မြန်မာစစ်တပ်အတွက် ရိက္ခာထောက်ပံ့ပေးခြင်းမရှိဟု ထိုင်းစစ်တပ် ငြင်းဆို

မြန်မာစစ်တပ်အတွက် ရိက္ခာထောက်ပံ့ပေးခြင်းမရှိဟု ထိုင်းစစ်တပ် ငြင်းဆို
Photo: REUTERS/Soe Zeya Tun

မတ် ၂၁

မြန်မာအာဏာသိမ်းစစ်တပ်၏ တပ်များအတွက် ရိက္ခာဆန်များ ထောက်ပံ့ပေးခြင်း မရှိကြောင်း ထိုင်းစစ်တပ်က မတ်လ ၂၀ ရက်တွင် ငြင်းဆန်ပြောကြားလိုက်ပြီး နယ်စပ်ကို ဖြတ်ကျော်ပေးပို့သည့် စားစရာများသည် ပုံမှန်ကုန်သွယ်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာစစ်တပ်သည် ဖေဖေါ်ဝါရီ ၁ အာဏာသိမ်းမှုအတွက် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုနှင့် ရင်ဆိုင်ရလျက် ရှိပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုများအပေါ် ယင်း၏ သွေးထွက်သံယိုများသော အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများကြောင့်လည်း လူပေါင်း ၂၅၀ နီးပါး သေဆုံးခဲ့ရပြီ ဖြစ်သည်။

ထိုကဲ့သို့ သွေးထွက်သံယိုဖြစ်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ထိုင်းဘက်က ထုတ်ဖော်ထားသည်။မြန်မာနိုင်ငံ အရှေ့ဘက် နယ်စပ်တွင် လှုပ်ရှားနေသော မြန်မာတပ်များအတွက် ဆန်အိတ် ၇၀၀ ကို ထိုင်းစစ်တပ်က ထောက်ပံ့ပေးခဲ့သည် ဆိုပြီး အမည်မ‌ဖော်သော လုံခြုံရေးအရာရှိတစ်ဦးကို ကိုးကားလျက် ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။ ယင်းသည် ထိုင်းအစိုးရ၏ မှာကြားချက်များအရ လုပ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောခဲ့သည်ဟု သိရသည်။

“ထိုင်းစစ်တပ်အနေနဲ့ မြန်မာစစ်တပ်ကို ရိက္ခာထောက်ပံ့ပေးခြင်း မရှိပါဘူး၊ မြန်မာစစ်တပ်ဘက်က ကျွန်တော်တို့ဆီ ဆက်သွယ် အကူအညီတောင်းတာ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့မှာလည်း သူတို့ ကိုယ်ပိုင်သိက္ခာရှိတယ်လေ” ဟု နရဲစွမ်ဟု သိရသော နယ်စပ်လုံခြုံရေး ထိုင်းတပ်ဖွဲ့မှ တပ်မှူး ဗိုလ်ချုပ် အမ်နတ် ဆရီမတ်ခ်က ပြောသွားသည်။

“တကယ်လို့ တစ်ခုခု ရှိတယ်ဆိုရင်တော့ ဒါက ပုံမှန် နယ်စပ်ဖြတ်ကျော်ဂိတ်တွေက ပုံမှန်ကုန်သွယ်မှုဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဥပဒေကို မဆန့်ကျင်ဘဲ အကောက်ခွန်လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာမယ်ဆိုရင် ဒါကိုတော့ ကျွန်တော်တို့ မပိတ်ဆို့ပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။

မြန်မာတပ်များအတွက် နယ်စပ်အနီး ရိက္ခာထောက်ပံ့ပေးပို့မှုများကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ပိတ်ဆို့ထားကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။ KNU သည် မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံထားပြီး စစ်တပ်အာဏာသိမ်းမှုနှင့် ဖြိုခွင်းနှိမ်နင်းမှုအပေါ် ရှုတ်ချထားခဲ့သည်။

ထိုင်းမီဒီယာများ ပြသခဲ့သော ဓာတ်ပုံများထဲတွင် ဆန်အိတ်များ ဖြစ်ပုံရသည့် အိတ်များကို နယ်စပ်၌ ထရပ်ကားများပေါ် တင်နေသည်ကို ပြသထားသည်။ ရိုက်တာက မြင်တွေ့ခဲ့သည့် ဓာတ်ပုံများထဲတွင် စစ်ပြောက်ကျားယူနီဖောင်း၀တ်ထားသူတစ်ချို့အပါအ၀င် အမျိုးသားများ ထိုင်းဘက်သို့ ဖြတ်ကျော်၀င်ရောက်ပြီး ကိုယ်အပူချိန် စစ်ဆေးခံခဲ့သည်ကို ပြသထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားပြီးကတည်းက ထိုင်းနှင့် မြန်မာအကြား လှုပ်ရှားသွားလာမှုများအပေါ် အကြီးအကျယ် ကန့်သတ်ထားပြီး ကုန်သွယ်မှုသည်လည်း အကန့်အသတ်ဖြင့်သာ ရှိနေခဲ့သည်။ ဓာတ်ပုံများထဲတွင် မြင်တွေ့ခဲ့ရသည့် ဖြတ်ကျော်နေရာသည် ပုံမှန်ကုန်သွယ်လမ်းကြောင်းတစ်ခု မဟုတ်ဟု ‌ဒေသခံများက ရိုက်တာသတင်းထောက်တစ်ဦးကို ပြောခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly