မြန်မာနိုင်ငံအတွက် ပေါ်ထွက်လာသော စီးပွားရေးဘေးအန္တရာယ်ကို ပညာရှင်များ ထုတ်ဖော်

မြန်မာနိုင်ငံအတွက် ပေါ်ထွက်လာသော စီးပွားရေးဘေးအန္တရာယ်ကို ပညာရှင်များ ထုတ်ဖော်
Photo - AFP

မတ် ၂၂ ၊၂၀၂၁

“မြန်မာနိုင်ငံမှာ ကျည်ဆန်တွေနဲ့ပဲ ထိမှန်နေရုံတင်မကဘူး၊ နေ့စဉ်နဲ့အမျှ ကြီးထွားလာနေတဲ့ စီးပွားရေး ဘေးအန္တရာယ်တစ်ခုကလည်း ရိုက်ခတ်ထိုးနှက်နေပါတယ်” ဆိုပြီး Romain Caillaud က ပြီးခဲ့သည့်အပတ်အတွင်း “မြန်မာ အာဏာသိမ်းမှု၊ ကမ္ဘာက ဘယ်လိုဘယ်ပုံ တုံ့ပြန်သင့်သလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် Nikkei Asia က ဆောင်ရွက်ခဲ့သည့် အွန်လိုင်းစကားဝိုင်းဆွေး‌နွေးပွဲတစ်ခုအတွင်း သတိပေးခဲ့သည်။

ထို စကားဝိုင်းသို့ SIPA Partners မှ principal ဖြစ်သည့် Caillaud နှင့်အတူ Pegu Partners မှ မန်နေးဂျင်းပါတနာ ဒေါ်သီရိသန့်မွန်၊ Nikkei Asia မှ Editor at large ဖြစ်သည့် Gwen Robinson နှင့် Freshfields Bruckhaus, Deringer ဥပဒေအကျိုး‌ဆောင်လုပ်ငန်းမှ ဆန်ရှင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Alex Dmitrenko တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

စက်မှုဇုန်များရှိ အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုများ၏ သက်ရောက်မှု

ရန်ကုန်မြို့၏ အစွန်ပိုင်း ဆင်ခြေဖုံးအရပ်ရှိ စက်မှုဇုန်တစ်ခု၏ အနီးအနားတွင် နေထိုင်သည့် ဒေါ်သီရိသန့်မွန်သည် ဆန္ဒပြသူများအပေါ် စစ်တပ်နှင့် ရဲက လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းခြင်း၏ တင်းမာမှုများနှင့် အကြမ်းဖက်မှုတို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံနေရသည်။ “ ဂိတ်တွေရဲ့ အပြင်ဘက်မှာက စစ်ဇုန်တစ်ခုလိုပါပဲ” ဟု သူမက ပြောသည်။ “အတားအဆီး အပိတ်အဆို့တွေလည်း ထူထောင်ထားတယ်၊ အပြင်ထွက်ချိန်မှာ အသက်အန္တရာယ်အတွက် ကျွန်မတို့ စိုးရိမ်ပူပန်ရတယ်၊ ဟိုဘက် ဒီဘက်ရောဆီက ပိုပိုပြီး ပြင်းထန်လာနေတယ်” ဟု သူမက ပြောသည်။

ပြီးခဲ့သော နှစ်များအတွင်းက ထိုဧရိယာရှိ အထည်အလိပ်လုပ်ငန်းသည် ကြီးထွားနေခဲ့ပြီး မယုံကြည်နိုင်လောက်အောင်ဖြင့် အမျိုးသမီးများစွာကို အလုပ်အကိုင်များ ခန့်အပ်ပေးထားနိုင်ခဲ့သည်။ အမျိုးသမီး အများအပြားမှာ အလုပ်အကိုင်အတွက် ကျေးလက်ဒေသများကနေ ပြောင်းရွှေ့လုပ်ကိုင်ကြသည့် ပြည်တွင်းရွှေ့ပြောင်းများ ဖြစ်ကြပြီး ရရှိသည့် လုပ်အားခများကို အိမ်ပြန်ပို့ကြသူများ ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် ဖိအားများ ကြုံတွေ့ထားခဲ့ရသည့်အပြင် supply chain (ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်) ပြဿနာများနှင့် ဆိပ်ကမ်းပိတ်မှုတို့နှင့်အတူ အထည်ချုပ်လုပ်ငန်းသည် နက်ရှိုင်းသည့် အကျပ်အတည်းအောက်တွင် ရှိနေကြောင်း ဒေါ်သီရိသန့်မွန်က ရှင်းပြသည်။

ဘဏ်၀န်ဆောင်မှုများ သုံးနိုင်သည့်အခွင့်အလမ်း၊ လမ်းပိတ်ဆို့မှုများအတွက် ညှိနှိုင်းဆွေး‌နွေးရခြင်းနှင့် ထိုကဲ့သို့ နေ့ရက်များကို စီမံလည်ပတ်ရခြင်းကဲ့သို့သော အခြေခံလိုအပ်မှုများက ကြီးမားသည့် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်။ အလုပ်ရှင်အများအပြား၏ စိတ်ထဲတွင် အလေးအထားဆုံးက အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေးပင်ဖြစ်သည်။ ထို့အတွက်ကြောင့် အလုပ်သမားများကို မည်ကဲ့သို့ ဆက်ထိန်းထားရမလဲ၊ အလုပ်သမားများကို လုပ်ခ ဘယ်လို ပေးရမလဲ၊ ကုန်ကျစရိတ်များကို မည်သို့ ထိန်းချုပ်မလဲ နှင့် လောလောလတ်လတ် ကြုံနေရသည့် နိုင်ငံရေးမုန်တိုင်းအတွင်း ဘယ်လို ရှင်သန်အောင် ရပ်တည်မလဲ ဆိုသည့် စိန်ခေါ်မှုများ ရှိနေသည်။ မကြာမီ ဖြစ်ပေါ်လာဖွယ်ရှိသည့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများအတွက် စိုးရိမ်ပူပန်မှုအကြောင်း ဒေါ်သီရိသန့်မွန်က ပြောခဲ့ပြီး လက်ရှိမြေပြင်တွင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် သူမသည် အရင်ထက် အရေးပါမှု လျော့နည်းသော နေရာတွင် ယူပြီး နောက်ဆုတ်ထားသည်။

အာဏာသိမ်းမှုက မြန်မာ၏ စက်မှုဇုန်များအပေါ် ထိတ်လန့်တုန်လှုပ်မှု လှိုင်းလုံးကြီးများ တလိပ်လိပ်ရိုက်ခတ်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ၀န်ထမ်းလုပ်သားများကို လုပ်ခပေးချေရန် လုပ်ခ ထုတ်ယူခြင်းအပါအ၀င် ဘဏ်များနှင့် ဆက်ဆံရသည့် အခက်အခဲများကြောင့် အလုပ်ရှင်များနှင့် အလုပ်သမားများအကြား တင်းမာမှုများ ပေါ်ထွက်နေသည်။ ကုလ လုံခြုံရေးကောင်စီ၏ အားကောင်းသည့် အရေးယူမှုအတွက် တရုတ်၏ ဗီတိုအာဏာဖြင့် ပယ်ချမှု၊ အာဏာသိမ်းမှုကို တရုတ် ထောက်ခံပံ့ပိုးခဲ့သည်ဆိုသော ကောလာဟလများနှင့်ဆက်နွယ်လျက် တရုတ် ဆန့်ကျင်ရေး သဘောထားစိတ်ခံစားချက်များ မြင့်တက်နေခြင်းကလည်း ပူပန်စရာကောင်းနေပြီး စက်မှုဇုန်အတွင်း တရုတ်နှင့် သက်ဆိုင်သည့် စက်ရုံများ မီးလောင်ကျွမ်းမှုဖြစ်စဥ်များကလည်း ထင်ဟပ်နေခဲ့သည်။

လုပ်ငန်းလည်ပတ်မှုဆိုင်ရာ တည်ငြိမ်မှု မရှိခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းဇုန်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၏ အနာဂတ်နှင့်ပတ်သက်သည့် မေးခွန်းများနှင့် အကြမ်းဖက်မှုတို့ကလည်း လက်ရှိလုပ်နေဆဲ အလုပ်သမားငှားရမ်းခန့်ထားခြင်းနှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားကြောက်ရွံ့မှုကို ပေါ်ပေါက်စေလျက် ရှိသည်။ငွေကြေးဖောင်းပွမှု၊ အစားအစာ မဖူလုံမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့နှင့် ဆက်စပ်သည့် တိုးပွားနေသော အခက်အခဲများနှင့် ဤ မသေချာမရေရာမှုက သက်ဆိုင်ပတ်သက်နေသည်ဟု Robinson က မှတ်ချက်ပြုသည်။

ဘဏ်လုပ်ငန်းထဲမှာ ဘာတွေဖြစ်နေသလဲ

ပြုပြင်ပြောင်းလဲမှု အစောပိုင်းအဆင့်များတွင်သာ ရှိနေဆဲဖြစ်သည့် မြန်မာ၏ အခြေတည်စ ဘဏ်လုပ်ငန်းကဏ္ဍသည် တဖြည်းဖြည်းဖြင့် လုံး၀ဥဿုံရပ်ခြင်းကို ရောက်ရှိထားခဲ့ပြီး ဘဏ်၀န်ထမ်းများသည် CDM တွင် ပူးပေါင်းပါ၀င်ကြသည့်အတွက် ဘဏ်ပိတ်ထားရခြင်းများ၊ လုပ်ငန်းလည်ပတ်မှုကို လျှော့ချထားရခြင်းတို့ကို ဖြစ်စေထားခဲ့သည်။ မြန်မာနိုင်ငံ၏ ငွေသားကို အဓိက အသားပေးသော စီးပွားရေးကဏ္ဍထဲတွင် ဘဏ်များသည် လုပ်ခလစာ ငွေများ ပေးရန် ငွေသားစီးဆင်းမှုကို ထိန်းသိမ်းလုပ်ဆောင်ပြီး ခန့်မှန်းခြေအားဖြင့် နိုင်ငံသား ၁၀ ရာခိုင်နှုန်းသာသာသည် ဘဏ်အကောင့်တစ်ခု ရှိထားကြသည်။ ထို့ပြင် ယင်းတို့သည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် နယ်စပ်ဖြတ်ကျော် အရောင်းအ၀ယ်များကို အဆင်ပြေချောမွေ့စေရန်အတွက် ပြည်တွင်းဘဏ္ဍာရေး၀န်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးသည်။ သို့သော် CDM တွင် ၀န်ထမ်းများ ပူးပေါင်းပါ၀င်မှုဖြင့် ဘဏ်ပိတ်ထားခြင်းများက စစ်တပ် အာဏာသိမ်းခေါင်းဆောင်များ ယင်း၏ ငွေကြေး စီမံခန့်ခွဲနိုင်စွမ်းအပေါ် ပစ်မှတ်ထားလျက် ရှိသည်။

ဘဏ်များသည် ယခုအခါ ခက်ခဲသည့် အခြေအနေတစ်ရပ်အောက်တွင် ရှိနေကြောင်းကို Robinson ၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်က ဖော်ထုတ်ထားခဲ့သည်။ ယင်းတို့သည် လုပ်ငန်းလည်ပတ်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရရုံတင်မကဘဲ အာဏာသိမ်းစစ်အုပ်စု၏ လန့်စရာကောင်းသော ဖိအားပေးမှုနှင့်ပါ ရင်ဆိုင်နေရသည်။ အာဏာသိမ်းစစ်အုပ်စုသည် ပြီးခဲ့သည့် ၁၀ နှစ်တာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်များကို ပြောင်းပြန်လှန်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။

ပထမအချက်အနေဖြင့် ဘဏ်အရာရှိများကို အာဏာသိမ်းစစ်အစိုးရက လုပ်ငန်း ပြန်ဖွင့်ရန် ညွှန်ကြားထားပြီး ၎င်းတို့၏ ကိုယ်ပိုင် ဘဏ်အကောင့်များကို သိမ်းယူပြီး စစ်တပ်ပိုင်ဘဏ်များသို့ လွှဲပြောင်းမည်ဟု ခြိမ်းခြောက်မှု လုပ်ထားသည်။ သို့ရာတွင် ဘဏ်များက ၀န်ထမ်းများကို အလုပ်ပြန်ဆင်းရန် ညွှန်ကြားချိန်တွင် ၎င်းတို့သည် CDM ကို ထောက်ခံမပေးမှုအတွက် ဆိုရှယ်မီဒီယာပေါ် တုံ့ပြန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ဒုတိယအချက်အဖြစ် Robinson က ဆိုးဝါးသော ဖြစ်ပေါ်မှု အခြေအနေများကို ထုတ်ဖော်ခဲ့ပြီး ပုဂ္ဂလိကဘဏ်များသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း အားလုံးသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) နှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) ၏ အကောင့် အသေးစိတ်အချက်အလက်များကို SAC စစ်ကောင်စီထံ လွှဲအပ်ပေးအပ်ရန် ဖိအားပေးခံနေရသည်ဟု ဆိုသည်။ SAC သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုတစ်ခု တည်ဆောက်နေပြီး သူမအပေါ် လာဘ်စားမှု သို့မဟုတ် NGOs နှင့် INGOs များထံမှ ပြင်ပဘဏ္ဍာရေး အထောက်အပံ့လက်ခံပြီး နိုင်ငံခြား ဝင်‌ရောက်စွက်ဖက်မှု ရှိခဲ့ကြောင်း စွပ်စွဲနေသည်ဟု သူမက ထင်မြင်လျက် ရှိသည်။ ဤ ကြီးထွားလာသော မဟာဗျူဟာတစ်စိတ်တစ်ဒေသအဖြစ် အဓိက NGOs များကို စာရင်းစစ်ရန်အတွက်လည်း ဘဏ်များကို ညွှန်ကြားထားသည်။ ယုတ်စွအဆုံး ကမ္ဘာ့ဘဏ် နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့သည်ပင် ဤလျှို့ဝှက်ပူးပေါင်းကြံစည်မှု တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်သည် ဆိုပြီး စွပ်စွဲခံနေရကြောင်း Robinson က ပြောသည်။

ပုဂ္ဂလိကဘဏ်လုပ်ငန်းလည်ပတ်မှုများတွင် SAC ၏ ၀င်ရောက်စွက်ဖက်မှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ခြိမ်းခြောက်မှုတစ်ခုထက် ကျော်လွန်လုပ်ဆောင်နေချိန် ဘဏ်အကောင့်များ သိမ်းဆည်းမှုကလည်း ဘဏ်လုပ်ငန်းကဏ္ဍ၏ တစ်စိတ်တစ်ဒေသ နိုင်ငံပိုင်ပြုလုပ်ခြင်း၏ တကယ့်ဖြစ်နိုင်ခြေတစ်ခုကို ညွှန်ပြနေသည်။ ယင်းသည် ပြီးခဲ့သည့် နောက်ဆုံး ဆယ်စုနှစ်များ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကျောထောက်နောက်ခံပြုထားခဲ့သည့် ဖြေလျှော့မှု လုပ်ငန်းစဥ်များ၏ နောက်ပြန်လှည့်မှုတစ်ခုအဖြစ် ညွှန်ပြနေကာ အကျင့်ပျက်ခြစားမှု ယခင်လယ်ဗယ်များဆီ ပြန်သွားမှုအဖြစ် Grimes က ပြောခဲ့သည်။ ယင်းကဲ့သို့သော လုပ်ဆောင်ချက်များက ရင်းနှီးမြှုပ်နှံသူများအတွက်ရော တစ်ဦးချင်းတစ်ယောက်ချင်းစီအတွက်ရော လုပ်ကိုင်ပေးနေသည်။

တတိယအချက်မှာ ဘဏ်များသည် လည်ပတ်နိုင်ရုံမျှသာ ရှိနေပြီး ငွေသားစီးဆင်းမှု၊ လစာစာရင်းများအတွက် ငွေလွှဲပြောင်းမှုများက ကြန့်ကြာမှုများ ရှိနေချိန် ပြည်သူများကို ငွေပေးချေနေခြင်း မရှိဟု အဓိပ္ပါယ်ထွက်စေနေသည်။ ယင်းသည် စျေးနှုန်းတက်နေသော အစားအစာ စျေးနှုန်းများနှင့် ဆင်းရဲမှုတိုးမြင့်နေခြင်းနှင့်အတူ ပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများအတွက် အ‌ကြောင်းရင်းတစ်ခု ဖြစ်စေလျက် ရှိသည်။

ဤ အကြောင်းအချက်များက စနစ်အတွင်း ဖိစီးမှုကို ဖန်တီးဖြစ်ပေါ်စေပြီး ဘဏ်များကို အလွန် ခက်ခဲသည့် နေရာတစ်ခုတွင် ရှိနေစေကြောင်း Robinson က သုံးသပ်သည်။

စစ်တပ်အုပ်ချုပ်လွှမ်းမိုးမှုအောက်သို့ ပြန်ရောက်ခြင်း၏ တိမ်စိုင်တိမ်မဲများ

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ လူတိုင်းကို သတိပေးလိုက်သည့် အချက်မှာ တပ်မတော်၏ လုပ်နိုင်စွမ်း၏ အထက်တွင် မည်သူမှ မရှိ ဆိုသည်ပင် ဖြစ်ကြောင်း Caillaud က ပြောသည်။ ကပ်ဆိုက်သော ကာလက ဖွင့်ထုတ်လာမှုနှင့်အတူ စီးပွားရေးသည် သိသာထင်ရှားစွာဖြင့် ပြောင်းလဲမည်ဖြစ်သည်။ ရှိရင်းစွဲ စီးပွားရေးလုပ်ငန်းများသည် စစ်တပ် အဆက်အသွယ်များအပေါ် မှီခိုသည့် ပိုမိုတိုးမြင့် အကျင့်ပျက်ခြစားသော ပတ်၀န်းကျင်တစ်ခုတွင်း ပါ၀င်ပတ်သက်ရဖွယ် ရှိနေသည်။ စစ်တပ် မျက်နှာသာပေးမှု မရသူများသည် လုံလုံလောက်လောက် အထောက်အပံ့ရမည်မဟုတ်သလို တစ်ဘက်တွင်လည်း အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်များဆီ ၀င်ထွက်တွေ့နိုင်မှုဖြင့် ခရိုနီသူဌေးသစ်များ ပေါ်ထွက်လာမည်ဖြစ်သည်။

အစားအစာများအတွက် ငွေသားပေးဝေမှုများနှင့်အတူ နိုင်ငံတ၀န်း လက်ရှိ သွားလာလှုပ်ရှားနိုင်သည့် INGOs များသည် ဘဏ်အကောင့်များ သိမ်းခြင်းကနေတဆင့် ဘဏ်လုပ်ငန်းစနစ်ထဲ စစ်တပ်၏ ၀င်ရောက်စွက်ဖက်မှုကြောင့် ထိခိုက်မည် ဖြစ်သည်။ လုပ်ငန်းလည်ပတ်မှု လယ်ဗယ်တစ်ခု၌ အာဏာသိမ်းစစ်အုပ်စုနှင့် သီးခြား ဆက်ရှိနေရန်အတွက် မည်သူမဆိုအတွက် အလွန်ရှုပ်ထွေးမှု ဖြစ်လာမည်ဖြစ်သည်။

စစ်အာဏာရှင်စနစ်သို့ ပြန်သွားခြင်း၏ ဖြစ်နိုင်ခြေအလားအလာက နိုင်ငံ အရေးယူဒဏ်ခတ်မှုများဆီ ပြန်သွားခြင်း၏ ဖြစ်နိုင်ခြေအလားအလာကို ယူဆောင်လာသလို ယင်းတို့၏ သက်ရောက်မှုက နိုင်ငံလူဦးရေ၏ ခုခံနိုင်စွမ်းအားနည်းသော အစိတ်အပိုင်းများအပေါ် သက်ရောက်နိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကို ပြန်လည်နှိုးဆွပေးသည်။ ကိုဗစ်နောက်ပိုင်း ဖိစီးမှုများ ရှိထားနှင့်ပြီးအပြင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် ကသောင်းကနင်းဖြစ်မှုတို့က အလုပ်သမားများနှင့် အလုပ်ရှင်များ၏ အနာဂတ်ကိုလည်း မသေချာမရေရာမှုအောက် ရောက်ရှိထားစေခဲ့သည်။ အကယ်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ထွက်ခွာပါက ပြည်သူများအနေဖြင့် ဆင်းရဲနွမ်းပါးမှု လယ်ဗယ်များကို ကူညီမြှင့်တင်ပေးထားသော လုပ်ခလစာများ ခံစားခွင့်ဆုံးရှုံးမည်အပေါ် ဒေါ်သီရိက စိုးရိမ်ပူပန်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly