‘ငါတို့ တစ်နေ့ နိုင်ရမယ်’၊ ဆန္ဒပြမှုများနှင့် တစ်သားတည်းရှိကြောင်း မီးထွန်းဆုတောင်းပွဲ

By Nagaland Express
19 March 2021
‘ငါတို့ တစ်နေ့ နိုင်ရမယ်’၊ ဆန္ဒပြမှုများနှင့် တစ်သားတည်းရှိကြောင်း မီးထွန်းဆုတောင်းပွဲ

မတ် ၁၉

‘ငါတို့ တစ်နေ့ နိုင်ရမယ်’ ဆိုသည့် သီချင်း သီဆိုရင်း မြန်မာဆန္ဒပြပွဲများကို အားပေးသည့် ကြွေးကြော်သံများဖြင့် ဖယောင်းတိုင်မီးထွန်း ဆုတောင်းဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို အိန္ဒိယနိုင်ငံ နာဂပြည်နယ် ဒီမာပူးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

စူပါမားကက်တစ်ခုရှေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဖယောင်းတိုင် မီးထွန်း ဆန္ဒထုတ်ဖော်မှုတွင် စစ်တပ်နှင့် ရဲတို့၏ ဖြိုခွင်းမှုများအတွင်း ကျဆုံးခဲ့ရသူများအတွက် တစ်မိနစ် ငြိမ်သက်ကာ အလေးအမြတ်ပြုခဲ့ကြသည်။

The Garden အဆောက်အအုံ ဥပစာတွင် မတ် ၇ ရက် ညပိုင်းက ပြုလုပ်သည့် အဆိုပါ ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်မှု၌ နာဂစွန့်ဦးလုပ်ငန်းရှင် Kevitho Kera က မီဒီယာနှင့် အင်တာနက်တို့ကိုပါ တင်းကြပ်ထားသည့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဖြစ်အပျက်များကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။

ထိုသို့ ပြောဆိုရာ၌ ‘အရာရာ အဆင်ပြေသွားမှာပါ’ ဆိုသည့် အင်္ဂလိပ်စာတန်းပါ တီရှပ်ဝတ် အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးမှုသည် မိမိတို့ အားလုံးနှင့် သက်ဆိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

စစ်တပ်က ကျူးလွန်သော ရာဇဝတ်မှုများအတွက် စိတ်မကောင်းဝမ်းနည်းရကြောင်းကို ပြသရန် ယခုကဲ့သို့ စုရုံးခြင်းဖြစ်သည်ဟု Tenyimi Students’ Union Dimapur (TSUD) ၏ ဥက္ကဋ္ဌဖြစ်သူ Rukewezo Wetsah က ပြောသည်။

ယခုကဲ့သို့သော မတရားမှုများကို မြန်မာနိုင်ငံသာမဟုတ် ကမ္ဘာပေါ်ရှိ လူသားများအားလုံး သည်းခံလိမ့်မည်မဟုတ်ဟု Wetsah က ပြောပြီး ဒီကနေ့တင်မက လာမည့် ရက်များတွင်လည်း ပြည်သူများသည် မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမများနှင့် တစ်သားတည်းရှိနေလိမ့်မည်ဟု ၎င်းက ဆိုသည်။

“ဒီအရပ်မှာ အခု ဆန္ဒပြမှုက မပြောပလောက်ဘူးလို့ တစ်ချို့က ထင်ကောင်းထင်မယ်၊ ဒါပေမယ့် အကြမ်းဖက်မှုတွေကို ရှုတ်ချတဲ့ ဘယ်လို လုပ်ရပ်မျိုးမဆိုဟာ ဘယ်တော့မှ မသေးငယ်ဘူး”ဆိုပြီး TSUD ဥက္ကဋ္ဌက ပြောသည်။

‘PrayforMyanmar’ နှင့် ‘YouareNotAlone’ ဆိုသည့် စာသားများကို hashtags ခံပြီး လူမှုမီဒီယာများပေါ် တင်ကြကာ သွေးစည်းညီညွတ်မှုကို ပြသကြရန် လူအုပ်အား ၎င်းက တိုက်တွန်းခဲ့သည်။

အဆိုပါ မီးထွန်းဆန္ဒဖော်ထုတ်မှုအတွင်း မြန်မာစစ်တပ်၏ အာဏာရှင်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြခြင်းသည် မြန်မာပြည်သူများအတွက် ယခုအကြိမ်က ပထမဆုံး မဟုတ်ကြောင်း Dimapur Naga Students’ Union (DNSU) ဥက္ကဋ္ဌဖြစ်သူ Sedevilie Angami ကလည်း ပြောသည်။

မြန်မာသည် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြောင်း၊ အာဏာသိမ်းအကြမ်းဖက်မှု သမိုင်းရှိထားသော်လည်း ယနေ့ အခြေအနေသည် တစ်နိုင်ငံလုံး စိုးရိမ်ပူပန်မှု ဖြစ်လာပြီဖြစ်ကြောင်း Angami က ဖြည့်စွက်ဆိုသည်။

လက်နက်မဲ့ ဆန္ဒပြသူများကို စစ်တပ်က လက်နက်များ သုံးပြီး တန်ဖိုးရှိသော အသက်များကို သတ်ဖြတ်နေခြင်းသည် လူ့အခွင့်အရေးအား ကြီးမားစွာ ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုနှင့် မခြားဘူးဟုလည်း Angami က ထပ်လောင်းပြောသည်။

“နိုင်လိုမင်းထက် ညှဥ်းပန်းတဲ့ အုပ်ချုပ်ရေးမျိုးကို ဆန့်ကျင်တဲ့ နိုင်ငံတိုင်းအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြသင့်တယ်၊ ဒီမိုကရေစီဟာ ပန်းတိုင်မဟုတ်ဘူး၊ ခရီးလမ်းကြောင်းဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။

နာဂဒေသ အဓိကအတိုက်အခံပါတီဖြစ်သည့် Naga People’s Front (NPF) က မြန်မာနိုင်ငံရှိ နာဂများနှင့် စည်းလုံးညီညွတ်မှုကို ပို၍ ပြသခဲ့ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာတွင် ၎င်းတို့က အပြည့်အဝ ထောက်ခံမည်ဖြစ်ကြောင်းကိုလည်း အာမခံခဲ့သည်။

“ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖယ်ရှားပြီး အစိုးရနေရာ ရယူခဲ့သည့် စစ်အာဏာသိမ်း အုပ်ချုပ်မှု စတင်ချိန်မှစကာ ဖြစ်ပွားပေါ်ပေါက်နေသော မတည်မငြိမ်မှု အခြေအနေအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း” NPF က ထုတ်ပြန်သည်။

“စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုအတွင်း အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးနေကြရတယ်”ဟု ယင်း ပါတီက ဆိုသည်။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် အာဏာရှင်အုပ်ချုပ်ရေးကို ဆန့်ကျင်သော သဘောထားအမြင်များ ဖော်ထုတ်ခြင်းဖြစ်စေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်စေ ဒီမိုကရေစီစံနှုန်းများကို သက်ဝင်ယုံကြည်ကြောင်း NPF က ဆိုသည်။

“မည်သည့် ယဉ်ကျေးသော ကမ္ဘာတွင်မဆို လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းပတမ်း အင်အားမသုံးသင့်ဟု ပါတီအနေဖြင့် အလေးအနက် ခံယူထားကြောင်း”လည်း ဖြည့်စွက်ဆိုသည်။ စစ်အာဏာသိမ်းခေါင်းဆောင်များကြားတွင် ဆင်ခြင်တုံတရား ရလာပြီး အပြစ်မဲ့ ဘဝများ ဆုံးရှုံးမရှိဘဲ ငြိမ်းချမ်းရေးအငွေ့အသက်များ ယှက်သန်းလာမည်ဟု မျှော်လင့်ထားကြောင်းလည်း NPF က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly