ခုနစ်နှစ် သမီးလေး ကျည်မှန်သေဆုံးပြီး နောက်တစ်ရက်၌ ‘အသံတိတ်သပိတ်’ ဆင်နွှဲ

ခုနစ်နှစ် သမီးလေး ကျည်မှန်သေဆုံးပြီး နောက်တစ်ရက်၌ ‘အသံတိတ်သပိတ်’ ဆင်နွှဲ
မတ်လ ၂၄ရက်၊မန္တလေးက အသံတိတ်သပိတ်။

မန္တလေးက ဖြိုခွင်းမှုတစ်ရပ်၌ လုံခြုံရေတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် နေအိမ်ထဲမှာပဲ ရှိနေသည့် ခုနစ်နှစ်သမီးလေးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး နောက်တစ်ရက် ယနေ့တွင် လုပ်ငန်းကိုင်ငန်းများ ပိတ်ခြင်းနှင့် လူများ အိမ်ထဲမှာပင် နေခြင်းဖြင့် ‘အသံတိတ်သပိတ်’ အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဆင်နွှဲရန် တက်ကြွလှုပ်ရှားသူများက စီစဉ်လာသည်။

ပြီးခဲ့သည့်ညကလည်း ရန်ကုန်က ခရိုင်တစ်ခုနှင့် သထုံမြို့တို့တွင် ညပိုင်း ဖယောင်းတိုင်မီးထွန်း ဆုတောင်းမှုများကို ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ ပြုလုပ်ခဲ့သည်။

မန္တလေးမြို့၌ ခုနစ်နှစ်သမီးလေးတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း သုဿန်ဝန်ထမ်းတစ်ဦးက ရိုက်တာသို့ အင်္ဂါနေ့က ပြောပြီးနောက် ယခုကဲ့သို့ မီးထွန်းဆုတောင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။ ထို ခုနစ်နှစ် သမီးလေး သေဆုံးမှုသည် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအထိ သွေးထွက်သံယို ဖြိုခွင်းမှုများအတွင်း အသက်အငယ်ဆုံး သေဆုံးမှုပဲ ဖြစ်သည်။

စစ်သားများက အိမ်ထဲရှိ အဖေဖြစ်သူကို ပစ်ရာ၌ ဖအေပေါင်ပေါ်တွင် ထိုင်နေသော ထို ကလေးမလေးကို ထိမှန်ခြင်း ဖြစ်သည်ဟု ကလေးမလေး၏ အစ်မဖြစ်သူက Myanmar Now သတင်းသို့ ပြောသည်။ နောက်ထပ် အမျိုးသားနှစ်ဦးလည်း ပစ်ခတ်ခံ သေဆုံးကြောင်း ယင်းက ဖော်ပြသည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်၍ စစ်တပ်က ချက်ချင်းတုံ့ပြန်ခြင်း မရှိပေ။

လမ်းများပေါ် ဆန္ဒပြမှုများသည် အသက်နှင့်ရင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကာ ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများက နည်းဗျူဟာများ ပြောင်းလဲဆန္ဒပြနေကြပြီး ယနေ့တွင် အသံတိတ်သပိတ်ကို ဆင်နွှဲရန် စီစဉ်ခြင်း ဖြစ်သည်။
“အပြင်ကို မထွက်ဘူး၊ ဈေးဆိုင်တွေ မဖွင့်ဘူး၊ အလုပ်မသွားကြဘူး၊ အားလုံး ပိတ်ချပစ်တာပဲ၊ ဒီနေ့ တစ်နေ့တည်းပဲ”ဟု ပန်းချီဆရာနှင့် တက်ကြွလှုပ်ရှားသူ နိုဘယ်အောင်က ရိုက်တာသို့ ပြောသည်။

မြန်မာနိုင်ငံ၏ နှေးကွေးသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရပ်တန့်ပစ်လိုက်သည့် စစ်အာဏာသိမ်းမှုနှင့် ယင်းကြောင့် ဖြစ်ရသော ဆန္ဒပြပွဲများကို သေလောက်သော အင်အားသုံး နှိပ်ကွပ်မှုများအတွက် စစ်အာဏာသိမ်းအစိုးရသည် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly