ထိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်

ထိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်
Photo - AFP

မတ် ၂၁

ထိုင်းနိုင်ငံမှာ မတ်လ ၂၀ ရက်က ဘန်ကောက်မြို့ Grand Palace နန်းတော်အပြင်ဘက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ခဲ့ကြပြီး ရဲတွေက မီးသတ်ပိုက်၊ ရာဘာကျည်ဆံတွေ အသုံးပြု လူစုခွဲခဲ့ပါတယ်။

နိုင်ငံမှာ သြဇာအာဏာကြီးတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရေး တောင်းဆိုဖို့အတွက် ဆန္ဒပြသူတွေဟာ ကုန်သေတ္တာတွေနဲ့ လုပ်ထားတဲ့ အရံအတားတစ်ခုကို ကျော်ဖြတ်၀င်ရောက်ဖို့ ကြိုးပမ်းခဲ့ရာကနေ ရဲတွေနဲ့ ထိပ်တိုက်တွေ့ ပဋိပက္ခ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ ယင်းနိုင်ငံမှာ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ အစိုးရအဖွဲ့ နုတ်ထွက်ပြီး အစိုးရအဖွဲ့ အလုံးစုံအပြောင်းအလဲဖြစ်ဖို့၊ စစ်တပ်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ပြင်ရေးဆွဲဖို့အတွက် တောင်းဆိုရင်း ဇူလိုင်လမှာ ထိုင်း ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှု စတင်ခဲ့ပြီးနောက် ထပ်မံပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေအနက် တစ်ခုကတော့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဖြစ်ပြီး အဲဒီလိုတောင်းဆိုမှုတွေထဲမှာ ပြင်းထန်တဲ့ တော်၀င် အသရေဖျက်မှု ဥပဒေတွေ ဖျက်သိမ်းရေးတွေလည်း ပါ၀င်နေလျက် ရှိပါတယ်။

နန်းတော်ရှေ့ သမိုင်း၀င် Sanam Luang ရင်ပြင်မှာ ကွန်တိန်နာ နှစ်လုံးစာ အမြင့်ရှိ ကုန်စည်ကုန်သေတ္တာ အကာအရံတစ်ခု ထူထောင်ထားရှိခဲ့ရာမှာ ဆန္ဒပြသူတွေက အပေါ်အဆင့်က ကုန်သေတ္တာတစ်ချို့ကို ကြိုးတွေသုံး ဆွဲချပြီး လမ်းပွင့်အောင် လုပ်ခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒပြသူတွေက ကြိုးတွေသုံးပြီး ကုန်သေတ္တာတွေကို ဆွဲချခဲ့ရာမှာ ရဲတွေက “မင်းတို့ ဥပဒေချိုးဖောက်နေတာပဲ” ဆိုပြီး အော်ပြောခဲ့ပါတယ်။

အဲဒီနောက် ဆန္ဒပြသူတွေဟာ အကာအရံကို ဖြတ်လို့ ရသွားတာနဲ့ ရဲတွေဘက်ကို ဓာတ်ဆီထည့်ထားတဲ့ ပုလင်းဗုံးတွေနဲ့ ပစ်‌ပေါက်ခဲ့ပါတယ်။ အဲဒီနောက် ရဲတွေကလည်း မီးသတ်ပိုက်နဲ့ ပက်ဖျန်းပြီး ဆန္ဒပြသူတွေ ရှေ့ဆက်တက်မလာနိုင်အောင် တားမြစ်ခဲ့ပါတယ်။

“ငါတို့ သူငယ်ချင်းတွေကို ပြန်လွှတ်ပေး” ဆိုပြီး ဆန္ဒပြသူတွေက ယခုနှစ်အစောပိုင်း ထိန်းသိမ်းခံထားရတဲ့ လူသိများတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ချို့ကို ရည်ညွှန်းရင်း ပြောခဲ့ပါတယ်။

အဲဒီနောက် ရဲတွေက ရာဘာကျည်တွေနဲ့ ပစ်ပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့တယ်လို့ မြေပြင်မှာ ရောက်နေခဲ့တဲ့ အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။

ဒေသစံတော်ချိန် ည ၈ နာရီ ခွဲလောက်မှာ ဆန္ဒပြသူအများစု လူစုကွဲသွားခဲ့ပြီး အမာခံ တက်ကြွလှုပ်ရှားသူတွေသာ ယင်းနေရာမှာ ဆက်ရှိနေခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly