အန္တရာယ်ဖြစ်စေသည့် ဗီဒီယိုများ ပျံ့နှံ့မှု တားဆီးရန် မြန်မာနိုင်ငံတွင် အကောင့်တစ်ချို့ကို ပိတ်ပင်ထားဟု TikTok ပြော

အန္တရာယ်ဖြစ်စေသည့် ဗီဒီယိုများ ပျံ့နှံ့မှု တားဆီးရန် မြန်မာနိုင်ငံတွင် အကောင့်တစ်ချို့ကို ပိတ်ပင်ထားဟု TikTok ပြော

မတ် ၂၁

ခြိမ်းခြောက်အကြမ်းဖက်မှုဆိုင်ရာ အန္တရာယ်ဖြစ်စေသည့် ဗီဒီယိုများ ယင်း၏ ပလက်ဖောင်းပေါ်တွင် ပျံ့နှံ့မှုနှင့် သတင်းမှားများ ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် မြန်မာနိုင်ငံတွင် အကောင့်အချို့ကို ပိတ်ပင်ထားခဲ့ကြောင်း TikTok က ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်သားများသည် TikTok တွင် ဗီဒီယိုရာနှင့်ချီ တင်ထားခဲ့ကြောင်း Rest of World က ဖော်ပြသည်။ ထိုဗီဒီယိုများထဲတွင် အစဉ်အလာ အစိုးရလိုလားသည့် ၀ါဒဖြန့်မှုမှစပြီး ဆန္ဒပြသူများကို စိတ်ရှုပ်ထွေးစေရန် ရည်ရွယ်သည့် သတင်းမှားများနှင့် လက်နက်များဖြင့် စစ်သားများထံမှ ခြိမ်းခြောက်နေမှုများအထိ ပါဝင်နေခဲ့သည်။

အရှေ့‌တောင်အာရှ မြန်မာနိုင်ငံတွင် အမုန်းစကားနှင့် ခြိမ်းခြောက်မှုများ မြင့်တက်နေမှုနှင့်ပတ်သက်ပြီး မီဒီယာများက ဖော်ပြပြီးနောက် ယခုလအစောပိုင်းတွင် TikTok က ဗီဒီယိုတစ်ချို့ကို ဖယ်ရှားခဲ့သည်။ သို့သော် ခြိမ်းခြောက်နေသော ဗီဒီယိုများနှင့် အခြား ကြမ်းတမ်းသည့် အကြောင်းအရာများ ပျံ့နှံ့မှုကို တားဆီးရန် လုံလုံလောက်လောက် မြန်မြန်ဆန်ဆန် လုပ်ဆောင်ထားခဲ့ခြင်း မရှိဟု TikTok ပလက်ဖောင်းက ၀န်ခံခဲ့ကြောင်း Rest of World က ဖော်ပြသည်။

“အမုန်းစကား၊ အကြမ်းဖက်မှုနဲ့ သတင်းမှားတွေကို အားပေးအားမြှောက်လုပ်တာက တစ်တော့ပေါ်မှာ လုံးဝ နေရာမရှိပါဘူး” ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Verge ထံ အီးမေးလ်ပေးပို့သည့် ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ပြောထားသည်။ “မြန်မာနိုင်ငံမှာ အခြေအနေတွေ အလျင်အမြန် အရှိန်မြင့်တက်လာခဲ့တာကို ကျွန်တော်တို့ သိရှိခဲ့ချိန်မှာ ကျွန်တော်တို့ဟာ စည်းမျဉ်းချိုးဖောက်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ အားထုတ်မှုတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်၊ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရာတွေကို အားပေးအားမြှောက်ပြုနေတယ်လို့ ဖော်ထုတ်သိရှိတဲ့ အကောင့် အများအပြားကို ကျွန်တော်တို့ တက်တက်ကြွကြွ ပိတ်ပင်ခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် TikTok ကို ဘေးကင်းလုံခြုံသည့် ပလက်ဖောင်းတစ်ခုအဖြစ် ရှိနေစေရေးအတွက် ခြိမ်းခြောက်မှုအသစ်များကို တုံ့ပြန်ရန် TikTok ဘက်က သိသာထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags