နာနတ်သွင်း တင်သွင်းခွင့် တရုတ်၏ ပိတ်ဆို့မှုအပေါ် ထိုင်ဝမ်က လူထုလှုပ်ရှားမှုဖြင့် တုံ့ပြန်

နာနတ်သွင်း တင်သွင်းခွင့် တရုတ်၏ ပိတ်ဆို့မှုအပေါ် ထိုင်ဝမ်က လူထုလှုပ်ရှားမှုဖြင့် တုံ့ပြန်

မတ် ၂၀

ထိုင်ဝမ်မှ နာနတ်သီးများတင်သွင်းခြင်းကို တရုတ်အစိုးရက ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ပိတ်ပင်လိုက်ခြင်းအပေါ် ချက်ခြင်း လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်အစိုးရက #FreedomPineapple လှုပ်ရှားမှုတစ်ရပ်ကို လူမှုမီဒီယာပေါ်တွင် ဆင်နွှဲကာ ပြည်တွင်းထွက် နာနာတ်သီးများကို ဝယ်ယူရန် ပြည်သူများနှင့် ကုမ္ပဏီများကို တိုက်တွန်းလိုက်သည်။

ရလဒ်အနေဖြင့် ရက်အနည်းငယ်အတွင်းမှာပင် ပြည်တွင်းနှင့် ဂျပန်အပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်ယူမှုမှာ တရုတ်နိုင်ငံသို့ ယမန်နှစ်က တင်ပို့ခဲ့သည့် ပမာဏထက် ကျော်လွန်သွားခဲ့သည်။

နှစ်နိုင်ငံအခြား ဆက်ဆံရေးထိခိုက်မှုကြောင့် တရုတ်နိုင်ငံက ဩစတြေးလျနိုင်ငံမှ တင်သွင်းသည့် ဝိုင်များအပေါ်  ကုန်သွယ်ခွန် ၂၀၀ ရာခိုင်နှုန်းကျော် ကောက်ခံခဲ့စဉ်က လှုပ်ရှားတစ်ရပ်ကို ဆောင်ရွက်မှုအဖြစ် ဩစတြေးလျဝိုင်များကို ဝယ်ယူရန် ပြည်သူများအား တိုက်တွန်းခဲ့သည့် ဖြစ်စဉ်ကို အမှတ်ရစေရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ၎င်း၏ တွစ်တာတွင် Remember #Australia’s #FreedomWine ဟု ရေးခဲ့သည်။

“ထိုင်ဝမ်နှင့် အတူရပ်တည်ပြီး #FreedomPineapple လှုပ်ရှားမှုတွင် ပါဝင်ကြဖို့ ကမ္ဘာပေါ်က စိတ်တူကိုယ်တူ မိတ်ဆွေတွေကို တိုက်တွန်းပါတယ်” ဟု ဝူက ရေးသားသည်။

နာနတ်သီးများကို စားသုံးခြင်းဖြင့် နိုင်ငံတောင်ပိုင်း အပူပိုင်းဒေသမှ လယ်သမားများကို ကူညီပံ့ပိုးကြရန် သမ္မတတီဆိုင်အင်ဝမ်က ပြည်သူများကို တိုက်တွန်းခဲ့သည်။ ပို့ကုန်ဈေးကွက်ကို ချဲ့ထွင်ခြင်းနှင့် အမေရိကန်၊ ဂျပန်နှင့် စင်ကာပူတို့တွင် ဈေးကွက်များ ထပ်မံရှာဖွေခြင်းအပါအဝင် တရုတ်၏ တားမြစ်ပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန် ထိုင်ဝမ်ငွေ ၁ ဘီလျံ (ကန်ဒေါ်လာ ၃၅ သန်း) သုံးစွဲသွားမည်ဟု သူမက ပြောကြားခဲ့သည်။ 

တရုတ်အစိုးရ၏ ယခုလုပ်ဆောင်ချက်သည် ထိုင်ဝမ်၏ စီးပွားရေးကို ပျက်စီးစေရန်၊ တီဆိုင်ဝမ်နှင့် သူမ၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီအား ပြည်သူထောက်ခံမှု လျော့ကျစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထိုင်ဝမ်အစိုးရက ထုတ်ပြန်ထားသည်။ 

တီဆိုင်ဝမ် ၂၀၁၆ ခုနှစ်၊ မေလတွင် အာဏာရပြီးနောက်ပိုင်း ထိုင်ဝမ်နှင့် တရုတ်အစိုးရတို့အကြား ဆက်ဆံရေး ပိုမိုထိခိုက်လာစေခဲ့သည်။ 

တရုတ်အစိုးရသည် ထိုင်ဝမ်းအား အထီးကျန်စေရန် ပြင်းထန်သည့် စီးပွားရေးနှင့် နိုင်ငံရေး ထိုးနှက်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုင်ဝမ်အစိုးရ၏ သံတမန်မဟာမိတ်များကို သွေးခွဲစည်းရုံးမှုများ လုပ်ဆောင်ခဲ့သလို တရုတ်နိုင်ငံသားများ ထိုင်ဝမ်သို့ ခရီးသွားခြင်းကိုလည်း တားမြစ်ခဲ့ပြီး တရုတ်ကျောင်းသားများ ထိုင်ဝမ်တွင် ကျောင်းတက်ခွင့် လျှောက်ထား ခြင်းကိုလည်း တားမြစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly