပြုနေသည်။ ပုဒ်မ ၅၀၅ (ခ) သည် ဂျာနယ်လစ်များကို စစ်တပ်အပေါ် ‌ဝေဖန်သည့် ရေးသားဖော်ပြမှုများ ထုတ်‌‌ဖော်ရေးသားမှုအတွက် ပြစ်မှုမြောက်စေရန် ရှိနေသည်။

စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့၀င်များ၏ ပစ်ခတ်မှုကြောင့် လူ ၂၆၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AAPP က ပြောသည်။ သို့သော် သေဆုံးသူစာရင်းသည် ပိုမို မြင့်တက်ဖွယ် ရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးကျန်ရှိသော လွတ်လပ်သော ပုဂ္ဂလိက သတင်းစာဖြစ်သည့် စံတော်ချိန်နေ့စဉ်သတင်းစာသည် ယခုအခါ ပုံနှိပ်ထုတ်ဝေမှုကို ရပ်ဆိုင်းလိုက်ရပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မာရှယ်လော ကန့်သတ်ပိတ်ပင်ချက်များကြောင့် ပုံနှိပ်ဖြန့်ချိရန် အဆင်မပြေတော့ခြင်းနှင့် ဝန်ထမ်းများ၏ လုံခြုံ‌ရေးအတွက် စိုးရိမ်ပူပန်ရမှုများကြောင့် ဖြစ်သည်။ ကိုနိုင်မောင်သည် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှု စဖြစ်ပြီးနောက်ပိုင်း မန္တလေးမြို့ ဆန္ဒပြမှုများ၏ ရှေ့တန်းနေရာတွင် ပါဝင်ခဲ့သည်။ စံတော်ချိန်နေ့စဉ်သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းခြင်းက သတင်းအချက်အလက် လွတ်လပ်ခွင့်အတွက် နောက်ထပ် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ၎င်းက IFJ ကို ပြောသည်။ ထို့ပြင် Myanmar Now ၊ မဇ္စျိမ ၊ DVB ၊ ခေတ်သစ်မီဒီယာနှင့် 7 Days News တို့ကို မတ်လ ၈ ရက်မှစ၍ လိုင်စင် ရုပ်သိမ်းကြောင်း စစ်တပ်ကျောထောက်နောက်ခံ Global New Light of Myanmar (GNLM) က ဖော်ပြခဲ့သည်။ အဆိုပါ သတင်းမီဒီယာလုပ်ငန်းငါးခုကို မီဒီယာ သို့မဟုတ် နည်းပညာပလက်ဖောင်းတစ်ခုခုကို အသုံးပြုပြီး ရေးသားထုတ်ဝေခြင်းကို တားမြစ်ကြောင်း GNLM က ဖော်ပြသည်။ အင်တာနက် ပိတ်ထားမှုနှင့် ဂျာနယ်လစ်များအတွက် ကာကွယ်ပေးမှု ကင်းမဲ့ခြင်းက အလုပ်လုပ်ကိုင်ရန် ပိုမိုခက်ခဲစေပြီး တစ်ဘက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့များကို ပြစ်မှုများ ကျူးလွန်စေရန် လွယ်ကူစေလျက် ရှိကြောင်း ကိုနိုင်မောင်က ပြောခဲ့သည်။

“သတင်းမီဒီယာတွေက ပစ်မှတ်ထားခံနေရတယ်၊ ကျွန်တော့် အဖွဲ့အစည်းဆိုရင် ကျွန်တော်တို့ ထုတ်ဝေမှုတွေရဲ့ စာစောင်ကို ပုံမနှိပ်နိုင်ဘူး၊ ကျွန်တော်တို့ လုပ်ခွင့်မရနိုင်ရင် ကျွန်တော်တို့ဟာ အွန်လိုင်းကနေပဲ တင်ဆက်ဖို့လောက်ပဲ ကန့်သတ်ခံနေရတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပြည်သူတွေကို တိကျတဲ့ သတင်းအချက်အလက်တွေ ပေးဖို့ ဆက်ကြိုးစားနေပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ပြသဖို့ ဆက်ကြိုးစားနေပါတယ်၊ ရဲတွေနဲ့ စစ်တပ်မှာက လူအသက်သေစေတဲ့ လက်နက်တွေ ရှိတယ်၊ ကျွန်တော်တို့မှာက ကင်မရာတွေပဲ ရှိတယ်၊ ဒါပေမယ့် စစ်တပ်ရဲ့ ပြစ်မှုတွေကို ထုတ်ဖော်ပြသဖို့ ကျွန်တော်တို့ ဆက်လုပ်သွားရပါလိမ့်မယ်၊ အမှန်တရားကို ကမ္ဘာက သိရပါလိမ့်မယ်”

(ဂျာနယ်လစ်များကို ကာကွယ်ရန်အတွက် အမည်တစ်ချို့ကို လွှဲပြောင်းဖော်ပြထားသည်)
Phil Thornton သည် အရှေ့တောင်အာရှရှိ နိုင်ငံတကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း၏ အကြံပေးတစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly