ဒီမိုကရေစီ မထွန်းကားတဲ့နိုင်ငံ

ဒီမိုကရေစီ မထွန်းကားတဲ့နိုင်ငံ

ဒီမိုထက် ------------(ဆောင်းပါး)

ကျွန်တော်ငယ်ငယ်က ဗုဒ္ဓဘာသာ၀င်တွေ သတ်မှတ်ထားတဲ့ရန်သူမျိုးငါးပါးကို ဘ၀င်မကျဖြစ်ခဲ့ဖူးတယ်။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ”တဲ့။ ကျွန်တော့်ငယ်ဘ၀မှာ ဒီအကြောင်းကို နက်နက်‌နဲနဲတွေးခဲ့ဖူးတယ်။ လူကြီးတွေကိုလည်း မေးခဲ့ဖူးတယ်။ ရေ၊ မီး၊ ခိုးသူနဲ့ မချစ်မနှစ်သက်‌သူ စတာတွေကို အဖြေရှာပြီး လက်ခံထားနိုင်ပေမယ့် မင်း(ရှင်ဘုရင်)ဟာ ဘာကြောင့်ရန်သူဖြစ်ရတာလဲဆိုတာ တွေးမရခဲ့ဘူး။ ကလေးအတွေးမှာတောင် တိုင်းပြည်အုပ်ချုပ်မယ့်သူဟာ ရန်သူမဖြစ်ထိုက်ဘူး၊ ရန်သူလို့သတ်မှတ်ထားတာ‌တောာင်မှ ဘာကိုကြောက်ပြီး လက်ခံနေရမှာလဲ လို့ပဲမေးခွန်းထုတ်မိပါတယ်။

ငယ်ဘ၀ကတော့ရေဒီယိုလေးတစ်လုံး၊ စာအုပ်လေးတွေနဲ့ပဲ ဖြတ်သန်းခဲ့ဖူးတယ်။ ကျွန်တော့်လို နယ်မြို့လေးက ကလေးတစ်ယောက်အတွက် လက်ရှိတိုင်းပြည်ရဲ့အကြီးအကဲ၊ ရှင်ဘုရင်ဆိုတာတောင်မသိခဲ့တာ ၂၀၁၀ခုနှစ်၊ ကျွန်တော်ဆယ်နှစ်သားအထိပဲ ဆိုပါတော့။ ရေဒီယိုကလာတဲ့ “VOA၊ BBC‌သွေးထိုးနေသည်”ဆိုတာတွေကို‌တော့ ကောင်းကောင်းကြီးနားထောင်ခဲ့ရတယ်။ ဒါပေမယ့် လူကြီးတွေက ညညဆို ‌သွေးထိုးနေပါတယ်ဆိုတဲ့အသံလွှင့်ဌာနကိုပဲ ခိုးခိုးနားထောင်နေကြတာ ဘာကြောင့်လဲ လို့ ခဏခဏစဉ်းစားမိတယ်။ စူးစမ်းတတ်တဲ့ငယ်ဘ၀မှာ အဖြေရှာမထွက်ပေမယ့် အနည်းဆုံးတော့စဉ်းစားတတ်ခဲ့ပါတယ်။

ကျွန်တော်ဆယ်တန်းအောင်ပြီးနောက်ပိုင်း စာအုပ်စာပေတွေကတစ်ဆင့် ဆက်စပ်တွေးတောပြီး ကျွန်တော်သိချင်တဲ့အဖြေတွေကို ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့မျိုးဆက်တစ်ခုစာမက ဝါဒမှိုင်းအတိုက်ခံခဲ့ရတယ် ဆိုတဲ့အချက်ပါပဲ။ တိုင်းရင်းသားရေး၊ လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးတွေမှာ သပ်လျှိုသွေးခွဲခံခဲ့ရတယ်။ ပညာရေးမှာ ဘွဲ့ရအလုပ်လက်မဲ့တွေသာ တစ်ပုံတစ်‌ခေါင်းဖြစ်ခဲ့ရတယ်။ အခုအချိန်မှာတော့ လူအတော်များများ ဒီဝါဒမှိုင်းတွေကို မြင်နိုင်လောက်ပါပြီ။ လူအနည်းအကျဥ်းတော့ ကျန်နေဦးမှာပေါ့။ ဒီလောက်ခေတ်မီပြီး အချိန်နဲ့တစ်ပြေးညီသတင်းတွေ တင်ပြပေးနေတဲ့မီဒီယာတွေတောင် ဒေါ်လာစားမီဒီညာဆိုပြီး အပြောခံရတုန်းပါပဲ။ ဆိုရရင် ဖြစ်စဉ်တွေအားလုံးကို လူတန်းစားမရွေး တစ်ပြေးညီ သိကြရပါတယ်။ ဦးနှောက်နဲ့တွေးခေါ်မြင်နိုင်စွမ်းအပေါ်မှာ မူတည်ပြီး ကြည့်တဲ့ရှုထောင့်ပဲကွာသွားတာပါ။ ဝါဒမှိုင်းနဲ့အထပ်ထပ်အပိတ်ခံထားရတဲ့အသိစိတ်ကို အလွယ်တကူ တိုက်ချွတ်သန့်စင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။

ကျွန်တော့်ငယ်ဘ၀က မတင်မကျမပီမပြင်တွေးမိတဲ့အတွေးတွေဟာလည်း မျက်ဝါးထင်ထင်မြင်ခဲ့ပါပြီ။ ရှင်ဘုရင်ဆိုတာဟာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သက်ဦးစံပိုင်စနစ်ကို ကျင့်သုံးကြပါတယ်။ အဲဒီဘုရင်ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူ့ဘ၀တစ်သက်တာလုံးအုပ်ချုပ်ပါတယ်။ ဒါမှမဟုတ် အနှီပုဂ္ဂိုလ်ဟာ တစ်ယောက်ယောက်က လာရောက်လုပ်ကြံမသတ်ဖြတ်ခင်အထိ၊ အာဏာကို ဖြုတ်မချမချင်း အုပ်ချုပ်လိုကြပါတယ်။ သက်ဦးစံပိုင်စနစ်သို့မဟုတ် ဘုရင်စနစ်ဟာ ရှေးအကျဆုံးစနစ်ဖြစ်ပြီး အုပ်ချုပ်ရေးအာဏာကို ဘုရင်ကသာပိုင်ပါတယ်။ ဒါပေမယ့် ဘုရင်စနစ်မှာ စည်းမျဉ်းခံဘုရင်စနစ်နဲ့ပကတိဘုရင်စနစ်ဆိုပြီး ခွဲထားပါသေးတယ်။ ပကတိဘုရင်စနစ်မှာ ဘုရင်ကသာ အာဏာပိုင်ဖြစ်ပြီး စည်းမျဉ်းခံဘုရင်စနစ်မှာတော့ဘုရင့်အာဏာကို ဥပဒေနဲ့ကန့်သတ်ထားပါတယ်။ ခေတ်မီတဲ့ဂရိတ်ဗြိတိန်လိုနိုင်ငံတွေမှာတော့ စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးကြပါသေးတယ်။ မြန်မာနိုင်ငံမှာလည်း ဘုရင်စနစ်ဟာ နှစ်ပေါင်းအတော်ကြာကြာ ထွန်းကားခဲ့ပါ‌တယ်။ ဘုရင်စနစ် ‌ဘယ်လောက်ပဲရှေးကျကျ မြန်မာနိုင်ငံမှာ အထိုက်အလျောက်တော့တိုးတက်ခဲ့ပါသေးတယ်။

ဒါဆို ကျွန်တော်တို့တွေ ဘာကြောင့် မင်း သို့မဟုတ် ဘုရင်ကို ရန်သူအဖြစ် သတ်မှတ်ထားကြသလဲ။ ရန်သူဆိုတဲ့သဘောဟာ ကိုယ့်အပေါ်ကို ညှင်းဆဲမယ်၊ သတ်ဖြတ်မယ်၊ ရန်လိုမယ်၊ ဖျက်ဆီးမယ်၊ စိတ်‌ရောကိုယ်ပါမချမ်းသာအောင်လုပ်မယ်။ တိုင်းပြည်အုပ်ချုပ်မယ့်ရှင်ဘုရင်က မသင့်တော်တဲ့အာဏာနဲ့ဥပဒေကို ချမှတ်ပြီး ပြည်သူကို ရန်သူလို့ဆက်ဆံရင် ရန်သူလို့မှတ်ထိုက်ပါတယ်။ တကယ်လို့ အလှူပေးခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ ဖြောင့်မတ်ခြင်း၊ နူးညံ့ခြင်း၊ ရှစ်ပါးသီလဆောက်တည်ခြင်း၊ အမျက်မထွက်ခြင်း၊ ပြည်သူတို့ကို မညှဉ်းဆဲခြင်း၊ သည်းခံခြင်း၊ ပြည်သူတို့နဲ့မဆန့်ကျင်ခြင်းစတဲ့ မင်းကျင့်တရား(၁၀)ပါးကို လိုက်နာဆောင်ရွက်ရင်တော့ရန်သူလို့ မသတ်မှတ်နိုင်တော့ပါဘူး။ နူး‌ညံ့ဖြောင့်မတ်ခြင်းမရှိဘဲ ပြည်သူကိုနှိပ်စက်မယ်၊ ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး အာဏာကို အလွဲသုံးစားလုပ်မယ်ဆိုရင်တော့ အာဏာရှင်ဆန်တဲ့အုပ်ချုပ်မှုသာ ဖြစ်ပါတယ်။ အဲဒီလို အာဏာရှင်ဆန်တဲ့စနစ်မျိုး၊ လုပ်ရပ်မျိုးကို ဘုရင်စနစ်ကျင့်သုံးတဲ့အချိန်သာမက ကြမ်းတမ်းတဲ့စစ်ခေါင်းဆောင်တွေကြီးစိုးတဲ့အချိန်မှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကမ္ဘာ့သမိုင်း၊

မြန်မာ့သမိုင်းအစုံစုံအလင်လင်မှာ အာဏာသိမ်းမှုအမြောက်အမြားနဲ့ ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့ကြပြီးပါပြီ။ ယခုမြန်မာနိုင်ငံ အာဏာသိမ်းမှုကတော့ တတိယအကြိမ်လို့‌ဆိုနိုင်ပေမယ့် နှစ်ပေါင်းများစွာ စစ်ကျွန်သက်ရှည်ရှည်နဲ့အမျိုးမျိုးဖိနှိပ်ခံခဲ့ရပါတယ်။

ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွတ်ဆန္ဒပြနေကြပေမယ့် စစ်ခေါင်းဆောင်ကြီးတွေဘက်ကတော့ ဒီမိုကရေစီဆိုတဲ့စကားလုံးကို ထပ်ခါထပ်ခါ လူကြားကောင်းအောင်ပြောနေပါတော့တယ်။ ဒီမိုကရေစီဆိုတဲ့စာလုံးကိုတောင် လိုက်ဖျက်နေတဲ့သူတွေဟာ ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ်ဆိုတော့ ရွာထဲကအမေကြီးတွေပြောသလို ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေပေါ့ဗျာ။ ဒီမိုကရေစီဆိုတာဘာလဲသိဖို့ ပြန်‌သင်ပေးရမယ့် ပုံပါပဲ။ ဒီမိုကရေစီဆိုတာ ဒီမိုကရက်တိုစ်ဆိုတဲ့ဂရိဘာသာစကားက ဆင်းသက်လာပြီး ဒီမို(Demos) ပြည်သူနဲ့ ကရက်တိုစ်( Kratos) အာဏာဆိုတဲ့အဓိပ္ပာယ်ဆောင်ပါတယ်။ အနှစ်သာရမှာ ပြည်သူ့ထံမှဆင်းသက်တဲ့အာဏာဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံပေါ့။ ဒီမိုကရေစီကို ဖော်ဆောင်ချင်ရင် အရင်ဆုံး ပြည်သူ့အသံကို နားထောင်ဖို့လိုပါလိမ့်မယ်။ အာဏာရှင်စနစ်မှာတော့ အမိန်လို့ခေါ်တဲ့ရာဇသံသာ ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအမိန့်တွေ ဥပဒေတွေဟာ ပြည်သူကို မကာကွယ်ဘဲ ထွက်ချင်သလိုထွက်လာရင် ဒီမိုကရေစီဘယ်ခေါ်ပါ့မလဲ။ ပါးစပ်ကဒီမိုကရေစီပြောပြီး လုပ်ရပ်ကအာဏာရှင်ဆန်နေရင် ဒီမိုကရေစီဘယ်ဖြစ်ပါ့မလဲ။ ဒီမိုကရေစီမှာ ပြည်သူ့အသံသာရှိတယ်။ ရာဇသံဆိုတာ မရှိသင့်ဘူး။

အမိန့်တွေဟာ လူသားတစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့်ကို အနှောင့်အယှက်ဖြစ်တယ်ဆိုရင် ပြည်သူ့အသံကိုနားထောင်ပြီး ဖျက်သိမ်းပေးရပါမယ်။ ဒီမိုကရေစီရဲ့အခြေခံသဘောတရားဟာ စိတ်ဓာတ်ရေးရာအမူအကျင့်ဖြစ်ပြီး လူထုအပေါ် လေးစားမှုသာဖြစ်တယ်။ လူတစ်ဦးချင်းစီရဲ့အခွင့်အရေး၊ လူထုရဲ့အခွင့်အရေးကို လိုက်နာခြင်း၊ ကာကွယ်ပေးခြင်းဟာ ဒီမိုကရေစီရဲ့လမ်းစဉ်ဖြစ်တယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ ‌ဝေဖန်ခွင့်၊ ပုံနှိပ်ထုတ်ဖော်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်တွေ ပေးရမှာဖြစ်ပြီး လူကို သတ်ချင်တိုင်းသတ်လို့မရဘူး၊ ဖမ်းဆီးချုပ်နှောင်ချင်သလို ချုပ်နှောင်လို့မရပါဘူး။ လူအခွင့်အရေးတွေကို ဖောက်ဖျက်နေတယ်ဆိုရင် ဘယ်လောက်ပဲဒီမိုကရေစီလို့ပြောပြော ယုံချင်စရာမရှိပါဘူး။ အာဏာရှင်စနစ်သာဖြစ်တယ်။ အာဏာရှင်စနစ်မှာ အာဏာရှင်ဟာ ဥပဒေကို ပြင်ချင်သလိုပြင်တယ်၊ ထုတ်ချင်သလိုထုတ်တယ်။ ပြည်သူ့အကျိုးကိုမကြည့်ဘဲ ကိုယ့်အကျိုးကို ကြည့်တဲ့အတ္တဝါဒကို ပုံဖော်သူသာဖြစ်တယ်။ အာဏာရှင်ဟာ အာဏာရှင်သန်ဖို့ပဲ ဂရုစိုက်မှာဖြစ်လို့ သူသာအာဏာအရှိဆုံး၊ သူသာလုပ်ပိုင်ခွင့်အရှိဆုံးလို့ ယူဆတယ်။ အာဏာရှိတဲ့သူ၊ ရာထူးကြီးတဲ့သူကို လက်အောက်ငယ်သားက ကြောက်ရမယ်လို့ ဝါဒမှိုင်းတိုက်ထားမယ်။ အကြောက်တရားကို ရိုက်သွင်းထားကြလိမ့်မယ်။

ဒီမိုကရေစီစနစ်မှာတော့ ရာထူး၊ အာဏာ၊ ပါဝါတွေကို ပဓာနမထားဘဲ လူကို လူလိုဆက်ဆံပါတယ်။ လူသားအဖြစ်နဲ့အသက်ရှင်နေတဲ့လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ မဆုံးဖြတ်ဘဲ ပကတိလူသားအဖြစ် လေးစားသမှုပြုပါတယ်။ ရာထူး၊ အာဏာကွာနေပေမယ့် အပြန်အလှန်လေးစားမှုပေးတယ်။ ဒီမိုကရေစီဟာ လူကို လူလိုဆက်ဆံတဲ့စနစ်သာဖြစ်တယ်။ အကြောက်တရားကို အားမပေးပဲ ပကတိရိုးသားမှုနဲ့ပွင့်လင်းမြင်သာမှုကို ဦးတည်တယ်။ လူမျိုး၊ ဘာသာ၊ ကျားမမခွဲခြားပဲ စည်းလုံးမှုကို ဖော်ဆောင်တယ်။ အာဏာရှင်စနစ်မှာတော့ လူထုစည်းလုံးမှုကို မလိုလားဘူး။ လူထုစည်းလုံးမှာကို‌ ကြောက်တယ်။ ဒါကြောင့် လူမျိုး၊ ဘာသာကို ကွဲပြားသွားအောင် ဝါဒမှိုင်းသွတ်သွင်းကြတယ်။ အဲဒီလို သွေးခွဲထားနိုင်မှ သူတို့အာဏာကို ကြာကြာတည်နိုင်မယ်။

ဒီတော့ အာဏာကိုအလွဲသုံးစားလုပ်တဲ့ဘုရင်စနစ်နဲ့ အာဏာရှင်စနစ်က ဘုရင်တွေ၊ အာဏာရှင်တွေဟာ လူထုရဲ့ဆန္ဒ၊ ဘ၀ကို ဖျက်ဆီးမယ့် ရန်သူစစ်စစ်သာဖြစ်ပါတယ်။ စစ်မှန်တဲ့ဒီမိုကရေစီစနစ်မှ လူထုဆန္ဒနဲ့ ခေါင်းဆောင်လုပ်ရမယ့် သမ္မတကတော့ ရန်သူမဟုတ်ဘူးဆိုတာ သတိချပ်ရပါမယ်။ ဒီမိုကရေစီစနစ်မှာ လူတန်းစားခွဲခြားမှုမရှိ၊ ဖိနှိပ်သူ၊ အဖိနှိပ်ခံမရှိ အားလုံးဟာ လေးစားတန်ဖိုးထားရဲ့မယ့် လူ့လောကသားတွေသာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဟာ အာဏာရှင်စနစ်လိုမဟုတ်ဘဲ လူထုထဲကပြည်သူဟာ ပြည်သူကို ကာကွယ်ဖို့အတွက် ပြည်သူ့ကိုယ်စားတာ၀န်ယူပေးတဲ့နိုင်ငံ၀န်ထမ်းအဖြစ် ရွေးချယ်တဲ့စနစ်သာဖြစ်တယ်။ အီဘရာဟင်လင်ကွန်းရဲ့အဆိုအရ ဒီမိုကရေစီဆိုတာ ပြည်သူတွေက ပြည်သူတွေနဲ့ပြည်သူတွေအတွက်လုပ်တဲ့နိုင်ငံရေးဖြစ်တယ်။ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ပြည်သူ့အကျိုးအတွက်ဖြစ်တယ်။ ကိုယ့်အကျိုးအတွက် အဖွဲ့အစည်းတစ်ခုကို ချမနင်းဘဲ တိုင်းပြည့်အနာဂတ်အတွက် ကြိုးစားဖော်ဆောင်ပေးတယ်။

ဒါကြောင့် အာဏာရှင်စနစ်နဲ့ဒီမိုကရေစီစနစ် ကွဲပြားတယ်ဆိုတာ အသိသာကြီးပါ။ ဘယ်သူရဲ့လုပ်ရပ်ဟာ အာဏာရှင်လုပ်ရပ်လဲဆိုတာ အမြင်ကိုကြည့်ရုံ၊ လုပ်ရပ်ကိုကြည့်ရုံ၊ ထုတ်လိုက်တဲ့ဥပဒေတွေကို ကြည့်ရုံနဲ့သိပါတယ်။လုပ်ရပ်ဟာ အာဏာရှင်ဆန်ပြီး ဒီမိုကရေစီ‌ဖော်ဆောင်မယ်လို့ထုတ်ပြောနေတော့ ဒီမိုကရေစီကိုပဲ နားမလည်တာလား၊ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးစပ်အာသာပြေလိမ်နေသလားဆိုတာ စဉ်းစားချင်စရာပါပဲ။ ဒီမိုကရေစီရဲ့အနှစ်သာရကို သဘောကျလို့ပဲဖော်ဆောင်ဖော်ဆောင်၊ လူကြားကောင်းအောင်ပဲ ပြောပြော အာဏာရှင်တွေရှိနေတဲ့တိုင်းပြည်မှာ ဒီမိုကရေစီဖော်ဆောင်ဖို့မပြောနဲ့ ‌ကတ္တရာလမ်းပေါ်မှာ We Want Democracy လို့ ရေးရင်တောင် လွတ်လွတ်လပ်လပ်ရေးလိုမရတဲ့နိုင်ငံပဲဖြစ်ပါလိမ့်မယ်ဆိုတာ အာဏာရှင်ရဲ့အပေါင်းအပါလူကြီးမင်းများနဲ့ အာဏာရှင်ကိုအား‌ပေးနေတဲ့ပညာတတ်လူမိုက်ကြီးတွေကိုလည်း သိစေချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly