ယမန်နေ့က ဆန္ဒပြသူ ၈ ဦး သေဆုံးခဲ့သည့် မန္တလေး၌ အရုဏ်ဦးသပိတ် ဆင်နွှဲ

ယမန်နေ့က ဆန္ဒပြသူ ၈ ဦး သေဆုံးခဲ့သည့် မန္တလေး၌ အရုဏ်ဦးသပိတ် ဆင်နွှဲ
Photo - AFP

မတ် ၂၂

နိုင်ငံ၏ ဒုတိယအကြီးဆုံး မန္တလေးတွင် ယမန်နေ့က ဆန္ဒပြသူ ရှစ်ဦး သေဆုံးခဲ့ပြီးနောက် ယနေ့ မတ် ၂၂ ရက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများက အရုဏ်ဦးသပိတ် ဆင်နွှဲကြသည်။

ပြီးခဲ့သည့် လက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖယ်ရှားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြမှုများသည် စစ်အုပ်စု၏ ရက်ရက်စက်စက် ဖြိုခွင်းရန် အမိန့်ထုတ်ထားသည့် ကြားမှပင် မန္တလေး၌ ဆက်လက်ဖြစ်ပွားပေါ်ပေါက်နေဆဲ ဖြစ်သည်။

နိုင်ငံအတွင်း ဆန္ဒပြမှုများ၌ ဖမ်းဆီးခံထားရသူပေါင်း ၂၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၅၀ ရှိသည်ဟု ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်ဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့က ဆိုပြီး သေဆုံးသူ ပိုတိုးလာနိုင်သည်ဟု သတိပေးထားသည်။

မန္တလေးက လမ်းမများတစ်လျှောက် ဆရာ၊ ဆရာမများ အပါအဝင် ပြည်သူများစွာ ချီတက်ကြပြီး အချို့က ကုလသမဂ္ဂမှ ကြားဝင်ပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။

စီးပွားရေးအချက်အခြာ ရန်ကုန်တွင်လည်း ယနေ့ နံနက်အစောပိုင်းတွင် ဆန္ဒပြမှုများ ရှိခဲ့သည်။

နိုင်ငံ၏ ယဉ်ကျေးမှု မဏ္ဍိုင် မန္တလေးမြို့သည် တနင်္ဂနွေနေ့က ဆန္ဒပြမှုများအား အဆိုးဝါးဆုံး ဖြိုခွင်းခံရပြီး လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးသတင်းရင်းမြစ်က အေအက်ဖ်ပီကို ပြောပြီး ဒဏ်ရာရသူ ၅၀ ကျော်ခန့်ရှိသည်ဟု ဖြည့်စွက်ဆိုသည်။
မန္တလေးက ရပ်ကွက်တစ်ခု၌ ည ၁၁ နာရီခန့်အထိ သေနတ်သံများ အတောမသတ်ဘဲ ကြားနေရစဉ် ရဟန်းတော်များက ညပိုင်း မီးထွန်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

မုံရွာတွင်လည်း မနေ့က လုံခြုံရေးတပ်များနှင့် နေ့ခင်းပိုင်း ထိပ်တိုက်တွေ့မှု၌ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly