၂၀၅၀ ပြည့်နှစ်မတိုင်မီ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ရပ်တန့်နိုင်ရန် အိန္ဒိယဆွေးနွေး

၂၀၅၀ ပြည့်နှစ်မတိုင်မီ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ရပ်တန့်နိုင်ရန် အိန္ဒိယဆွေးနွေး

မတ် ၂၃

နိုင်ငံတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၅၀ ပြည့်နှစ်မတိုင်မီ ရပ်တန့်နိုင်ရန် အိန္ဒိယအစိုးရ၏ ထိပ်ပိုင်းအရာရှိများအကြား ဆွေးနွေးလျှက်ရှိကြသည်။ အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ပါက နိုင်ငံအနေဖြင့် စီးပွားရေးကို ကျောက်မီးသွေးလောင်စာအပေါ် မှီခိုနေရခြင်းကို ပြောင်းလဲရမည်ဖြစ်သည်။ 

အဆိုပါ လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရေးအတွက် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် နီးစပ်သူ အရာရှိများက အကြီးတန်းအရာရှိများ၊ ပြည်ပပညာရှင်များနှင့် ဆွေးနွေးနေကြကြောင်း အစီအစဉ်အား ကြားသိသူများက ပြောကြားသည်။

၂၀၄၇ ခုနှစ်သည် အိန္ဒိယအနေဖြင့် ဗြိတိသျှအုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေးရသည့် နှစ် ၁၀၀ ပြည့် နှစ်ဖြစ်သောကြောင့် အထိမ်းအမှတ်အဖြစ် ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထုတ်လွှတ်တော့သည့် နိုင်ငံအဖြစ် ယင်းနှစ်တွင် ကြေညာနိုင်ရန်လည်း စီစဉ်ထားသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကမ္ဘာ့အဆင့် ၃ ရှိသည့် အိန္ဒိယအနေဖြင့် ယင်းဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝရပ်ဆိုင်းရန် အစီအစဉ်ကို ယခုနှစ်အတွင်း စကော့တလန်ရှိ ဂလက်စကို မြို့တွင် ကျင်းပမည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲမတိုင်မီ ကတိပြုရန်လည်း ဖိအားပေးခံထားရသည်။

ပါရီသဘောတူစာချုပ်အဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း ကမ္ဘာ့ပူနွေးမှုကို လျှော့ချနိုင်မည့် အစီအစဉ်များ လုပ်ဆောင်မည့် ၎င်းတို့၏ ကတိကဝတ်များကို တိုးမြှင့်လုပ်ဆောင်နိုင်ဖွယ်ရှိပြီး ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်သည့် အိန္ဒိယအနေဖြင့်လည်း ၂၀၆၀ ပြည့်နှစ်မတိုင်မီ ထုတ်လွှတ်မှု ရပ်ဆိုင်းမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကတိပြုခဲ့ခြင်းအပေါ် နိုင်ငံတကာက ချီးမွမ်းထားသည်။ 

အိန္ဒိယ၏ ကြေညာချက် ထုတ်ပြန်မည့် အချိန်ကာလနှင့် အလားအလာသည် ဧပြီ ၂၂ ရက်နေ့တွင်ကျင်းပမည့် Earth Day summit တွင် အခြားနိုင်ငံများက ထုတ်ပြန်မည့် ကတိကဝတ်အပေါ်တွင် မူတည်နေသည်။ အဆိုပါ ညီလာခံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လည်း တက်ရောက်မည်ဖြစ်သည်။ 

အဆိုပါ ဆွေးနွေးပွဲသည် သမ္မတဘိုင်ဒင်က တက်ရောက်မည့် နိုင်ငံတကာအခမ်းအနားတစ်ခုဖြစ်ပြီး ၎င်းက ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရေး ဆိုင်ရာကိုယ်စားလှယ် ဂျွန်ကယ်ရီအနေဖြင့် တက်ရောက်မည့် အဖွဲ့ဝင်နိုင်ငံများမှ ကတိကဝတ်အသစ်များ ရရှိစေရန်  တောင်းဆိုထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly