မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများက နိုင်ငံတကာရင်းနှီးမြုပ်နှံသူများအတွက် ဘယ်လို သက်ရောက်မလဲ 

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများက နိုင်ငံတကာရင်းနှီးမြုပ်နှံသူများအတွက် ဘယ်လို သက်ရောက်မလဲ 

မတ် ၂၃

ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နေသည့်အရေးသည် ပြည်တွင်းက နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ဆုံးဖြတ်ရခက်စေသော အကျပ်ရိုက်မှုအတွင်းသို့ ရောက်ရှိစေဖွယ် ရှိသည်။ စစ်အစိုးရသာ အာဏာ ဆက်လက် ဆုပ်ကိုင်ထားပါက စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ တားမြစ်ခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ တားဆီးခြင်းများ ဖြစ်လာသည့်အခါ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ပို၍ အကျပ်ဆိုက် ရဖို့သာ ရှိတော့သည်။ 

အချုပ်အခြာနှင့် ပတ်သက်ကာ ပြည်တွင်း၌ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်နေဆဲအချိန်နှင့် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မခံရခင် လက်ရှိအချိန်၌ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ရွေးချယ်တုံ့ပြန်စရာ ဘောင်ကျဉ်းပါသည်ဟု Freshfields Bruckhaus Deringer ဥပဒေအကျိုးဆောင်လုပ်ငန်းမှ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ပညာရှင် အဲလက်ဇ်မီထရန်ကိုက ပြီးခဲ့သည့် သီတင်းပတ်၌ သတိပေးသည်။ 

‘မြန်မာ့အာဏာသိမ်းမှု၊ ကမ္ဘာက မည်သို့ တုံ့ပြန်သင့်သလဲ’ ဆိုသော ခေါင်းစဉ်ဖြင့် Nikkei Asia က ရုပ်သံဆွေးနွေးခန်း ပြုလုပ်ရာတွင် မီထရန်ကိုက ကြည့်ရှုသူများအား ရှင်းလင်းပြောဆိုခဲ့သည်။ ၎င်းနှင့်အတူ မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး အကြံပေးကုမ္ပဏီ Pegu Partners မှ မန်နေဂျင်းပတ်တနာ ဒေါ်သီရိသန့်မွန်၊ Nikkei Asia မှ အယ်ဒီတာချုပ် ဂွင်းရောဘင်ဆန်နှင့် SIPA Partners and Associates မှ ရိုမန့်ဆဲလ်လော့ဒ်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

မြန်မာ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာ 

မြန်မာ့အရေး ဖြစ်ထွန်းမှုများကို ပြည်တွင်း လှုပ်ရှားမှုများကသာ အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ပြီး နိုင်ငံတကာသည် ဘေးရောက်လာလိမ့်မည်ကို သိရှိထားရန် ဆဲလ်လော့ဒ်က ကြည့်ရှုသူများအား သတိပေးသည်။ စစ်ခေါင်းဆောင်များတွင် သေချာရေးဆွဲထားသည့် စီမံချက်တစ်ရပ် ရှိခဲ့သော်လည်း ၎င်းတို့၏ အာဏာသိမ်းမှုကို အာခံတွန်းလှန်မှုများက ပြင်းထန်နက်ရှိုင်းကာ ဉာဏ်နှင့် ယှဉ်ကာ လှုပ်ရှားကြခြင်းများက ၎င်းတို့အား အံ့အားသင့်နေစေသည်ဟု သူက ရှင်းလင်းပြောဆိုသည်။ 

ဆန္ဒပြလှုပ်ရှားမှုများတွင် မဟာဗျူဟာနှင့် ဦးတည်ချက် မရှိဘူးဟု ပြောဆိုခံနေရကြောင်း ရောဘင်ဆန်က ပြောသည်။ ယင်းကို ၎င်းက သဘောမတူဘဲ “နိုင်ငံနဲ့ စီးပွားရေးကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ မင်းအောင်လှိုင် လိုချင်နေ‌တဲ့ အရာကို ငြင်းပယ်တဲ့ မဟာဗျူဟာကြီးတစ်ရပ် ဆန္ဒပြသူတွေမှာ ရှိတယ်။ ဒါဟာ သူတို့တွေ လုပ်နိုင်တဲ့ အထိရောက်ဆုံး မဟာဗျူဟာပါပဲ၊ မေးခွန်းအဖြစ်ရှိနေတာကတော့ ဒီ မဟာဗျူဟာကို သူတို့ ဘယ်လောက် ကြာကြာ တောင့်ခံထားနိုင်မလဲဆိုတာပါပဲ”ဟု ပြောသည်။ 

ပဋိပက္ခ အရှိန်မြင့်လာသည်နှင့်အမျှ စစ်အစိုးရက ဘယ်ထိအောင် သွားဖို့ ပြင်ဆင်ထားသလဲဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။ နက်ရှိုင်းသည့် မရေရာမှုများအောက်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ ရွေးမည့်လမ်းနှင့် တုံ့ပြန်မှုများအတွက် စဉ်းစားကြရလိမ့်မည်ဖြစ်သည်။ 

ရွေးချယ်စရာများက အကန့်အသတ် ရှိနေသော်လည်း “နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်နေသည်ဆိုခြင်းအပေါ်မှာပဲ ရပ်တည်နေတာ ကြာလေ အကျပ်အတည်းပြဿနာကို ဖြေရှင်းရ ပို၍ ခက်ခဲလေ ဖြစ်မည်”ဟု ဆဲလ်လော့ဒ်က ပြောသည်။ 

မြန်မာကို ပစ်မှတ်ထားသော အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပို့ကုန် ထိန်းချုပ်မှုများ 

ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့မှ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုအချို့ ရှိနေသော်လည်း လက်ရှိအထိ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် နိုင်ငံများသည် နှေးဖင့်နေတုန်း ဖြစ်သည်။ 

အမေရိကန်ကလည်း အကန့်အသတ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ချည်းကပ်သည်။ ‘သတိပေး ပစ်ခတ်သံ’ တစ်ရပ်အဖြစ် ဂျိုးဘိုင်ဒင်အစိုးရသည် ၎င်းတို့၏ အထူး သတ်မှတ်ရွေးချယ်သော နိုင်ငံသားများနှင့် ပိတ်ဆို့ခံ လူပုဂ္ဂိုလ်များ စာရင်း SDN တွင် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၁၄ ဦးနှင့် ကုမ္ပဏီ ၉ ခုတို့ကို ထည့်သွင်းခဲ့သည်ဟု မီထရန်ကိုက ပြောသည်။ ထိုသို့ စစ်အုပ်စုဝင်များအား ရွေးထုတ်ကာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခြင်း ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေးကို သက်ရောက်မှု ရှိနေသည်။ 

ထိုကဲ့သို့ ကန့်သတ်ပိတ်ဆို့မှုများသည် အမေရိကန် လူပုဂ္ဂိုလ်များနှင့် အမေရိကန်ငွေကြေးတို့အတွက် ကနဦး အကျိုးသက်ရောက်သည်။ အမေရိကန်၏ ယခုကဲ့သို့ ပစ်မှတ်ထား ပိတ်ဆို့ရသည့် အကြောင်းမှာ မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီများ၏ အကျိုးစီးပွားများ ထိခိုက်လာမည် စိုး၍ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အမေရိကန်စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု 

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် စီးပွားရေးလုပ်ငန်းများအတွက် အဓိက သက်ရောက်မှု သုံးရပ်ရှိသည်။ ပထမမှာ ကုန်သွယ်ရေး လွယ်ကူချောမွေ့စေသည့် green flag အဆင့်မှ မြန်မာနိုင်ငံအား အမေရိကန်ဘဏ္ဍာရေး အဖွဲ့အစည်းများက ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအား green flag အဆင့်မှ ကုန်စည်ကူးသန်းမှုနှင့် ငွေလွှဲငွေယူများကို ဂရုတစိုက်စောင့်ကြည့်ရသည့် yellow flag အဆင့်သို့ ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ 

ဒုတိယသက်ရောက်မှုမှာ ရေရှည်စီမံကိန်းအားလုံး လက်ရှိ၌ မေးခွန်းထုတ်ခံနေရခြင်းပင် ဖြစ်သည်။ တတိယမှာ စစ်တပ်ပိုင် စီးပွားရေးများနှင့် မည်သည့် သဘောတူလုပ်ကိုင်မှုမဆို လက်ရှိ၌ ဘေးအန္တရာယ်များလာခြင်း ဖြစ်သည်။ အထူးသဖြင့်  မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက် MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့နှင့် သဘောတူလုပ်ကိုင်မှုများ ဖြစ်သည်။ 

ဘေးအန္တရာယ်များ လျော့ပါးသက်သာအောင်အတွက် ကုမ္ပဏီများအနေဖြင့် ငွေပေးချေမှုများ လျှော့ချခြင်း၊ အမေရိကန်ငွေကြေးကို ရွှေ့ပြောင်းခြင်းနှင့် မှန်ကန်တည်ကြည်စွာ ဂရုတစိုက်လုပ်ဆောင်ခြင်းများဖြင့် လက်ရှိ၌ ပြင်ဆင်ထားသင့်ကြောင်း မီထရန်ကိုက အကြံပေးသည်။ စစ်တပ် စီးပွားရေးလုပ်ငန်းများနှင့် အတူပူးပေါင်း လုပ်ကိုင်နေခြင်း မရှိကြောင်း အာမခံနိုင်ရန်နှင့် တကယ်၍ တတ်နိုင်လျှင် လုပ်ငန်းကိစ္စများကို ဆိုင်းငံ့ရန် သို့မဟုတ် ရွှေ့ဆိုင်းရန် ၎င်းက တိုက်တွန်းသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်များ အရှိန်မြင့်လာမည်ဆိုလျှင် ဆန်ရှင်များကြောင့် ဘဏ်များ ပိတ်ရကာ ငွေလွဲငွေယူ ဆောင်ရွက်ပေးနိုင်တော့မည် မဟုတ်၍ ကုမ္ပဏီများအနေဖြင့် ကျန်ရှိနေသော ငွေပေးချေခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အချိန်တိုသာ ရရှိလိမ့်မည်ဟုလည်း ၎င်းက သတိပေးသည်။ 

“အဓိက အချက်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဆောင်ရွက်ထားတဲ့ သဘောတူညီမှုတွေကို ကုမ္ပဏီတွေအနေနဲ့ ပြန်ပြီး စစ်ဆေးဖို့ လိုအပ်တယ်၊ ဆန်ရှင် အရှိန်မြင့်လာရင် လုပ်ငန်း ထွက်ခွာနိုင်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ထားနိုင်ဖို့ အဲဒီ သဘောတူညီမှုတွေမှာ ပါရှိနေမှ ဖြစ်လိမ့်မယ်”ဟု မီထရန်ကိုက ပြောသည်။ 

အမေရိကန်အနေဖြင့်လည်း ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပတ်သက်ကာ ပို၍ လေ့လာသုံးသပ်လျက် ရှိနေပြီး ပို၍ ထိရောက်အောင် ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ ဥပမာအားဖြင့် အမေရိကန်တို့သည် ဒဏ်ခတ်ပိတ်ဆို့မှုများထက် ပိုပြင်းထန်သည့် ပို့ကုန်ထိန်းချုပ်မှုကို ပို၍ အသုံးချလာနေသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှု ကျင့်သုံးရန် ဆုံးဖြတ်ရသော မူဝါဒဖော်ဆောင်သူများသည် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့နိုင်ရေးအတွက် လေ့လာသုံးသပ်ပြီး ရေးဆွဲပြဋ္ဌာန်းရခြင်း ဖြစ်ရာ ယင်း လုပ်ငန်းစဉ်သည် ခက်ခဲရှုပ်ထွေးသည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု ဆဲလ်လော့ဒ်က ပြောသည်။ ပစ်မှတ်ထားမည့် စစ်တပ်နှင့် လူပုဂ္ဂိုလ်များ၏ ဆက်စပ်ပတ်သက်မှုကို ဥပဒေဘောင်ဝင်အောင် ပြသနိုင်ရန် လိုအပ်သည်။ ထို ဆက်စပ်ပတ်သက်မှုများကို သိရှိအောင် သက်သေများစွာ စုဆောင်းရပြီး ယင်းသည် စိန်ခေါ်မှုဖြစ်နေသည်ဟု ၎င်းက ရှင်းပြသည်။ ထိုအတွက် အီးယူသည် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရန်အတွက် အချိန်ကြာမြင့်စွာ ယူခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။ 

ဘေးအန္တရာယ် ရှိနေသော ရေရှည်စီမံကိန်းများ 

လက်ရှိအထိ မြန်မာစစ်တပ် ထိန်းချုပ်သော မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ်မှ မည်သည့်ကုမ္ပဏီမဆိုနှင့် သဘောတူလုပ်ကိုင်မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရသေးခြင်း မရှိပေ။

သို့သော် ဒဏ်ခတ်ပိတ်ဆို့မှုများ အရှိန်မြင့်လာလျှင် ယင်း ကုမ္ပဏီများနှင့် သဘောတူလုပ်ကိုင်နေမှုများအပေါ်ပါ သက်ရောက်လာလိမ့်မည်ဖြစ်ပြီး ရေရှည်စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး မေးခွန်းများ မြင့်မားလာမည် ဖြစ်သည်။ 

မြန်မာအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် တရုတ်၏ နိုင်ငံရေးအဝန်းအဝိုင်းအတွင်းသို့ မြန်မာအား နောက်ထပ် တွန်းပို့ခြင်း ဖြစ်လိမ့်မည်လားဟု မေးမြန်းသည့်အခါ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် သတ်ဖြတ်ခြင်းများ ပိုဆိုးလာသည်နှင့်အမျှ နှစ်ဖက်စလုံးက နည်းလမ်းကုန် သုံးသွားရန် ပြင်ဆင်ထားကြကြောင်း၊ တရုတ်အပါအဝင် နိုင်ငံအားလုံးက မြန်မာ့အရေး မည်သို့ အဆုံးသတ်မည်နှင့် နှစ်ဖက်စလုံးတွင် မည်သို့ ကြားဝင်ဖြန်ဖြေရမည်၊ မည်သို့ ညှိနှိုင်းအဖြေရှာရမည်ကို တွေးဆနေကြကြောင်း ဆဲလ်လော့ဒ်က ပြောသည်။ သို့သော်လည်း လက်တွေ့မမြောက်သေးသည့် တွေးတောသုံးသပ်နေဆဲ အဆင့်သာ ရှိနေတုန်း ဖြစ်သည်ဟု ဆိုသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများက အလုပ်ဖြစ်လား 

ဒဏ်ခတ်ပိတ်ဆို့မှုများက အလုပ်ဖြစ်ရဲ့လားဟု မေးမြန်းချက်ကို ခြုံပြောရင် အလုပ်ဖြစ်တယ်ဆိုပေမယ့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုများ ရှိသည်ဟု မီထရန်ကိုက ဖြေဆိုသည်။  

ဥပမာအားဖြင့် အီရန်နှင့် ဆိုဗီယက်ပြည်ထောင်စုများအား ၎င်းက ထောက်ပြသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများက စီးပွားရေးစနစ် ပြိုလဲခြင်းနှင့် စီးပွားရေး စတင်ခြင်းတို့ကို ဖြစ်စေသည်ဟု ၎င်းက ပြောသည်။ “ဒဏ်ခတ်ပိတ်ဆို့မှုတွေက ထိရောက်ပါတယ်၊ အလုပ်ဖြစ်တယ်၊ ဒါပေမယ့် အများပြည်သူအတွက်ပါ ကံဆိုးရပြီး စီးပွားရေးအပေါ် ဖိစီးမှု ဖြစ်စေတယ်”ဟု ၎င်းက ဆိုသည်။  

မြန်မာနိုင်ငံတွင် ဒဏ်ခတ်ပိတ်ဆို့မှုများအောက် ကြီးပြင်းလာခဲ့ရခြင်းနှင့် ပတ်သက်ပြီး ပြန်ပြောင်းပြောဆိုရာ၌ အားလုံးကို လွှမ်းခြုံသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဒေါ်သီရိသန့်မွန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ငြင်းဆိုသည်။ ထို ဒဏ်ခတ်ပိတ်ဆို့မှုများသည် အလုပ်မဖြစ်သည့် တုံးသော လက်နက်များဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍကို ချည့်နဲ့သွားစေသည်ဟု ၎င်းက ပြောသည်။ “တော်လှန်ရေးလှုပ်ရှားမှုဟာ ပြည်သူပါ၊ ဒီ ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် ဝင်ငွေလိုတယ်၊ ဘုံဘိုင်ခေါင်း အားလုံးကို ပိတ်လိုက်တာဟာ ပြည်သူတွေရဲ့ စားဝတ်နေရေး ရပ်တည်မှုကို အားလျော့သွားစေတယ်၊ အကူအညီ ဖြစ်လိမ့်မှာ မဟုတ်ဘူး၊ လိုအပ်တာက ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေပဲ၊ လွှမ်းခြုံဒဏ်ခတ်ပိတ်ဆို့မှုက အလုပ်မဖြစ်လို့ပဲ”ဟု ဒေါ်သီရိသန့်မွန်က ပြောသည်။ 

နိုင်ငံတကာ ဘဏ်လုပ်ငန်း စိန်ခေါ်မှုများ  

ဘဏ်လုပ်ငန်းနယ်ပယ်နှင့် သဘောတူလုပ်ကိုင်မှုများသည်လည်း ခက်ခဲရှုပ်ထွေးလာနေပြီး ဘေးများလာလျက်ရှိသည်။ အထူးသဖြင့် ငွေကြေးလွှဲပြောင်းခြင်းတွင် ဖြစ်သည်။ နိုင်ငံတကာဘဏ်များအနေဖြင့် ဘေးအန္တရာယ် ကျရောက်နိုင်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုထက် ပို၍ တင်းကြပ်ခံရလိမ့်မည်ဟု မီထရန်ကိုက သတိပေးသည်။ 

“ဘဏ်တွေအနေနဲ့ သင်္ကာမကင်း ဖြစ်ပြီဆိုရင် ရှောင်နေလိုက်ကြဖို့ပဲ ရှိတယ်၊ ဘဏ်တွေဟာ အခြားသော ကုမ္ပဏီတွေထက်တော့ ဘေးဖြစ်ခံ စွန့်စားလိမ့်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ ထိုပြင် ကုမ္ပဏီများအနေဖြင့် ၎င်းတို့ ပြည်တွင်းနှင့် မြန်မာနိုင်ငံက ဘဏ်များကြားက ရှုပ်ထွေးသော ညွှန်းကြားချက်များအား လက်ခံရရှိလာပြီး အခြေအနေ ပိုကြပ်တည်း လာလိမ့်မည်ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။ 

ကုန်အမှတ်တံဆိပ်နှင့် ယုံကြည်မှု ပြဿနာ 

ကမ္ဘာတစ်ဝန်း  နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ နိုင်ငံရင်း၌ ကုန်အမှတ်တံဆိပ် သပိတ်မှောက်ခံရမည်ကို စိုးရိမ်ပူပန်နေသည်ဟု ဒေါ်သီရိသန့်မွန်က ပြောသည်။ ယင်းသို့ ကုန်အမှတ်တံဆိပ် သပိတ်မှောက်ခံရခြင်းသည် ဒဏ်ခတ်ပိတ်ဆို့ ခံရသည့်အတိုင်းပင် သက်ရောက်မှု ရှိသည်။ နိုင်ငံတကာအဖွဲ့များက မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်အမှတ်တံဆိပ်များကို ဖော်ထုတ်လျက်ရှိနေပြီဟု သူက မှတ်ချက်ချသည်။ 

ကုမ္ပဏီများ ကိုယ်တိုင်မှာလည်း အာဏာသိမ်းမှုနှင့် စစ်တပ်၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ SAC ၏ ရက်စက်ကြမ်းတမ်းမှုများကြောင့် ထိတ်လန့်တုန်လှုပ်နေရသည်ဟု ဆဲလ်လော့ဒ်က မှတ်ချက်ပြုသည်။ ပထမအနေဖြင့် ကုမ္ပဏီများသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ရင့်သန်ရေးသို့ အသွင်ကူးပြောင်းနေခြင်းကြောင့် ဘေးစွန့်ကာ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ယခုတွင် ယုံကြည်မှု ပြုလဲသွားပြီ ဖြစ်သည်။ 

ဒုတိယအချက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် လုပ်ငန်းကိုင်ငန်း အကျိုးအမြတ်ဖြစ်ထွန်းခြင်းနှင့် နောင် အလားအလာများလည်း မှေးမှိန်သွားခဲ့ပြီဟု ဆဲလ်လော့ဒ်က ပြောသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် စစ်ကောင်စီသည် အဟန့်အတားပဲ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ “စစ်ခေါင်းဆောင်တွေ မြဲနေလေ၊ အကြမ်းဖက်မှုတွေက အရှိန်မြင့်လေပဲ၊ ဥပဒေနဲ့အညီ ဂုဏ်သိက္ခာရှိရှိ စီးပွားရေး လုပ်ကိုင်နိုင်ဖို့ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

ထို အကြောင်းရင်းခံ အားလုံးကြောင့် အနာဂတ်၌ လုပ်ငန်းလုပ်ကိုင်လည်ပတ်ရန် လက်ရှိတွင် ပို၍ အခက်အခဲ ဖြစ်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့် အကူအညီများသည်လည်း မေးခွန်းထုတ်ခံရတော့မည်သာ ဖြစ်သည်။ “စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ဒီ အခြေအနေတွေအားလုံး ပိုဆိုးလာတော့မှာဖြစ်ပြီး အခင်းအကျင်း ပတ်ဝန်းကျင်လည်း ညံ့ဖျင်းဆိုးဝါးလာလိမ့်မယ်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ နောက်မှာ အလုပ်ဖြစ်တယ်ဆိုတဲ့ ပတ်ဝန်းကျင်လည်း ရှိလာတော့မှာ မဟုတ်ဘူး”ဟု ဆဲလော့ဒ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly