မြန်မာနိုင်ငံက စစ်ခုံရုံးဆိုတာ ဘာလဲ

မြန်မာနိုင်ငံက စစ်ခုံရုံးဆိုတာ ဘာလဲ

မြန်မာ စစ်အစိုးရသည် မာရှယ်လော အမိန့်များကို စတင်ပြီး ကျင့်သုံးလာပြီ ဖြစ်သည်။ ထိုအချင်းအရာသည် စစ်တပ်၏ တုံ့ပြန်မှုများကို ပိုပြီး အရှိန်မြှင့်လာခြင်းအား ကိုယ်စားပြုပြနေပေသည်။ မာရှယ်လော သို့မဟုတ် စစ်အုပ်ချုပ်ရေး၏ ပုံသဏ္ဍာန်တစ်ရပ်တွင် အရပ်သားများအား အမှုစွဲဆို စီရင်မည့် အထူးရာဇဝတ်မှုခုံရုံးအဖြစ် စစ်ခုံရုံးများ ထူထောင်ခွင့် ရှိသည်ဟု တပ်မတော်က ယူဆထားခြင်းပင် ဖြစ်သည်။

မာရှယ်လောအတွင်း ဖွဲ့စည်းထူထောင်သော စစ်ခုံရုံးများသည် စစ်ဘက်ဆိုင်ရာ တရားရုံးနှင့် ဝိ‌သေသအားဖြင့် ကွဲပြားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ စစ်ဘက်ဆိုင်ရာ တရားရုံးဆိုသည်မှာ စစ်တပ်တာဝန်ရှိသူများကိုသာ ရုံးတင်စစ်ဆေးနိုင်သော ခုံရုံးအဖြစ် ရည်ညွှန်းထားသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးနှင့် စစ်ခုံရုံးတို့၏ ကွဲပြားခြားနားချက်မှာ အရပ်သားများအား စစ်တပ်က တရားရုံးတင် စွဲဆိုလျှင် စစ်ခုံရုံးများမှသာ ရုံးတင်စွဲဆိုရခြင်း ဖြစ်သည်။

(မှတ်ချက် - စစ်တပ် ထိန်းချုပ်သော အင်္ဂလိပ်သတင်းစာ ၁၆.၃.၂၀၂၁ ရက်ထုတ်တွင် စစ်ဘက်ဆိုင်ရာ တရားရုံးအား စစ်ခုံရုံးအဖြစ် မှားယွင်းဘာသာပြန်ထားသည်)

အရေးကြီးသည်မှာ စစ်ဘက်ဆိုင်ရာ တရားရုံးနှင့် စစ်ခုံရုံးတို့၏ မတူကွဲပြားခြားနားခြင်းပဲ ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးသည် စစ်အမှုထမ်းက ကျူးလွန်သော ပြစ်မှုများကို တရားစွဲဆိုရန် ခုံရုံးဖွဲ့သည့် စစ်တပ်၏ အခွင့်အာဏာကို ကိုယ်စားပြုသည်။ ယင်းသည် အမြဲတမ်း ဖွဲ့စည်းပုံနှင့်အညီဖြစ်သော အာဏာဖြစ်ပြီး တပ်မတော် အမှုထမ်းများနှင့်သာ သက်ဆိုင်မှု ရှိသည်။

ဆန့်ကျင်ဖက်အားဖြင့် မြန်မာနိုင်ငံတွင် စစ်ခုံရုံးဟူသော အသုံးအနှုန်းသည် မာရှယ်လော သို့မဟုတ် စစ်အုပ်ချုပ်ရေးကာလအတွင်း အရပ်သားများကို တရားစွဲ ရုံးတင်ရန် တပ်မတော်က ယာယီဖွဲ့စည်းသော အထူးခုံရုံးကို ရည်ညွှန်းသည်။

စစ်ခုံရုံးများသည် စစ်တပ်၏ လက်ကိုင်ပြု ကျင့်သုံးနေကျ မဟာဗျူဟာလည်း ဖြစ်သည်။ စစ်ခုံရုံးဖွဲ့ခြင်းသည် ၁၉၄၈ တွင် စတင်ဖြစ်ပေါ်ပြီး ရှမ်းပြည်နယ်နှင့် ပတ်သက်၍လည်း ၁၉၅၂ တွင်လည်း စစ်ခုံရုံးဖွဲ့မှု ရှိခဲ့သည်။

၁၉၆၂ ခုနှစ်က တစ်နိုင်ငံလုံး မာရှယ်လောအမိန့်ဖြင့် အထူးရာဇဝတ်မှုခုံရုံးများကို စတင်ဖွဲ့စည်းခဲ့သည်။ ထို ခုံရုံးများသည် သေဒဏ်ပြစ်ဒဏ်၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်သုံးနှစ်အထိ အပြစ်စီရင် ချမှတ်နိုင်သည်။

သေဒဏ်အပြစ်ပေးသော မည်သည့် စီရင်ချက်မဆို (အရပ်ဖက်) တရားရုံးချုပ်၏ အတည်ပြုချက် လိုအပ်ခြင်းနှင့်အတူ အာဏာထိန်းညှိခြင်းအချို့တော့ ရှိနေသေးသည်။ သေဒဏ်အပြစ်ပေးထားသော အမှုများတွင် တရားရုံးချုပ်က အယူခံကို ကြားနားနိုင်သည်။

ပြစ်မှုဆိုင်ရာဥပဒေ ၁၂၂(၁)၊ ၁၂၃(၁) ပုဒ်မ ၁၂၃ က၊ ၁၈၈၊ ၃၀၂၊ ၃၆၅၊ ၃၆၆၊ ၃၆၆(က)၊ ၃၇၂၊ ၃၇၃၊ ၃၇၆၊ ၃၉၂၊ ၃၉၄၊ ၃၉၅ နှင့် ၄၃၆ တို့နှင့်ဆိုင်သော ပြစ်မှုများအပါအဝင် အထူးဥပဒေများအရ အကျုံးဝင်သော ပြစ်မှုများအပြင် ၁၉၅၀ အရေးပေါ်ပြဋ္ဌာန်းချက် အက်ဥပဒေ၊ လက်နက်ဥပဒေ၊ ဘိန်းဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ ၁၉၄၇ အများပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ၊ ၁၉၄၇ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် ၁၉၄၇ အများပြည်သူ လူသုံးကုန်ပစ္စည်းသုံးစွဲခြင်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေတို့အတွက် တရားစွဲဆို ရုံးတင်ရန် အဆိုပါ အထူးရာဇဝတ်မှုခုံရုံးများကို ကနဦး စတင်ဖွဲ့စည်းထူထေင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေများမှာ အတိုင်းအတာ လွန်စွာ ကျယ်ပြန့်ရာ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရအား ဆန့်ကျင်သည့် လုပ်ရပ်အများစုသည် ဥပဒေနှင့် ငြိစွန်းသွားနိုင်သည်။ အထူးရာဇဝတ်မှုခုံရုံးများ၏ တရားစီရင်ပိုင်ခွင့်မှာလည်း နောက်ပိုင်းတွင် ပြစ်မှုအမျိုးမျိုးကို ကြားနာနိုင်သည့်အထိ ကြီးထွားလာခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းသော ၁၉၇၄ ခုနှစ်တွင် အဆိုပါ အထူးရာဇဝတ်မှုခုံရုံးများကို ဖျက်သိမ်းခဲ့သည်။ သို့ရာတွင် မာရှယ်လော ကာလအတွင်း အရပ်သားများအား ရုံးတင်တရားစွဲဆိုနိုင်သည့် စစ်ခုံရုံးဖွဲ့နိုင်ခြင်း ဆက်လက် ရှိနေဆဲဖြစ်ရာ အရပ်ဖက် တရားစီရင်ပိုင်ခွင့်အာဏာ ဖယ်ရှားခံရခြင်းအဖြစ် စိုးရိမ်စရာပဲ ဖြစ်တော့သည်။

၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်သည် တရားရုံးများ မလိုအပ်ဟု ဆုံးဖြတ်ခဲ့သည်။ အမှန်အားဖြင့် ၁၉၈၈ ဇွန် ၁ ရက်မှ ၁၉၈၉ မတ် ၃၁ ရက်အထိ နောက်ကြောင်းပြန် အာဏာသက်ရောက်မှုအရ တရားရုံးများကို ပိတ်ခဲ့သည်။

၁၉၈၉ ခုနှစ် မာရှယ်လော ကျင့်သုံးချိန်တွင် တိုင်းမှူးများသည် ရှိဆဲ တရားရုံးများ သို့မဟုတ် စစ်ခုံရုံးများတွင် အရပ်သားများအား တရားစီရင်ပိုင်ခွင့် အာဏာ ရှိခဲ့ကြသည်။ တရားစီရင်ရေးမှာ ၁၉၆၂ ခုနှစ်က အတိုင်းပင်ဖြစ်ပြီး ယခုအချိန်တွင် သေဒဏ်အား ပြန်လည်သုံးသပ်ပိုင်ခွင့်မှာ အရပ်ဖက် တရားစီရင်ရေးထက် တိုင်းမှူးများ၏ လက်ဝယ် ရှိလာခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ တွင် စစ်တပ်သည် ယခင်က အမူအကျင့်များအတိုင်း လက်ရှိ၌ ပြန်လည်ကျင့်သုံးလာခဲ့ပြန်သည်။ ရန်ကုန်တိုင်း တိုင်းမှူးက စစ်ခုံရုံးတွင် အရပ်သားများအား တရားစီရင်ပိုင်ခွင့် ရှိလာသည်။ ပြည်သူများမှာ သေဒဏ်၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်သုံးနှစ်တို့ ချမှတ်နိုင်သည့် စစ်ခုံရုံး အတင်ခံရမည့် ဘေးအန္တရာယ်နှင့် လက်ရှိတွင် ကြုံနေရတော့သည်။

၁၉၆၂ ခုနှစ်က အတိုင်းပင် အလားတူ ပြစ်မှုများစွာကို ယနေ့ခေတ်နှင့် ဆီလျော်မှု မရှိတော့သည့် ပြစ်မှုဆိုင်ရာဥပဒေတွင် အစားထိုးပြင်ဆင်ပြဋ္ဌာန်းသော ဥပဒေများဖြင့် အထူးခုံရုံးများအား စီရင်ကြားနာပိုင်ခွင့် အမိန့်များ ထုတ်ထားခြင်းပင် ဖြစ်သည်။

အဆိုပါ ခုံရုံးများက ကြားနာစီရင်နိုင်သော ပြစ်မှုများမှာ နိုင်ငံတော်သစ္စာဖောက်မှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂၊ အစိုးရ သို့မဟုတ် တပ်မတော် သို့မဟုတ် တပ်မတော်အမှုထမ်းအပေါ် ဆန့်ကျင်သည့် ပြစ်မှု (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄(က)၊ ၁၂၄(ဂ)၊ ၁၂၄(ဃ) )၊ ပုဒ်မ ၅၀၅ နှင့် ၅၀၅(က)အရ ပြစ်မှုများ၊ လူသတ်မှုနှင့် ဓားပြမှုကဲ့သို့သော ရာဇဝတ်ပြစ်မှု အမျိုးမျိုး၊ မီဒီယာနှင့် အီလက်ထရောနစ်ဆက်သွယ်ရေး၊ ရပ်ကျေးအုပ်ချုပ်ရေး၊ အကြမ်းဖက်မှု၊ မတရားအသင်း၊ အကျင့်ပျက်ခြစားမှုနှင့် မူးယစ်ဆေးဝါးကဲ့သို့သော ပြစ်မှုအမျိုးမျိုး စသည်ဖြင့် ပါဝင်သည်။ အဆိုပါ စာရင်းတွင် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်း ပြဋ္ဌာန်းသော ပြစ်မှုသစ်များလည်း ပါဝင်သည်မှာ အံ့ဩစရာတော့ မရှိပေ။

သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှလွဲ၍ ရာဇဝတ်မှုများမှာ လက်ရှိတွင် စစ်ခုံရုံး အတင်ခံရပြီဆိုပါက ချက်ချင်း ပြစ်ဒဏ်စီရင်ချမှတ်ခံရနိုင်သည်။

စစ်မှုထမ်းများအတွက် စစ်ဘက်ဆိုင်ရာတရားရုံးသည် ယခု စစ်ခုံရုံးများနှင့် ကွဲပြားခြားနားသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးသည် တပ်မတော်သားများအပေါ် အပြည့်အဝ တရားစီရင်နိုင်ပြီး အရပ်သားများအပေါ် မစီရင်နိုင်ပေ။ စစ်ဘက်ဆိုင်ရာတရားရုံးကို ကာကွယ်ရေးဌာန အက်ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ DEFENCE SERVICES ACT AND REGULATIONS အောက်တွင် ဖွဲ့စည်းထူထောင်ထားခြင်းဖြစ်သည်။ အထူးမာရှယ်လောအမိန့်အရ မဟုတ်ပေ။

၂၀၁၁ မှစပြီး စစ်ဘက်ဆိုင်ရာတရားရုံး တင်ခဲ့သည့် ဥပမာအချို့ ရှိထားသည်။ ဥပမာအားဖြင့် ၂၀၁၈ ဇန်နဝါရီလအတွင်းက စစ်ဘက်ဆိုင်ရာတရားရုံးသည် ကချင်ပြည်နယ်၌ လူသုံးဦးအား သတ်ဖြတ်ခြင်းအတွက် စစ်သား ခြောက်ဦးကို အပြစ်ရှိကြောင်း စီရင်ကာ ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့သည်။ ၂၀၁၈ ဖေဖော်ဝါရီတွင် မြောက်ပိုင်းရခိုင်ပြည်နယ်၌ ရိုဟင်ဂျာ ၁၀ ဦးအား သတ်ဖြတ်မှုအတွက် စစ်သားခုနှစ်ဦးကို စစ်ဘက်ဆိုင်ရာ တရားရုံး တင်ခဲ့သည်။

စစ်ဘက်ဆိုင်ရာတရားရုံးနှင့် ဝိသေသမတူ ကွဲပြားခြားနားသည့် လက်ရှိ ဖွဲ့စည်းထူထောင်ထားဖွယ်ရှိသော စစ်ခုံရုံးများသည် မာရှယ်လော ပြဋ္ဌာန်းထားသော နယ်မြေများအတွင်း ပြစ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသော အရပ်သားများကို ရုံးတင် အပြစ်ပေးစီရင်ချက် ချရန် အဓိကဖြစ်သည်။

တပ်မတော်သည် ဆန္ဒပြသူများ သို့မဟုတ် ပြစ်မှုတစ်ရပ် ကျူးလွန်သည်ဟု စွပ်စွဲခံရသော မည်သည့် အရပ်သားမဆို စစ်ခုံရုံး တင်ခြင်းမျိုးကို လမ်းကြောင်းဖွင့်ထားခြင်းဖြင့် ဆန့်ကျင်မှုများကို တိုး၍ နှိပ်ကွပ်လာနေသည်။

မှတ်ချက် - ယခု ဆောင်းပါး ဖော်ပြပြီး နောက်တစ်ရက် မတ် ၁၇ ရက်ထုတ် GLOBAL NEW LIGHT OF MYANMAR သတင်းစာတွင် စစ်ခုံရုံးဟု ဖတ်ရန် စစ်ဘက်ဆိုင်ရာ တရားရုံး မဟုတ်ကြောင်း စစ်တပ်က အမှားပြင်ဆင်ချက် ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required